Never Say Die |
အခန်း
၅နာရေးအစီအစဉ်
ဖျက်လိုက်ရပြီThe Canceled Funeral၁၉၇၄
ဒေးဗစ်က
ကျမ်းစာကောက်ကိုင်ဖူးသူ မဟုတ်ဘူး။ ဒါပေမယ့် ရှင်လုကာ ခရစ်ဝင်ကျမ်း ၂၃ ကို
ဖတ်လိုက်ချိန်မှာ တွေ့လိုက်ရတဲ့ အကြောင်းအရာက သူ့အတွက် စိတ်ဝင်စားစရာကောင်းလာတယ်။
“ထိုအခါ ကိုယ်တော်နှင့်အတူ
လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ၏။ ကရာနိ အမည်ရှိသော
အရပ်သို့ရောက်သော် ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော်ဘက်၌ တယောက်၊
လက်ဝဲတော်ဘက်၌ တယောက် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ယေရှုကလည်း၊ အိုအဘ
သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုတို့ကို မသိကြဟု
မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။ လူများတို့သည်လည်း
ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတပါးတို့ကို
ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူ မှန်လျှင် ကိုယ်ကို
ကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။ စစ်သူရဲတို့သည်လည်း လာ၍ ပုံးရည်ကိုကပ်ပေးလျက်၊
သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ ဟူ၍ ပြက်ယယ်ပြုလျက်
ဆိုကြ၏။ ခေါင်းတော်ပေါ်မှာ တပ်၍
အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက် ဟူမူကား ဤသူသည် ယုဒရှင်ဘုရင်ပေတည်း ဟု
ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။ ဆွဲထားသော
လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊
ငါတို့ကို၎င်း ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။ တယောက်မူကား
မိမိအဘော်ကို ဆုံးမ၍၊
သင်သည် ဤသူနည်းတူ အပြစ်ဒဏ် ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတို့သည်
ကိုယ်ပြုမိသောအပြစ်နှင့် အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကား
အဘယ်အပြစ်ကိုမျှ မပြုဟု ဆိုပြီးလျှင်၊ သခင် ကိုယ်တော်သည် နိုင်ငံတော်တည်လျက်
ကြွလာတော်မူသောအခါ အကျွန်ုပ်ကို
အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။
ယေရှုကလည်း ငါအမှန်ဆိုသည်ကား ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌
အတူရှိလိမ့်မည် ဟု မိန့်တော်မူ၏။”
လုကာ ၂၃း၃၂ – ၄၃
ဖတ်ပြီးတဲ့အခါ
ဒေးဗစ် စဉ်းစားကြည့်တယ်။ “မင်းဟာ အဲဒီလူဆိုးပဲ” ဆိုတဲ့အသံ သူ့အထဲမှာ တိုးတိုးကလေး
ကြားလာရတယ်။ “ဘုရားမကြိုက်၊ လူမကြိုက်တဲ့ ပုံစံနဲ့ မင်း အသက်ရှင်ခဲ့ပြီ။ မင်းလည်း
အဲဒီလူဆိုးလိုပဲ။”
ဒေးဗစ် ရုတ်တရက်
တုန်လှုပ်သွားတယ်။ “ဟုတ်သလား?” သူ့စိတ်အတွေးတွေက
အရင် နှစ်ကာလတွေဆီ
ပြန်ရောက်သွားတယ်- အရက်သောက်၊ ရန်ဖြစ်၊ ဖဲရိုက်၊ ဆေးစွဲ၊ ငွေညှစ်၊
မိန်းမကိုရိုက်…… မင်းဟာ အဲဒီလူဆိုးလိုပဲ ကိုယ့်အပြစ်နဲ့ကိုယ် ခံနေရတာ လို့
အတွင်းမှာ အသံက ဆက်ပြီး အပြစ်တင်နေတယ်။
မှန်တယ်။
သူမငြင်းနိုင်ဘူး။ ဥပဒေမဲ့ နေခဲ့ပြီး အပြစ်ဒဏ်မခံရအောင် ရှောင်တိမ်းနိုင်ခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့မကောင်းမှုတွေက သူ့ကို အခု ဖမ်းမိထားပြီ။ သူ့ကိုယ်သူတော့
သူရဲကောင်းပေါ့။ ဒါပေမယ့် တရားဥပဒေရှေ့မှာ၊
ဘုရားသခင်ရှေ့မှာ
လူဆိုးတယောက်ပဲ။ နိမ့်ကျ၊ ညစ်ညမ်း၊ ဆေးစွဲနေတဲ့ လူဆိုးတယောက်ပဲ။
ရုတ်တရက်
ဒေးဗစ်ရင်ထဲမှာ ဟာသွားတယ်။ ကောင်းကင်နဲ့ မြေကြီးကြားမှာ သူ့အကျင့်ဆိုးတွေ
ဖွင့်ချထားသလို ခံစားရတယ်။ ဒီလိုအရင်က တခါမှ မခံစားဖူးဘူး။ အနိုင်ကျင့်ရင်း မာနတက်လာတယ်။ ရမ်းကားရင်း အကြွားသန်ခဲ့တယ်။
ဒါပေမယ့် အခုတော့ သမ္မာကျမ်းစာထဲက အဖြစ်အပျက်ကို ဖတ်မိတာနဲ့ သူ့ကိုယ်သူ
အကောင်းထင်နေတာတွေ ရုတ်တရက် လွင့်ပါးသွားတယ်။ သူဘယ်လိုလူ ဆိုတာ သိမြင်လာတယ်။
ကိုယ့်ကိုကိုယ်လည်း မကြိုက်ချင်တော့ဘူး။
ဘုရားမကြိုက်၊
လူမကြိုက်တဲ့ပုံစံနဲ့ အသက်ရှင်ခဲ့ပြီးပြီ။ ငါ့မကောင်းမှုတွေက ငါ့ကို ဖမ်းမိနေပြီ။ ငါ့အပြစ်နဲ့
ငါခံနေရပြီ။
ဒီလိုခံစားနေရတာကို
မကြိုက်ဘူး။ ဆေးရုံကုတင်ပေါ်မှာ တယောက်တည်း လှဲလျောင်းနေရင်း ဘဝ နောက်ဆုံးချိန် ရောက်လာပြီ။ အပြစ်နဲ့
ကိုယ့်ကိုကိုယ် မကျေနပ်တဲ့ ဝေဒနာကို ရုတ်တရက် ခံစားရတယ်။ တအား
စိတ်ဓါတ်ကျတယ်။ သေရင်ဘာဖြစ်မလဲ သိလာတယ်။ ဒါဟာ ဘဝမှာ ပထမဦးဆုံးအချိန်ပဲ။
သူကြောက်လာတယ်။
လွတ်ဖို့လမ်း
ရှိပါဦးမလား။ သူကျမ်းစာကို ဆက်ဖတ်လိုက်တယ်။ “ယနေ့တွင် သင်သည် ငါနှင့်အတူ
ပရဒိသုဘုံ၌ အတူရှိလိမ့်မည်” ဆိုတဲ့ သခင်ယေရှုရဲ့ ကားတိုင်ပေါ်က စကားတွေဟာ ရုတ်တရက်
မျှော်လင့်ချက်ရောင်ခြည် အဖြစ် ပေါ်ထွက်လာတယ်။ ဒါပေမယ့် ဒေးဗစ် စိတ်ရှုပ်သွားတယ်။
“သခင်ယေရှုက တကယ်ပြောတာလား။ လူဆိုးတယောက် ကောင်းကင်ရောက်နိုင်သလား။”
အပြစ်ပေးခံထိုက်တဲ့ လူဆိုးတယောက်ကို ကောင်းကင်ဝင်ခွင့်လက်မှတ် အခမဲ့ ပေးတယ်ဆိုတာ
နားလည်ရခက်ပါလား။
အဖြေရဖို့
ဒီကျမ်းပိုဒ်ကို သေသေချာချာ ပြန်ဖတ်လိုက်တယ်။ သိလိုက်ရတာကတော့ လူဆိုးဟာ မသေခင် အချိန်ကလေးအတွင်းမှာ
သခင်ယေရှုထံ ချဉ်းကပ်တာပဲ ဖြစ်တယ်။ “သခင် ကိုယ်တော်သည် နိုင်ငံတော်တည်လျက်
ကြွလာတော်မူသောအခါ အကျွန်ုပ်ကို
အောက်မေ့တော်မူပါ။” ဒါလေးပဲ။ ဘာမှမလိုဘူး။ ငါလည်း ဒါလေးပဲ လုပ်ရမှာလား?
အမေပြောဖူးတဲ့စကားကို
ရုတ်တရက် မှတ်မိလာတယ်။ “ယုံကြည်ရုံလေးပါပဲ သားရယ်” အမေ born again ခရစ်ယာန် ဖြစ်ပြီးကတည်းက သူ့သားတယောက်
သခင်ယေရှုကို ယုံကြည်ဖို့ အမေ ကြိုးစားတယ်။ ဒါပေမယ့် အမေ ဒီအကြောင်း ပြောတိုင်း
သားက ပါးစပ်ပိတ်ခိုင်းတယ်။ “ခင်ဗျားတို့ ဘာသာရေးအကြောင်းတွေ ကျွန်တော့ကို အတင်း
သွတ်သွင်းဖို့ မကြိုးစားနဲ့။” ယုံကြည်ဖို့
နားပူနားဆာလုပ်တဲ့ အမေမျိုး မလိုချင်ဘူး။
အိမ်ထောင်ကျပြီးတော့လည်း
သူနဲ့ကေသီအတွက် အမေက ပုံမှန် လာဆုတောင်းပေးတယ်။ ဒေးဗစ်က အမြဲတမ်း ရှောင်တယ်။
ဒါပေမယ့် ကေသီကတော့ အမေပြောသမျှ သေသေချာချာ နားထောင်တယ်။
အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ သခင်ယေရှုကို ယုံကြည်ဖို့ ကေသီ ဆုံးဖြတ်လိုက်တယ်။
နှစ်ခြင်းခံတယ်။ “ကောင်းကွာ ခုတော့ အိမ်မှာ ငါ့ကို တရားဟောမယ့်ဆရာ
နှစ်ယောက်ဖြစ်ပြီပေါ့။” သူအပြစ်တင်ခဲ့တယ်။ ဒေးဗစ် ပြန်မှတ်မိတယ်။ သူ
အိမ်ပြန်နောက်ကျချိန်တွေမှာ အမေနဲ့ကေသီ ဒူးထောက်ပြီး သူ့အတွက် ဆုတောင်းပေးခဲ့တယ်။
ဒါမျိုးမြင်ရင် သူစိတ်ညစ်တယ်။
မူးယစ်ဆေး စွဲသထက်
စွဲလာတော့ ကေသီက သူ့ကို တိုက်တွန်းတယ်။ “အခုချိန်ဟာ သခင်ယေရှုကို ယုံကြည်ဖို့
အရေးအကြီးဆုံး အချိန်ပဲ။ ပြောင်းလဲတော့” သူကတော့ အမြဲတမ်း ပြန်ပက်တတ်တယ်။
“ဘာသာရေးအကြောင်းတွေ လာမပြောနဲ့။ မာမီပြောလည်း
မရဘူး။ မင်းပြောလည်း ရမှာမဟုတ်ဘူး။”
အဲဒီတုန်းကပေါ့
သူ့ကိုယ်သူ တလောကလုံးကို အောင်နိုင်တယ်လို့ ထင်နေတယ်။ ဒါပေမယ့် အခုတော့
ရက်ပိုင်းအတွင်း သေတော့မယ်။ ကူဖို့ကယ်ဖို့ လိုလာပြီ။ “ယုံကြည်ရုံလေးပါပဲ သားရယ်”
အမေ့စကားတွေက သူ့နှလုံးသားထဲကို ကြည်ကြည်လင်လင် ဝင်လာတယ်။ ကိုယ်သွားထိုက်တဲ့
ငရဲကနေ ကယ်ဖို့ ကားတိုင်မှာ အသေခံတဲ့ သခင်ယေရှုကို ယုံကြည်ပါ။ အမေ့တရားစကား
ပြန်ကြားလာတယ်။ ကေသီ မျက်ရည်ကျပြီး တောင်းပန်တာတွေ ကြားလာတယ်။ ဒါပေမယ့် ဘုရားသခင်က
သူ့ကို ခွင့်လွှတ်ပါ့မလား၊ လက်ခံပါ့မလား။
သခင်ယေရှုက
အဲဒီလူဆိုးကို ကောင်းကင်ဝင်ခွင့်ပေးရင် ငါ့ကိုလည်း ကယ်နိုင်မှာပဲ။
ဘုရားတရားနဲ့ပတ်သက်လို့ သူ့မှာ အချိန်သိပ်မရှိတော့ဘူးဆိုတာ ဒေးဗစ်သိတယ်။
တိုးတိုးကလေး ဆုတောင်းလိုက်တယ်။ “သခင်ယေရှု ကျွန်တော် မှားသွားပြီ။ တသက်လုံး
အဆိုးတွေချည်းပဲ လုပ်ခဲ့မိပြီ။ ခွင့်လွှတ်တော်မူပါ။ နိုင်ငံတော်တည်ဖို့
ကြွလာတဲ့အခါ ကျွန်တော့ကို အောက်မေ့တော်မူပါ။”
အဲဒီနေ့ဟာ ၁၉၇၄ ခု
ဩဂုတ်လ ၅ ရက်နေ့ဖြစ်တယ်။ ဒေးဗစ်ရင်ထဲမှာ ငြိမ်သက်ခြင်း အကြီးအကျယ် ခံစားရတယ်။ သိပ်ထူးခြားတဲ့
တန်ခိုးတော်ဟာ သူ့ကိုယ်ခန္ဓာကို သက်ရောက်လာတယ်။ သူ့ဆုတောင်းချက်ကို သခင်ယေရှု
အဖြေပေးလိုက်ပြီလို့ သိလိုက်တယ်။ ချက်ချင်းပဲ လူနာကုတင်ပေါ်က ခုန်ဆင်းပြီး
အော်ဟစ်လိုက်တယ်။ “Praise the Lord” “ကျေးဇူးတော်ပဲ”
အခန်းထဲက တခြားလူနာတွေ သူ့ကို ကြောင်ကြောင်တောင်တောင် လှမ်းကြည့်ကြတယ်။
စိတ်ဖေါက်သွားပြီလား လို့ ထင်ကြတယ်။
“ကျေးဇူးတော်ပဲ၊
သခင်ယေရှုခရစ် ငါ့ကို အခုပဲ ကယ်လိုက်ပြီ။” စိတ်လှုပ်ရှားစွာနဲ့ အခန်းထဲကလူတွေကို
အော်ပြောလိုက်တယ်။
စင်္ကြလမ်းပေါ်က
သူနာပြုတယောက်က သူ အခန်းထဲမှာ
လမ်းလျှောက်နေတာကို မြင်တော့ အံ့ဩသွားတယ်။ အိပ်ရာထဲမှာ လဲနေတဲ့လူနာက ရုတ်တရက်
ထရပ်ပြီး လမ်းတွေလျှောက်နေပါလား။ ချက်ချင်းအခန်းထဲ ပြေးဝင်လာပြီး ကုတင်ပေါ်
ပြန်လှဲဖို့ ပြောတယ်။
“ဟင့်အင်း
ကျွန်တော်နေကောင်းသွားပြီ” ဒေးဗစ်က သူ့စကားနားမထောင်ပဲ ပြန်ရှင်းပြတယ်။
သူနာပြုဆရာမက
သူနာပြုဆရာမကြီးကို ခေါ်ဖို့ အပြင်ထွက်သွားတယ်။ ဆရာမကြီး ဝင်လာပြီး ဒေးဗစ်ကို
အိပ်ရာမှာ ပြန်နေခိုင်းတယ်။
“တကယ်ပါ၊
ကျွန်တော်နေကောင်းသွားပြီ။ ကျွန်တော် အတော်နေကောင်းသွားပြီ။ လမ်းနည်းနည်း
လျှောက်ပါရစေ။”
ဆရာမကြီးက
တခြားသူနာပြုတွေကို တိုးတိုးလေး လှည့်ပြောလိုက်တယ်။ “ငါ့အထင်တော့ သေခါနီးလို့
ကယောင်ကတမ်း ဖြစ်နေတာပဲ။ တခါတလေ သေခါနီးမှာ ဒါမျိုးဖြစ်တတ်တယ်။ သူ့ကို
ပြန်လှဲသိပ်ဖို့ လိုတယ်။ မဟုတ်ရင် ဆရာဝန်ကြီး ငါတို့ကို ဆူနေမယ်။”
ဒါပေမယ့် ဒေးဗစ်က
ပြန်လှဲအိပ်လို့ မရဘူး။
နေကောင်းသွားပြီလို့ ဆေးရုံဝန်ထမ်းတွေ အံ့ဩသွားလောက်အောင် ဆက်ပြောနေတယ်။
အသားဝါရနေတဲ့ သူ့မျက်လုံးတွေ တနေ့ချင်းမှာပဲ ပြန်ဖြူလာတယ်။ အသည်းလည်း
မအောင့်တော့ဘူး။ ဆရာဝန် လာစစ်ဆေးတော့ နားလည်ရခက်လောက်အောင် ဒေးဗစ် ရောဂါ
ပျောက်ကင်းနေလို့ ဆရာဝန် ငိုင်သွားတယ်။
“ဒါ
သခင်ယေရှုကြောင့်ပဲ” ဒေးဗစ်က စိတ်လှုပ်ရှားစွာ ရှင်းပြတယ်။ “သခင်ယေရှု
ကျွန်တော့ကို ကယ်လိုက်တယ်။ ရောဂါလည်း ပျောက်စေတယ်။”
ရုတ်တရက်
ပြောင်းလဲသွားတဲ့ သူ့အဖြစ်ကို ရှင်းပြလို့မရနိုင်တာကြောင့် ဆရာဝန်တွေ ရှက်ပြုံးပဲ ပြုံးရတော့တယ်။
ဒေါ်အဲလိဇဘက်နဲ့
ကေသီ ရောက်လာချိန်မှာတော့ ဒေးဗစ် သူ့ဘာသာသူ လမ်းလျှောက်နေတာမြင်ပြီး
ထိတ်လန့်သွားကြတယ်။ ဒါပေမယ့် သူ့စကားကြောင့် ပိုပြီး မှင်သက်မိစရာ ဖြစ်သွားတယ်။ “မာမီနဲ့ ကေသီ ကျွန်တော်
သခင်ယေရှုထံ ဆက်ကပ်လိုက်ပြီ။ အကယ်ခံရပြီ။ ရောဂါလည်း ပျောက်ပြီ။ ကျွန်တော်
သခင်ယေရှုကို ယုံကြည်ဖို့ မာမီတို့
နှစ်အတော်ကြာ ကြိုးစားခဲ့ကြတာ ကဲ၊ အခုတော့
နှစ်ယောက်တယောက် ဆိုတော့ ကျွန်တော် ရှုံးပြီပေါ့။
အစမှာတော့
ဒေါ်အဲလိဇဘက်နဲ့ ကေသီက ဘာပြောရမှန်းမသိဘူး။ ဒေးဗစ် ပြောင်းလဲတာ တကယ်လား။
ညာနေပြန်တာလား။ အရင်တုန်းကတော့ အမေ့ထံက ပိုက်ဆံရဖို့ ခရစ်ယာန်ဖြစ်ဟန် ဆောင်တတ်တယ်။ အမေယုံသွားပြီဆိုရင်
ချွဲ့နွဲ့ပြီး ပိုက်ဆံတောင်းတယ်။ ပြီးရင်တော့ ဘာမှ မယုံတော့ဘူး။ ဒီတခါတော့
ဒေါ်အဲလိဇဘက်နဲ့ ကေသီဟာ ဒေးဗစ်ကိုယ်တိုင် ဝန်ခံလို့ စိတ်ဝင်စားရုံမက၊ ရောဂါပါ
ပျောက်နေတာကြောင့် အံ့အားသင့်နေရတယ်။ ဒါပေမယ့် မယုံနိုင်သေးဘူး။ ဒီလောက်တောင်
ဖြစ်လာမယ် လို့လည်း မယုံဘူး။
တပတ်အတွင်းမှာ
ဒေးဗစ်ရဲ့ကျန်းမာရေးက နေ့တိုင်းပုံမှန်တိုးတက်လာတယ်။ ရက်အနည်းငယ်ကြတော့
ဆရာဝန်ကြီးက ဒေါ်အဲလိဇဘက်နဲ့ ကေသီကို ပြောလာတယ်။ ဒေးဗစ်ရဲ့ အသည်းရောင်
အသားဝါရောဂါဟာ ဆေးပညာနဲ့ ရှင်းလို့ မရနိုင်ပေမယ့် အံ့ဩဖွယ်ရာ ထူးထူးဆန်းဆန်း
ပျောက်သွားပြီလို့ ဆိုတယ်။ ဒီစကားကြောင့် စိတ်လှုပ်ရှား တုန်လှုပ်သွားတယ်။
“ဒေးဗစ်မှာ အဲဒီလို ဖြစ်သွားတာလား။
ဘုရားရှင် အဲဒီလောက်တောင် ဖြစ်စေတာလား။”
တပတ်အတွင်း ဒေးဗစ်
ဆေးရုံက ဆင်းခွင့်ရတယ်။
သူရောဂါပျောက်ပုံက ဆေးပညာအရဆိုရင် အံ့ဩဖွယ်ရာ ဖြစ်ရပ်ပဲလို့
မှတ်ယူကြတယ်။ ဒေါ်အဲလိဇဘက်က သူ့သားကို အိမ်ပြန်ခေါ်လာတယ်။ ခြံထောင့်မှာချထားတဲ့
သစ်သားခေါင်းတလားကို မြင်တော့ ဒေးဗစ်လန့်သွားတယ်။ သူဆေးရုံတက်နေတုန်း အိမ်က
သူ့အကိုတစ်ယောက် သေတယ်လို့ ထင်တယ်။ ဒေးဗစ် မစဉ်းမစား ကောက်မေးလိုက်တယ်။ “အဲဒါ
ဘယ်သူ့အခေါင်းလဲ”
ဒေါ်အဲလိဇဘက်
မျက်ရည်နဲ့ဖြေတယ်။ “မင်းအတွက်လေ၊ ဆရာဝန်က ပြောတယ်။ မင်းတပတ်ပဲ နေရတော့မယ်တဲ့။
ဒါနဲ့ မင်းကို သင်္ဂြိုဟ်ဖို့
ပြင်ဆင်ထားရတာလေ။
ဒါပေမယ့် ကိစ္စမရှိဘူး။ မာမီ
အကုန်လုံး ဖျက်ပစ်လိုက်မယ်”
သူ့အတွက်ပြင်ထားတဲ့
အခေါင်းကိုကြည့်ရင်း အမေနဲ့ကေသီကို ပြန်ပြောမိတယ်။ “ဘုရားရှင် အံ့ဩဖွယ်ရာ
လုပ်ဆောင်ခဲ့တာပဲ။ ဒါတွေကို တခြားလူတွေကို ပြန်ပြောပြဖို့ လိုတာပေါ့။ ဒါမျိုး မကြုံဖူးဘူး။ ပြန်ပြောရင်
သူငယ်ချင်းတွေလည်း ယုံမှာမဟုတ်ဘူး။ သူတို့ကို လိုက်ရှာပြီး အနည်းဆုံးတော့
ငါမသေသေးဘူး။ အသက်ရှင်နေသေးတယ်လို့ ပြောပြရမယ်။” ဒေးဗစ်တယောက် ပြောင်းလဲသွားပြီ
ဆိုတဲ့သတင်းဟာ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဘယ်လောက် ဂယက်ရိုက်သွားမယ် ဆိုတာ လူနည်းနည်းလောက်ပဲ
ကြိုသိနိုင်ခဲ့ပါတယ်။
။
No comments:
Post a Comment