Never Say Die |
အခန်း
၃ကေသီKathy(၁၉၆၃-
၁၉၇၄)
ရုပ်က ချော၊
အားကစားသမားလည်းဖြစ်၊ အသံကလည်းချိုတော့ ဒေးဗစ်ဟာ ဆယ်ကျော်သက် အရွယ်မှာ ရိုမီယို
မင်းသားလေးလို ထင်ရှားလာတယ်။ အထက်တန်းကျောင်းကတည်းက မိန်းမချောလေးတွေနဲ့
သာယာနေတတ်ပြီ။ ရုပ်ရှင်နဲ့ ကပွဲတွေ သွားတိုင်း အသစ်တယောက် ထည်လဲတွဲတယ်။ စိတ်ကလည်း
အသစ်ရှာဖို့ပဲ စဉ်းစားနေတယ်။
တနေ့ ပါတီပွဲတခုမှာ
မိန်းကလေးနှစ်ယောက် အနားကဖြတ်သွားတဲ့အခါ မြင်မြင်ချင်း စွဲလန်းသွားတယ်။
ဖိလစ်ပိုင်ကလာတဲ့ ညီအစ်မနှစ်ယောက်လို့ သိရတယ်။ အကြီးက ကက်သလစ် မူလတန်း ကျောင်းဆရာမ။ အငယ်က
ကယ်ရိုလင်း၊ နိုက်ကလပ်အဆိုတော်။ နှစ်ယောက်လုံး ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေနဲ့
အာရှရုပ်ရှင်မင်းသမီးလေးတွေ အလားပါပဲ။သူတို့နှစ်ယောက်ရဲ့ အဓိက ကွာခြားချက်က
စိတ်သဘောထားပါပဲ။ ကယ်ရိုလင်းက ခပ်ရဲရဲ ခပ်သွက်သွက်။ ကေသီကတော့ အေးအေးဆေးဆေး
တည်တည်ငြိမ်ငြိမ်။
ဒေးဗစ်က
သူတို့အကြောင်း ပိုသိချင်တော့ ဆိုင်ကယ်နဲ့ သူတို့ကို အလည်ခေါ်တယ်။ သူတို့အရင်
တခြားမိန်းကလေး အတော်များများလိုပါပဲ။ ဒီညီအစ်မနှစ်ယောက်လည်း စတိုင်ကျတဲ့
ကောင်လေးရဲ့ စိတ်လှုပ်ရှားစရာ ဆွဲဆောင်မှုတွေကြားမှာ မျောပါသွားတယ်။ ဒါပေမယ့်
ဒေးဗစ်က ညီမထက် အစ်မကို ပိုသဘောကျတယ်။ သူကအေးဆေးပြီး အိမ်ထောင့်တာဝန်
နိုင်နင်းမယ့်သဘောရှိတယ်။ သူနဲ့ လျှောက်လည်တယ်။ မကြာပါဘူး။ ချစ်သွားကြတယ်။
လက်ထပ်ဖို့အထိ ပြောကြတယ်။
ဒါပေမယ့် ကေသီက
ဒီအကြောင်းကို မိဘနဲ့တိုင်ပင်တဲ့အခါ လုံးဝ သဘောမတူကြဘူး။ “သူက သမီးထက် နှစ်နှစ်ငယ်တယ်။
ပြီးတော့ ကောင်လေးက စိတ်မငြိမ်ဘူး။ အလုပ်လည်း မရှိဘူး။ မင်းကို ဘယ်လို
ရှာကျွေးမလဲ။” လို့ ကန့်ကွက်ကြတယ်။
ဒေးဗစ်ရဲ့မိဘတွေကလည်း
အာရှထုံးစံအတိုင်းပါပဲ။ အသက်ကြီးတဲ့မိန်းကလေးကို မယူဖို့ ကန့်ကွက်ကြတယ်။ ဒါပေမယ့်
မိဘစကားထက် ကိုယ့်စိတ်အလိုကို လိုက်ပြီး ခိုးပြေးကြတယ်။ မိဘတွေက အံ့အားသင့်ပြီး
နာကျည်းစိတ်ပျက်သွားတယ်။ ကေသီ့မိဘတွေက ပိုဆိုးပါတယ်။ အဲဒီနောက် ချက်ချင်းပဲ တရားဝင်လက်ထပ်ဖို့ရန်
မင်္ဂလာပွဲလေးကို ၁၉၆၃ ဇွန်လိုင် ၂၇ ရက်နေ့မှာ ကျင်းပတယ်။ နှစ်ဖက်မိဘတွေ မလာတော့
မင်္ဂလာပွဲကို ဒေးဗစ်ရဲ့အဒေါ်တွေက ဦးဆောင် လုပ်ပေးရတယ်။ သူက အသက် ၁၉ နှစ်
မပြည့်သေးဘူး။ မိန်းကလေးက ၂၁ နှစ်။
ကေသီ့အနေနဲ့
ဒေးဗစ်ကိုလက်ထပ်တဲ့အတွက် မယုံကြည်နိုင်လောက်အောင် အဖိုးအခတွေ ပေးဆပ်လိုက်ရတယ်။
လက်ထပ်ပွဲအပြီးနောက်ပိုင်းမှာ သတင်းစာတစောင်ယူလာပြီး ဒေးဗစ်ကို ပြတယ်။
“ကြည့်ပါဦး၊
ဖတ်ရတာ ကိုယ့်ကိုကိုယ်တောင် မယုံတော့ဘူး။” မျက်ရည်တွေဝဲကျရင်း ထောက်ပြလာတယ်။
သူ့မိဘတွေက သမီးအဖြစ်က စွန့်လွှတ်ကြောင်း၊ ကိုယ့်သဘောနဲ့ကိုယ် အိမ်ထောင်ပြုလို့
မိဘအရှက်ရကြောင်း သတင်းစာထဲမှာ ကြော်ငြာတယ်။
ကြော်ငြာဖတ်ပြီးတဲ့နောက်
ဒေးဗစ်က ကေသီ့ကို သိုင်းဖက်လိုက်တယ်။ “မပူပါနဲ့ အချစ်ရယ်” လို့ မျက်ရည်တွေကို
သုတ်ပေးရင်း ချက်ချင်း အာမခံတယ်။ “ကိုယ့်ကို လက်ထပ်လို့ မင်းဘာမှ စိတ်မညစ်ရဘူးလို့
ကိုယ်ဂတိပေးတယ်။ ကိုယ်အကုန် တာဝန်ယူတယ်။ စိတ်မပူပါနဲ့ကွာ။”
ပြောရတာ လွယ်ပါတယ်။
မကြာခင်မှာပဲ ဒေးဗစ်ဟာ လမ်းသရဲဖြစ်မှန်း ကေသီ သိသွားတဲ့အခါ အိမ်ထောင်သစ်ရဲ့
ပျော်ရွှင်မှုတွေလည်း ရုတ်တရက် ပျောက်ကွယ်ခဲ့ရတယ်။
လမ်းသရဲမှန်းသိရင် လက်မထပ်မှာစိုးလို့ လက်မထပ်ခင် ဒေးဗစ်က လိမ်ထားတယ်။ သိသွားတော့
လမ်းသရဲမလုပ်ဖို့ တောင်းပန်ရှာတယ်။
“ဆင်းရဲတာက
ကိစ္စမရှိပါဘူး။ အဲဒီငွေတွေလည်း မလိုချင်ဘူး။ လမ်းသရဲမလုပ်ပါနဲ့တော့။ ဒေးဗစ်ရယ်
ကျွန်မကို သနားပါနော်။”
ဒါပေမယ့် ဒေးဗစ်က
နှုတ်မရလောက်အောင် ကျွံနေခဲ့ပြီ။ အရက်နဲ့ဖဲကို စွဲနေရုံမျှမက ရန်ဖြစ်တာလည်း
အကျင့်ပါနေပြီ။ အပြစ်ထဲမှာ ထောင်ချောက်မိနေခဲ့ပြီ။ အရက်ဖိုးအတွက် (သို့)
ဖဲကြွေးဆပ်ဖို့အတွက် အိမ်ကပစ္စည်းတွေ ထုတ်ရောင်းတိုင်း ကေသီနဲ့ ရန်ဖြစ်နေမိပြီ။
အခြေအနေက
ဆိုးသထက်ဆိုးလာတယ်။ အိမ်ထောင်ကျပြီးနောက် ဒေးဗစ်ဟာ ဟီးရိုးအင်း ဆိုတဲ့
နောက်ဆုံးပေါ် မူးယစ်ဆေးဝါးကို
တိတ်တဆိတ် သုံးမိလာတယ်။
ရှူကြည့်တော့ကောင်းတယ်။ ဒါပေမယ့် ထိုးဆေးအဖြစ်သုံးလိုက်တော့ အရသာက
မြင့်မြင့်မားမားပေးလာတယ်။ ဒါကို ကေသီ သိသွားတဲ့အချိန်ဟာ သိပ်နောက်ကျနေပြီ။ ဒေးဗစ်
ဘိန်းဖြူစွဲနေပြီ။
ဘိန်းဖြူကို
ဈေးကြီးကြီး ဝယ်သုံးရတဲ့အတွက် ပိုကြမ်းတဲ့နည်းတွေနဲ့ လုယက် တိုက်ခိုက်လာရတယ်။
အခကြေးငွေယူပြီး လူရိုက်ပေးတဲ့ ကြေးစားလူမိုက် ဖြစ်လာတယ်။ အများအားဖြင့်
ဝါးလုံးနဲ့ ခြေသလုံးကို ရိုက်ချိုးပေးတတ်တယ်။ ညအချိန် သင်္ဘောဆိပ်တွေဘက်ကို
သွားတတ်တယ်။ တနေ့တာ ဖမ်းမိလာတဲ့ ငါးတွေကို သင်္ဘောတွေ လှေတွေပေါ်က ချပြီးချိန်မှာ
မိုက်ကြေးအဖြစ် ငါးတောင်းလေ့ရှိတယ်။ ရသမျှကို မနက်မှာ ပြန်ရောင်းလေ့ရှိတယ်။
ကျောင်းခန်းထဲမှာ ဖဲဝိုင်းထောင်ပြီး ဒိုင်ကြေး ကောက်တယ်။ အမိကျောင်းတော်
ရန်ကုန်တက္ကသိုလ်ကို ပြန်လာပြီး ချမ်းသာတဲ့ ကျောင်းသားတွေကို ဘိန်းဖြူ စ,ပေးတယ်။ အဲဒီကျောင်းသား
အများစု ဘိန်းဖြူစွဲလာတယ်။ မိဘအိမ်က အဖိုးတန် လက်ဝတ် ရတနာတွေကိုပင် ခိုးလာပြီး
အတုတွေနဲ့ အစားထိုးတယ်။ အစစ်တွေကို ရောင်းပြီး မူးယစ်ဆေး ဝယ်တယ်။
ဒေးဗစ်ရဲ့
ပေါ့ပျက်ပျက် နေပုံထိုင်ပုံဟာ ကေသီအတွက် စိတ်ညစ်စရာ ပိုပိုဖြစ်လာတယ်။
ဆယ်နှစ်တာကာလမှာ ကလေးငါးယောက် – (သားလေးယောက် သမီးတယောက်) ရတယ်။ Mark (၁၉၆၄)
၊ Kevin
(၁၉၆၆) ၊ Sharon (၁၉၆၈) ၊ David Jr. (၁၉၇၀)
နဲ့ Timothy
(၁၉၇၃) တို့ ဖြစ်ပါတယ်။ ကလေးတွေကို ပြုစုရတဲ့ တာဝန်က
ကေသီအပေါ်မှာ လုံးလုံးကျနေတယ်။ ဒေးဗစ်က အိမ်မှာ မရှိတတ်ဘူး။ အိမ်ပြန်လာချိန်ကလည်း
ညဉ့်နက်တတ်တယ်။ အရက်မူးပြီး ကြမ်းတယ်။ အဖေလာသံ ကြားရင် ကလေးတွေက ကုတင်အောက်မှာ
ပုန်းကြရတယ်။ အိမ်ထဲကို အော်ဟစ် ကြိမ်းမောင်းပြီး ရမ်းရမ်းကားကား ဝင်လာတယ်။ တခါတရံ
ကေသီကို ရိုက်တယ်။ လက်နဲ့လည်း ရိုက်တတ်သလို ခြေထောက်နဲ့လည်း ကန်တတ်တယ်။ အငယ်ဆုံး
သားကလေး Timothy ကို ကိုယ်ဝန် လွယ်ထားချိန်မှာဆိုရင် လည်ပင်းညှစ်သတ်ဖို့
ကြိုးစားဖူးတယ်။ ငါးနှစ်သမီး Sharon ရှရွန်က တံမြက်စည်း
ဆွဲပြီး နောက်ကနေ ဝင်ရိုက်တယ်။ ဒေးဗစ်က နောက်လှည့်ပြီး ရိုက်တဲ့သူကို ရှာနေတုန်း
ကေသီက ပြတင်းပေါက်ကနေ ခုန်ပြီး ထွက်ပြေးရတယ်။ တခါတရံမှာတော့ မတတ်နိုင်တော့ဘူး။
ကလေးတွေကို ထားခဲ့ပြီး ယောက္ခမအိမ်ဖက် ပြေးပုန်းရတယ်။
ဒေးဗစ်က မိသားစုကို
ငွေကြေးတာဝန်မယူတာ အနေကြာလာတော့ ကေသီနဲ့ ကလေးတွေကို မိဘကပဲ ထောက်ပံ့ရတယ်။ သူကတော့
အပြင်မှာ အရက်သောက်နေ၊ ဘိန်းဖြူသုံးနေတယ်။ မိဘပေးတဲ့ ငွေကြေးကို ကေသီက
ဒေးဗစ်မသိအောင် ဖွက်ထားရတယ်။ သူ့လက်ထဲရောက်ရင် သုံးဖြုန်းပစ်မှာကို သိနေတယ်။
ဒေးဗစ်မှာ ပိုက်ဆံမရှိရင်၊ အရက်နဲ့ မူးယစ်ဆေးဝယ်ဖို့ ငွေလိုရင် အိမ်ရဲ့
စားစရိတ်ငွေကို ကေသီဆီမှာ ရိုက်နှက်ပြီး လုယူတတ်တယ်။
“ပေးစမ်း၊
အဲဒါတွေအကုန်လုံး၊ ငါ့အမေ ပေးတာတွေ” လို့ တောင်းတတ်တယ်။ ကေသီငြင်းရင် ဒေးဗစ်ရဲ့
ဒေါသမီးက ကြောက်စရာ တောက်လောင်လာတယ်။ တခါဆိုရင် ပိုက်ဆံမပေးလို့
သားလှီးဓါးနဲ့တောင် ခြိမ်းခြောက်ဖူးတယ်။
ဒေးဗစ်ရဲ့ အမေကတော့
သူ့မြေးကလေးတွေရဲ့ သနားစရာဘဝကိုကြည့်ပြီး ကြေကွဲနေတယ်။ ကလေးတွေကို ကေသီ
ခွင့်ပြုချက်နဲ့ အိမ်မှာ လာနေခိုင်းတယ်။ ကျောင်းပိတ်မှပဲ အိမ်ပြန်ကြရတယ်။
ဒေးဗစ်ကတော့ ဘာမှမပြောင်းလဲဘူး။ ဘာကိုမှလည်း ဂရုမစိုက်ဘူး။
ကေသီက
သူ့ယောက်ျားကို ဘယ်လိုမှ မထိန်းနိုင်တော့ဘူး။ ရန်ဖြစ်လည်း မရ၊ တောင်းပန်လည်း မရ၊ ရှင်းပြလည်း မရ၊ ငိုနေလို့လည်း မရ၊ ထားပစ်ခဲ့မယ်နော်
လို့လည်း နှစ်ကိုယ်ကြား ခဏခဏ ခြိမ်းခြောက်မိတယ်။ ဒါပေမယ့် ကလေးတွေရှိနေတော့ တကယ်မလုပ်နိုင်ပါဘူး။
လူတွေအမြင်မှာတော့ ယောက်ျားအပေါ် သိပ်သစ္စာရှိတယ်လို့ မြင်ကြတယ်။
တနေ့ သူ့အဖေက
ပြောတယ်။ “ကေသီ ပါပါတို့ တမိသားစုလုံး ဖိလစ်ပိုင်ကို ပြန်တော့မယ်။ မင်း ဘာဖြစ်လို့
မလိုက်ချင်သလဲ သမီးရယ်။ ဘာတခုမှ မကောင်းတဲ့ မင်းယောက်ျားကို ထားပစ်ခဲ့၊ ဟိုမှာ
ဘဝအသစ် ပြန်စလိုက်စမ်းပါ သမီးရယ်”
အဖေ့စကားကြောင့်
ကေသီ တုန်လှုပ်သွားတယ်။ ဟိုအရင်က အဖေ့စကား နားမထောင်ခဲ့တော့ အဖေ့ကို တခါ
အရှက်ရစေခဲ့ဖူးတယ်။ အဖေ့ကို ရိုရိုသေသေ လေးလေးစားစားပဲ ပြန်ပြောပါတယ်။ “Thank you, Papa” သမီးကို
ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သမီး ဒေးဗစ်ကို ချစ်လို့ ယူခဲ့တာပါ။ သူနဲ့ပဲ ဆက်နေမယ်။
ပါပါတို့ အားလုံး ဖိလစ်ပိုင်ကို ပြန်ပါ။ သမီးယောက်ျားနဲ့ ကလေးတွေနဲ့ အတူ ဒီမှာ
နေခဲ့ပါမယ်။”
ဒီလောက် ဆိုးဝါးတဲ့
နှစ်ကာလတွေတလျှောက်လုံး ကေသီကို စိတ်ဓါတ် တည်ကြည် ခိုင်မာစေတဲ့ အရာတခု ရှိပါတယ်။
သခင်ယေရှုခရစ်တော်အပေါ်မှာ ထားတဲ့ မရွေ့လျော့
မတိမ်းယိမ်းတဲ့ ယုံကြည်ခြင်းပါ။ ဒေးဗစ် အိမ်မှာမရှိရင် မကြာခဏလာပြီး
ကူညီထောက်ပံ့တတ်တဲ့ ဒေးဗစ်ရဲ့အမေ ဒေါ်အဲလိဇဘက်နဲ့ ရင်းနှီးလာပြီးနောက်ပိုင်း Born again ခရစ်ယာန်တယောက်
ဖြစ်လာတယ်။ ဒေါ်အဲလိဇဘက်လည်း အရင်က သာမန်ခရစ်ယာန် တယောက်ပါပဲ။ နောက်တော့
မြန်မာပြည်က ဧဝံဂေလိဆရာ တယောက်အားဖြင့် Born again တဖန်မွေးဖွါးတဲ့ ဘုရားသားသမီး ဖြစ်လာတယ်။
ဘုရားသခင်ထံမှ
ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ခံစားရတဲ့အခါ ချက်ချင်းပဲ သားသမီးတွေကို
ယုံကြည်ခြင်းအကြောင်း ပြောပြတယ်။ ဒေးဗစ်ကတော့ အစကတည်းက ဘာသာရေးကို လုံးဝ
စိတ်မဝင်စားဘူး။ ဒါပေမယ့် ကေသီက ယောက္ခမကြီး ပြောသမျှကို မှတ်ထားတယ်။ မကြာပါဘူး
သူ့အသက်တာကို ယေရှုခရစ်တော်ထံ အပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် နေ့စဉ် ကြုံတွေ့ရသမျှအတွက်
ရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ်အင်အား ရှိလာရုံမျှမက၊ လေလွင့်နေတဲ့ ယောက်ျားအတွက်လည်း မျှော်လင့်ချက်
ထားလာနိုင်တယ်။
ဒေါ်အဲလိဇဘက်နဲ့
ကေသီဟာ ချက်ချင်း ရင်းနှီးလာကြတယ်။ သခင်ယေရှုကို ချစ်တဲ့စိတ်နဲ့ ဒေးဗစ်အပေါ်
စိတ်မကောင်းဖြစ်တာခြင်း တူကြလို့ စိတ်နှလုံးချင်း စွဲကပ်လာတယ်။ ဒေးဗစ် အရက်မူးလာ၊
ကြမ်းလာရင် ဒေါ်အဲလိဇဘက် ရောက်လာပြီး ကေသီနဲ့အတူ ဆုတောင်းတတ်တယ်။ အရက်မူးလာ၊
ဆေးသုံးပြီး အိမ်ပြန်လာချိန်မှာ အမေနဲ့ မိန်းမ ဒူးထောက်ပြီး သူ့အတွက်
ဆုတောင်းပေးနေတာကို မကြာခဏ တွေ့ရတတ်တယ်။
ဒါကို မြင်ရင်
ဒေးဗစ် စိတ်တိုပြီး
အော်ဟစ်ဆူပူတတ်တယ်။ “ဒီကို ဘယ်သူခေါ်လို့ လာသလဲ မာမား?
ဘာမှပြောမနေနဲ့၊ ထွက်သွား။ ခင်ဗျားတို့မိန်းမတွေ ကျုပ်ကို
ဘာသာရေးထဲ သွတ်သွင်းချင်နေတာ တော်လောက်ပြီ။”
ဒေါ်အဲလိဇဗက်နဲ့
ကေသီတို့ကတော့ ဒေးဗစ် တားလို့မရပါဘူး။ သူ့အတွက် ပုံမှန်မပျက် အတူ ဆုတောင်းဆဲပါပဲ။
ဒါပေမယ့် ဆုတောင်းသံတွေကို ကောင်းကင်က မကြားသလိုပဲ။ ဒေးဗစ်က ဘိန်းဖြူ စွဲသထက် စွဲလာသလို၊
သူ့ကျန်းမာရေးလည်း ဆိုးလာတယ်။ တနေ့မှာတော့ ဒေးဗစ် ဆေးထလာတဲ့ ဝေဒနာတွေ
ဆိုးလွန်းလို့ ကေသီကိုယ်တိုင် အိမ်ကထွက်ပြီး၊ ဘိန်းဖြူ ဝယ်ပေးခဲ့ရတယ်။
နှစ်ပေါင်းများစွာ
ဘိန်းဖြူ သုံးနေတော့ ဒေးဗစ်ရဲ့ ကိုယ်အလေးချိန်ဟာ ၁၁၅ ပေါင်အထိ လျော့ကျလာတယ်။
အားမရှိတော့သလို၊ မျက်လုံးကလည်း ရောဂါကြောင့် ဝါနေပြီ။ ရောဂါရနေပြီဆိုတာတော့
သူသိတယ်။ ကေသီက ဆရာဝန်ပြဖို့ တိုက်တွန်းနေပေမယ့် သူက ခေါင်းမာမာနဲ့ ငြင်းနေတယ်။
နောက်ဆုံးတော့
အားနည်းနေလွန်းလို့ ဆေးခန်းမပြချင်ဘဲ ပြဖို့ လက်ခံလိုက်ရတယ်။ ကေသီက
အိမ်မှာ ကလေးတွေနဲ့ နေတုန်း၊ ဒေါ်အဲလိဇဗက်က သားကို ရန်ကုန်ဆေးရုံကြီးကို
ခေါ်သွားရတယ်။ အဲဒီအချိန်မှာ ဒေးဗစ် သိပ်အားနည်းနေပြီ။ ပြင်ပလူနာခန်းအထိ
လမ်းလျှောက်ဖို့ အားအင်မရှိသလောက် ဖြစ်နေပြီ။
ချက်ချင်းပဲ
ဆရာဝန်က ဒေးဗစ်ကို ဆေးစစ်တယ်။ မေးခွန်းတွေ မေးတယ်။ ပြီးမှ သိပြီဆိုတဲ့ သဘောနဲ့
ခေါင်းငြိမ့်တယ်။ ဒါမျိုး လူနာတွေ အများကြီးတွေ့ဖူးနေပြီပဲ။ စာရွက်လေးထဲမှာ
ရေးမှတ်လိုက်ပြီးတော့ သူနာပြုဆရာမကို တခုခု ခပ်တိုးတိုး ပြောလိုက်တယ်။ ဆရာမက
လူနာတင်ဖို့ တွန်းလှည်းတစီး မှာလိုက်ပြီး၊ ဒေးဗစ်ကို အဲဒီအပေါ်မှာ
လှဲခိုင်းလိုက်တယ်။ ဘာမှရှင်းမပြဘဲ ဒေးဗစ်ကို အခန်းထဲကနေ ထုတ်ပြီး၊ စင်္ကြတလျှောက်
တွန်းထုတ်သွားကြတယ်။
အဲဒီအချိန်မှာ
ဒေးဗစ်ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ တသီတသန်းကြီးပေါ်လာနေတယ်။ “ဘာဖြစ်တာပါလိမ့်?
စိုးရိမ်ရသလား? ပြန်သက်သာပါဦးမလား?
ငါ့ကို ဘယ်ခေါ်သွားနေတာပါလိမ့်? ပျောက်ဖို့
ဘယ်လောက်ကြာမလဲ?
သူ
အရမ်းသိချင်နေပြီ။
No comments:
Post a Comment