Tuesday, October 29, 2019

NEVER SAY DIE, အခန်း ၂ – လမ်းသရဲဂိုဏ်း

 
Never Say Die

အခန်း ၂
လမ်းသရဲဂိုဏ်း
The Road Devils
(၁၉၆၀- ၁၉၆၃)

ဒေးဗစ် မူးနေတုန်း၊ လမ်းသရဲဂိုဏ်း ခေါင်းဆောင်က ဓါးရှည်နှစ်ချောင်းကိုင်ပြီး စိန်ခေါ်ဖို့ ရောက်လာတယ်။

အဲဒီလူလည်း အရက်မူးနေတယ်။ “မင်းကိုယ်မင်း ဘာကောင် ထင်နေသလဲ? မင်း ဓါးတစ်ချောင်းယူ၊ ငါ ဓါးတစ်ချောင်းယူမယ်။ လာစမ်း၊ မင်း ဘာကောင်လဲဆိုတာ သိရအောင်” လို့ ကြိမ်းတယ်။ ဒေးဗစ်က မကြောက်တတ်ဘူး။ နောက်ကျောပေါ်မှာရှိတဲ့ အိတ်ကပ် သေးသေးလေး ထဲကနေ ဘရိတ်ဓါးကို ဝှစ်ကနဲ ဆွဲထုတ်လိုက်ပြီး၊ ထောက်ကနဲ နှစ်ပိုင်း ချိုးလိုက်တယ်။ စိန်ခေါ်နေတဲ့လူကို တစ်ပိုင်းပေးပြီး ခပ်မိုက်မိုက် စိုက်ကြည့်လိုက်တယ်။

ဓါးတွေကို ချထားလိုက်။ ငါတို့က ဒါပဲသုံးတယ်။” လို့ ဒေါသနဲ့ ဖြေတယ်။ ပြီးမှ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ စည်ပိုင်းတခုကို ညွှန်ပြတယ်။ “လာခဲ့၊ အဲဒီစည်ပိုင်းထဲ ခုန်ဝင်ပြီး၊ တစ်ယောက်နဲ့ တစ်ယောက် နွှာရအောင်။ မင်း ဘာကောင်လဲဆိုတာ သိရတာပေါ့။”

ရန်စတဲ့သူ လန့်ပြီး နောက်ဆုတ်သွားတယ်။ ဒေးဗစ်လည်း ရန်ကုန်မှာ သတ္တိအရှိဆုံး၊ ဘာကိုမှ ဂရုမစိုက်ဆုံး၊ လမ်းသရဲအဖြစ် နာမည် ခိုင်သထက် ခိုင်လာတယ်။ အရပ် ၅ ပေ ၉ ကိုးလက်မနဲ့ ပေါင် ၁၆၀ ရှိတဲ့သူဆိုတော့ ဗမာထဲမှာတော့ လူထွားတစ်ယောက်ပေါ့။ လေးယောက်၊ တစ်ယောက်ကို အေးအေးဆေးဆေး ယှဉ်ရဲတဲ့သူ။ ဒါက မြန်မာပြည်ရဲ့ အကြီးဆုံး အကြမ်းဆုံး လမ်းသရဲဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်မလာခင်က ဖြစ်ရပ်ပါ။

အင်္ဂလန်က လမ်းသရဲဂိုဏ်းကို အတုယူထားတဲ့ မြန်မာပြည်က လမ်းသရဲဂိုဏ်းတွေဟာ အမေရိကန်ပြည်က Hell’s Angels” ငရဲသားဂိုဏ်းတွေနဲ့ ဆင်တူတယ်။ ဆံရှည်ဂုတ်ဝဲ တယမ်းယမ်း၊ မုတ်ဆိတ်မွေး ထူပြစ်ပြစ်၊ သားရေဂျာကင်တွေ ဝတ်တယ်။ ပုဆိန်တွေ၊ ဒါးတွေသုံးတယ်။ တခြား လက်နက်တွေလည်း ဘောင်းဘီတွေထဲမှာ ဝှက်ထားတတ်တယ်။ လမ်းသရဲတွေက ဆိုင်ကယ်တွေ စီးပြီး၊ မြို့ပတ်ကာ ပြဿနာ ရှာတယ်။ အရက် အသောက် ကြမ်းတယ်။ ဖဲ အကြီးအကျယ် ရိုက်တယ်။ ရန်ပွဲတွေနဲ့ ပွဲကြမ်းကြတယ်။ ရန်ဖြစ်ရင် မောင်းချဒါးတွေ၊ သံတုတ်တွေ၊ ဆိုင်ကယ်ချိန်းကြိုးတွေ သုံးတတ်တယ်။ တက္ကသိုလ်ရောက်ပြီး မကြာခင်မှာပဲ ဒေးဗစ်ဟာ လမ်းသရဲဂိုဏ်းထဲ ရောက်သွားတယ်။ ကိုယ်တိုင်က အရက်သမား၊ ရန်များတဲ့သူဆိုတော့ သူငယ်ချင်းတွေနဲ့ ပါတီပွဲ တက်ရတာထက် လမ်းသရဲဘဝက သူ့အတွက် စိတ်ဝင်စားစရာ ပိုများတယ်။

လမ်းသရဲဖော်တွေနဲ့အတူ အရက်ဆိုင်တွေမှာ မကြာခဏ အရက် လျှောက်သောက်တယ်။ မူးလာရင် ရန်စချင်တယ်။ ဒါလည်း ကြာကြာမရှာရပါဘူး။ တခြားသူရဲ့ခွက်ထဲက ဘီယာအမြှုပ်စလေး သူ့အက်ျီပေါ်မှာ လာစင်တဲ့ အသေးအမွှားကအစ ရန်စ,ဖို့ အကြောင်း ရလာတတ်တယ်။

ဟေ့ မင်းဘာလုပ်တာလဲ?” လို့ ဒေးဗစ်က မူးမူးနဲ့ အော်မယ်။

စက္ကန့်ပိုင်းအတွင်းမှာ အရက်ဆိုင်တဆိုင်လုံး ထုကြ၊ ရိုက်ကြတော့တယ်။ ဒေးဗစ်နဲ့ သူ့ လမ်းသရဲ အပေါင်းအပါတွေက တခြားသူတွေကို ရိုက်နှက်ပြီးတဲ့ အခါမှာတော့ ပြန်ငြိမ်သွားကြပြီး၊ နဖူးက ချွေးတွေ သုတ်ကြတယ်။ ပြီးမှ ထောင်ထောင် ထောင်ထောင်နဲ့ နောက်ထပ် ရန်စဖို့ ထွက်လာကြပြန်တယ်။ ဒေးဗစ်ရဲ့ ဦးဆောင်မှုနဲ့ လမ်းသရဲတွေဟာ မကြာခင်မှာပဲ ရန်ကုန်မြို့ရဲ့လမ်းမတွေကို ကြီးစိုးလိုက်တယ်။ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အချိန်မဖြုန်းဘဲ သတ္တိရှိသလို အစွမ်းအစလည်း ရှိဖို့ ကြိုးစားခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ အမေရိကန်ပြန်ကြားရေး စာကြည့်တိုက်ကို သွားပြီး၊ Al Capone နဲ့ Lucky Luciano တို့လို အမေရိကန်မူးယစ်ရာဇာတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေ ဖတ်တယ်။ အဲဒီကနေ လူမိုက်ဂိုဏ်းကို ဦးဆောင်နည်း သင်ယူတယ်။ လမ်းသရဲဂိုဏ်းကို တမူထူးခြားအောင် လုပ်ဆောင်နိုင်စွမ်း အပြင်၊ သူ့ရဲ့အဓိက ဦးစားပေးအချက်ကတော့ ဂိုဏ်းသားတွေကို ငွေနဲ့အရက် ပုံမှန် ပေးနိုင်ဖို့ပါပဲ။

ဒီလိုဖြစ်နိုင်ဖို့ ဒေးဗစ်က ငွေညှစ်တဲ့ နေရာမှာ တော်တယ်။ ဥပမာ မြို့ထဲက တိတ်တိတ်ပုန်း ဖဲဝိုင်းတွေကို ပစ်မှတ်ထားတယ်။ ဖဲဝိုင်းမှာ ဒိုင်နဲ့ ထိုးသားတွေ စုံမယ့်အချိန်ကို မှတ်တယ်။ ပြီးရင် ပုဆိန်နဲ့ ချိန်းကြိုးတွေ ကိုင်ထားတဲ့ လမ်းသရဲဂိုဏ်းသား တစ်ဒါဇင်လောက်ကို ခေါ်သွားပြီး ဖဲဝိုင်းကို တိုက်ခိုက်တယ်။ ဖဲဝိုင်း အတိုင်ခံရမှာ ကြောက်သလို၊ လမ်းသရဲ အရိုက်ခံရမှာ ကြောက်နေတဲ့ ဖဲဒိုင်ဟာ ဘာမှ မတတ်နိုင်ဘူး။ ပြဿနာမဖြစ်အောင် ဒေးဗစ်ကို ပိုက်ဆံ ပုံပေးရတော့တယ်။

ဒေးဗစ်က အဲဒီဖဲဝိုင်းတွေဆီကို ထပ်ပြီးငွေညှစ်ဖို့ ခဏခဏသွားတယ်။ မြို့ထဲက အရက်ပုန်း ဆိုင်တွေကိုလည်း အရက် အလကားသောက်ရဖို့ ငွေညှစ်တယ်။ ဒီလိုနဲ့ လမ်းသရဲဂိုဏ်းအတွက် ပိုက်ဆံ ကောင်းကောင်းဖြည့်နိုင်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ တရားမျှတမှုအတွက် ရောဗင်ဟု Robin Hood လို လုပ်ချင်တာကို ဂိုဏ်းသားတွေက လက်ခံကြရတယ်။ ဆင်းရဲသားကို ကူညီချင်တဲ့အခါ သူ့ဟာသူ စည်းကမ်းထုတ်ပြီး ကူညီတယ်။ အထူးသဖြင့် သူဌေးတွေရဲ့ ပိုက်ဆံနဲ့ ကူညီတာပါ။ တခါတရံ ချမ်းသာတဲ့ မြေပိုင်ရှင်ရဲ့ မြေတွေကို သိမ်းယူပြီး ဆင်းရဲသားမိသားစုတွေကို ဝေပေးတယ်။ တခါတရံမှာ သူ့ကိုယ်ပိုင်ငွေနဲ့ စားစရာဝယ်ပြီး ငတ်မွတ်နေတဲ့ မိသားစုတွေကို ပေးတယ်။ အကြွေးဆပ်ပေးတယ်။ သူဌေးတစ်ယောက်က မိန်းကလေးကို ကိုယ်ဝန်ရပြီးမှ၊ ပစ်ထားတယ်လို့ သတင်းကြားရင် အဲဒီလူကို လိုက်ရှာပြီး၊ ဝါးလုံးနဲ့ ခြေထောက်နှစ်ဖက်စလုံးကို ရိုက်ချိုးကာ သင်ခန်းစာပေးတတ်တယ်။

ဒီလို ရောဗင်ဟုလို အမှန်တရားဘက်က ရပ်တည်တဲ့အတွက် ရန်ကုန်က ဆင်းရဲသားတွေ အမြင်မှာ ဒေးဗစ်ဟာ သူရဲကောင်းဖြစ်လာတယ်။ သူ့ကိုချစ်ကြတယ်။ ရဲလက်ကလွတ်ဖို့ အမြဲတမ်း ကာကွယ်ပေးကြတယ်။ အဲဒီတော့ ရဲက သူ့ကို ဘယ်တော့မှ ဆွဲမကုတ်နိုင်၊ မမိနိုင်ခဲ့ဘူး။ သူ့ဒဏ်ခံရတဲ့ သူဌေးတွေလည်း ထပ်ပြီးဒုက္ခပေးလာမှာ ကြောက်လို့ တိတ်တိတ်ပဲနေရတယ်။ လူမိုက်တစ်ယောက်က ဆင်းရဲသားတွေကို သနားတယ်ဆိုတာက နည်းနည်းထူးဆန်းသလို ရှိပါတယ်။ ဒါပေမယ့် ဘုရားသခင်က ဒေးဗစ်ရဲ့ စိတ်နှလုံးထဲမှာ အလုပ်လုပ်နေပြီ။ တနေ့ ဘုရားအတွက် အလုပ်လုပ်တဲ့အခါ ထူးကဲတဲ့ သနားစိတ်နဲ့ အလုပ်လုပ်ဖို့ ရင်ထဲမှာ အခြေတည်နေပါပြီ။

ဒေးဗစ်ရဲ့ စရိုက်ဟာ ဘာကြောင့် အဆိုး၊ အကောင်း ရောနေရသလဲ? မိဘတွေလို ထိပ်ဆုံး ရောက်ချင်တယ်။ ဒါပေမယ့် သမားရိုးကျနည်းဖြစ်တဲ့ ပညာရေးနဲ့တော့ မဟုတ်ဘူး။ ဉာဏ်ကောင်းတာလည်း သူ့ကိုယ်သူ သိတယ်။ ဒါပေမယ့် ကျောင်းစာ မလေ့လာချင်ဘူး။ “ဘွဲ့ရတွေထက် သာချင်တယ်၊ သာဖို့ အကောင်းဆုံးနည်းကလည်း လူမိုက်လုပ်တာပဲ လို့ ယူဆမိခဲ့တာ” လို့ နောက်ပိုင်းမှာ သူဝန်ခံခဲ့တယ်။

အများထင်တဲ့အတိုင်းပါပဲ ဒေးဗစ်ရဲ့ပညာရေးက အခြေအနေ ဆိုးတယ်။ ပထမနှစ် စာမေးပွဲကျတော့ အဲဒီအတန်းကိုပဲ နောက်တစ်နှစ် ဒေသကောလိပ်မှာ ထပ်ဖြေရတယ်။ စာမေးပွဲ အောင်အောင် ကြိုးစားပြီးမှ ဒုတိယနှစ် ကျောင်းသားအဖြစ် ၁၉၆၀ နှစ်မှာ တက္ကသိုလ် ပြန်နေခွင့်ရတယ်။

ဒါပေမယ့် စိတ်လှုပ်ရှားစရာ နိုင်ငံရေးအခြေအနေတွေကြောင့် ဒေးဗစ်ရဲ့ တက္ကသိုလ် ကျောင်းသားဘဝဟာ တပိုင်းတစနဲ့ ရပ်သွားတယ်။ စစ်တပ်က ၁၉၆၂ခုနှစ် မတ်လမှာ အာဏာသိမ်းလိုက်တော့ တိုင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းက ရုတ်တရက် ပြောင်းသွားတယ်။ လအနည်းငယ်အကြာမှာ ရန်ကုန်တက္ကသိုလ်က ကျောင်းသားထုကြီးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မှုတွေ ဆက်တိုက် ဖြစ်လာတယ်။ စစ်တပ်ကလည်း ဆန္ဒပြကျောင်းသားတွေကို ပစ်ခတ် ဖမ်းဆီးပြီး သတ်ပစ်တယ်။ စစ်တပ်က စ,ပစ်ချိန်မှာ ဒေးဗစ်ဟာ ဆန္ဒပြကျောင်းသားထုထဲမှာ ရှိနေတယ်။ ဒေးဗစ်က အနီးနားက မြောင်းထဲကို ခုန်ချပြီး အထိအခိုက်မရှိ လွတ်မြောက််သွားတယ်။ ဒါပေမယ့် သူ့အတန်းဖော်တွေ၊ သူငယ်ချင်းတွေ အများအပြားကတော့ အဲဒီလောက် ကံမကောင်း အကြောင်းမလှခဲ့ကြပါဘူး။

အရေးအခင်းထဲမှာ ရန်ကုန်တက္ကသိုလ် ပါဝင်ခဲ့တာကြောင့် ဒေးဗစ်လည်း ကျောင်းထွက်ခဲ့ရတယ်။ အဖေက သူ့ကို သင်္ဘောကျင်းမှာ အလုပ်သင် အင်ဂျင်နီယာအဖြစ် အလုပ်ရှာပေးတယ်။ အလုပ်ရရင် သူ့သားဘဝ တမျိုးပြောင်းမယ်လို့ မျှော်လင့်လို့ပါ။ ဒါပေမယ့် မပြောင်းလဲတဲ့အပြင် ဒေးဗစ်က လမ်းသရဲအမူအကျင့်တွေကို အလုပ်ခွင်ထဲ ယူလာတယ်။ အလုပ်ဖော်တွေကို အရက်တိုက်တယ်။ အရက်စွဲအောင်လုပ်တယ်။ လအနည်းငယ်ကြာတော့ ဒေးဗစ်ရဲ့ အထက်အရာရှိက စိတ်ဆိုးပြီး သင်္ဘောသားအဖြစ် အလုပ်လုပ်ဖို့ အလုပ်ပြောင်းခန့်လိုက်တယ်။ ဒါပေမယ့် အဲဒီမှာလည်း ဒေးဗစ်ရဲ့ အကျင့်စရိုက်က မပြောင်းလဲဘူး။ အချိန်ပြည့် အရက်သောက်ပြီး တခြား သင်္ဘောသားတွေနဲ့ ရန်ဖြစ်တဲ့အတွက် သင်္ဘောသားတွေက သူ့ကို ပင်လယ်ထဲ တွန်းချဖို့ ကြံစည်လာကြတယ်။

ဒေးဗစ်ရဲ့ မိဘတွေက သားဘဝတည်ငြိမ်ဖို့ ရှာကြံစဉ်းစားရင်း နောက်ဆုံးအလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ ရန်ကုန်မြို့ရဲ့ အမေရိကန်သံရုံးမှာ အလုပ်ရဖို့ စီစဉ်ကြတယ်။

ဒေးဗစ်၊ ဒီအလုပ်တော့ လက်မလွတ်စေနဲ့ကွယ်။ မိဘ မျက်နှာပျက်ရတာလည်း များပြီ။ ဒီတစ်ခါ ပြဿနာဖြစ်ရင်တော့ နောက်ထပ်အလုပ်ရမယ် မထင်တော့ဘူး။” လို့ အမေက သတိပေးတယ်။

ဒါပေမယ့် အမေ့စကားက သိပ်အရာမထင်ပါဘူး။ အရက်အလွန်အကျွံ ဆက်သောက်တော့ အလုပ်ထဲမှာ ပြဿနာတွေ ဆက်ဖြစ်တယ်။ တနေ့ အရက်မူးရင်း အလုပ်ဖော်တယောက်နဲ့ ရန်ဖြစ်ပြီး အဲဒီလူ သွားသုံးချောင်းကျိုးသွားတယ်။ ရလဒ်ကတော့ အမေရိကန်သံရုံးက ချက်ချင်းအရေးယူတာပါပဲ။ ဒါပေမယ့် ဒေးဗစ်က ဂရုမစိုက်ဘူး။ အလုပ်ကိုလည်း စိတ်မဝင်စားဘူး။ အဲဒီအစား သူ့ကို အဆွဲဆောင်ဆုံး အရာ သုံးမျိုးဖြစ်တဲ့ wine, wealth and women အရက်၊ ငွေနဲ့ မိန်းမကိုပဲ လိုက်ရှာဖို့၊ သူ့အစွမ်းအစတွေ အကုန်အသုံးချမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ သူ မိန်းမ သိပ်စွံတယ်ဆိုတာ မကြာခင် သူ့ကိုယ်သူ ရိပ်မိလာပါတော့တယ်။

 

No comments:

Post a Comment