Never Say Die |
အခန်း
၁ လူဆိုးလေးThe Young Rebel(၁၉၄၄-
၁၉၆၀)
ကျောင်းအုပ်ဆရာကြီးက
မျက်မှောင်ကြုတ်ရင်း ဒေါ်အဲလိဇဘက်ကို စေ့စေ့ စိုက်ကြည့်လိုက်တယ်။
“ခင်ဗျားသား
ရန်တွေ ဆက်ဖြစ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာ လူကြီးသားတွေနဲ့မှ
ရန်ဖြစ်နေတယ်။”
ဒေါ်အဲလိဇဘက်ဟာ အလွန်ရှက့်ရွံအားငယ်သွားပြီး
သူ့နံဘေးမှာ ခေါင်းငိုက်စိုက်ချထိုင်နေတဲ့ ဆယ်ကျော်သက်အရွယ် သားငယ်ဒေးဗစ်ကို
ငေးကြည့်လိုက်တယ်။
“ကျွန်မ
တကယ်ပဲစိတ်မကောင်းပါဘူး ဆရာကြီးရယ်။ အိမ်ကျရင် သူ့အဖေကို ပြောပြပါဦးမယ်။”
“ဒါက
ခင်ဗျားပြောနေကျစကားပဲ ဒေါ်အဲလိဇဘက်။” ကျောင်းအုပ်ကြီးက မျက်ခုံးကို ပင့်ရင်း
ဆက်ပြောတယ်။ “သူ့ပုံစံက ဘာတခုမှ မပြောင်းလဲသေးဘူး။ ဒေးဗစ်က လူတော်လေးပါ။ ဒါပေမယ့်
ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်။ ဒီလိုတွေ ဆက်ဖြစ်နေရင်တော့ မတတ်နိုင်ဘူး။
ခင်ဗျားသားကို ကျောင်းထုတ်ဖို့ ပြောရတော့မှာပဲ။”
ကျောင်းအုပ်ကြီးရဲ့
ရုံးခန်းမှအပြန်၊ ကျောင်းတံခါးဝကနေ ထွက်အလာ ဒေါ်အဲလိဇဘက်ဟာ လမ်းဘေးမှာ
ရပ်လိုက်ပြီး ရုတ်တရက် သားဖက်ကို လှည့်ပြီး မျက်နှာချင်းဆိုင် ရပ်လိုက်တယ်။
သားကတော့ ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ဘာမှ သိပ်စိတ်အနှောင့်အယှက် မဖြစ်တဲ့ပုံပါ။
“ငါစိတ်ညစ်တယ်၊
မင်းကို ငါစိတ်ပျက်လာပြီ။ မင်းဘယ်တော့ ပြောင်းလဲမလဲ? မိဘကို
အရှက်ခွဲနေတာတွေ ဘယ်တော့မှ ရပ်မလဲ?”
ပြောသာပြောရပါတယ်။
သူ့သားပြောင်းလဲမယ့်ပုံ မပေါ်ဘူးဆိုတာ ဒေါ်အဲလိဇဘက် သိပါတယ်။ ဘယ်အရာကမှ သူ့သားရဲ့
ရန်ဖြစ်တတ်တဲ့အကျင့်ကို ဖျောက်မပေးနိုင်ဘူး။ အဖေက ကြိမ်လုံးနဲ့ ဆုံးမလည်းမရ၊ အမေက
မျက်ရည်နဲ့ တောင်းပန်လည်းမရ။ ဘယ်တော့များမှ ဒီသားက အသိတရား ရပါတော့မလဲ?
ငယ်ငယ်ကတည်းက
ဒေးဗစ်က အမြဲတမ်း ဒုက္ခပေးနေကျ။ ၁၉၄၄ ခု အောက်တိုဘာ ၅ ရက် မှာ မွေးပြီး
(အိန္ဒိယသူရဲကောင်း) Sando စင်ဒို လို့ အစတုန်းက နာမည်ပေးခဲ့တယ်။ နောက်တော့ ဒါဝိဒ်ကလေးလို
ဝက်ဝံနဲ့ ခြင်္သေ့ကို တစ်ယောက်တည်း ပြန်သတ်နိုင်ခဲ့တဲ့သူမျိုး ဖြစ်စေချင်လို့ အမေက
ဒေးဗစ်လို့ နာမည်ပြောင်းပေးလိုက်တယ်။ ကျမ်းစာထဲက နာမည်အတိုင်းပါပဲ။ ဒေးဗစ်က
သန်မာတယ်၊ အကြမ်းခံတယ်၊ အကြောက်အရွံ့ ကင်းတယ်။ ဒါပေမယ့် မကောင်းတဲ့နေရာမှာ
တော်နေတယ်။ အားကစားဆို ဘောလုံး အလွန်တော်လို့ သူတို့အထက်တန်းကျောင်းရဲ့
ဘောလုံးအသင်း ခေါင်းဆောင် အဖြစ်
အရွေးခံရပေမယ့် သူ့အစွမ်းအစတွေ အကုန်လုံးကို ရန်ပွဲတွေမှာပဲ အသုံးချတယ်။
ငယ်ငယ်ကတည်းက တခြားကျောင်းသားဖေါ်တွေကို ရန်စ အနိုင်ယူတတ်တယ်။ ကျောင်းကရော မိဘကပါ
ဘယ်လောက်ပဲ ဆုံးမ၊ ဆုံးမ၊ အပြစ်ဒဏ်ပေးပေမယ့် သူက မမှုတဲ့ပုံပါ။
ရန်ဖြစ်တိုင်းနိုင်လို့ လူက အလကားနေရင်း နာမည်ကြီးလာတယ်။ ဒါတွေ တနေ့
ပြန်ခံရမယ်လို့ သူနားလည်ခဲ့ပုံမရဘူး။ အတန်းထဲမှာ သူနဲ့ ရန်ဖြစ်ရဲသူ မရှိတော့တဲ့အခါ
အတန်းကြီး ကျောင်းသားတွေကို ရန်ဆက်ရှာလာတယ်။
ဒေးဗစ်တယောက် မြန်မာပြည်ရဲ့ ထိပ်ပိုင်း
လူကုံထံမိသားစုကနေ မွေးဖွားဆင်းသက်လာတာကို စဉ်းစားကြည့်ရင် သူ့အပြုအမူတွေက
သိပ်အံ့အားသင့်စရာ ကောင်းနေတယ်။ သူ့အဖေ ဦးရုံးမိုဟာ ပြည်တွင်းကို ပြောင်းရွှေ့လာတဲ့
အလွန်အလုပ်ကြိုးစားတဲ့ တရုတ်မိသားစုတစုမှ ဆင်းသက်တယ်။ ကလေးဘဝကတည်းက
မိဘမဲ့ဖြစ်ခဲ့ရတဲ့ ဦးရုံးမိုကို အစ်မကြီးတွေက ပြုစုစောင့်ရှောက်ရတယ်။
သူတို့မောင်ကို မြန်မာပြည်မှာရနိုင်တဲ့ အကောင်းဆုံးပညာရေးကို ပေးဖို့
စိတ်ပိုင်းဖြတ်ထားတယ်။ (အဲဒီတုန်းက မြန်မာပြည်ဟာ ဗြိတိသျှပိုင် အိန္ဒိယထဲမှာ ပါတယ်။) တစ်နိုင်ငံလုံးမှာ
သူက ဓါတုဗေဒ ရွှေတံဆိပ်ဆုရတော့ လန်ဒန်မှာ အင်ဂျင်နီယာပညာလေ့လာဖို့ အလွန်ရခဲတဲ့
ပညာသင်ဆုရတယ်။ အဲဒီမှာ နောင်အခါ အိမ်ထောင်ဖက်ဖြစ်လာမယ့် အဲလိဇဘက် စိန်ပုနဲ့ တွေ့တယ်။
အဲလိဇဘက်ကလည်း အခက်အခဲတွေ အများကြီးကို ကျော်လွှားပြီးမှ လန်ဒန်မှာ
သူနာပြုပညာလေ့လာဖို့ ရခဲတဲ့ ပညာသင်ဆု ရခဲ့သူဖြစ်တယ်။ သူက ကရင်မိသားစုက
မွေးဖွားလာပြီး အိမ်ထောင်ကွဲနေတဲ့ မိဘနှစ်ပါးကြားမှာ ဟိုနေလိုက် ဒီနေလိုက်နဲ့
ကြီးပြင်းလာရသူပါ။ မိသားစုအခြေအနေ မပြေလည်ပေမယ့်လည်း သူနာပြုကျောင်းရဲ့
စာအတော်ဆုံးထဲမှာ အမြဲရှိနေအောင် ကြိုးစားခဲ့တော့ ပညာသင်ဆုရပြီး၊ လန်ဒန်မှာ
ဘွဲ့ရတဲ့ ပထမဦးဆုံး သူနာပြုဖြစ်ပါတယ်။
နိုင်ငံခြားမှာ
ပညာသင်ပြီးတဲ့အခါ ရုံးမိုနဲ့ အဲလိဇဘက်တို့ မြန်မာပြည်ပြန်လာပြီး လက်ထပ်ကြတယ်။
အဆင့်မြင့်တဲ့ ဘွဲ့လက်မှတ်တွေ ရထားတော့ အလုပ်ကောင်းကောင်းရတယ်။ ဦးရုံးမိုက
မြန်မာ့မီးရထားရဲ့မင်းကြီး ဖြစ်လာတယ်။ အဲလိဇဘက်က အသစ်ဖွဲ့စည်းလိုက်တဲ့
(အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်တဲ့) ဗမာ့တပ်မတော် မှာ
သူနာပြုချုပ်အဖြစ် တာဝန်ထမ်းဆောင်တယ်။ သူတို့နှစ်ယောက် မြို့တော် ရန်ကုန်မှာ
အခြေချကြပြီး မကြာခင်မှာပဲ ရန်ကုန်မြို့ရဲ့ နာမည်ကြီး လူကုံထံ မိသားစုတစ်စု
ဖြစ်လာတယ်။ သား ၃ ယောက်၊ သမီး ၂ ယောက်၊ ပေါင်း- ကလေး ၅ ယောက်ရှိတယ်။
သားသမီးတိုင်းကို မိဘတွေရဲ့ ထက်မြက်တဲ့ ခြေရာအတိုင်း နင်းဖို့ မျှော်လင့်ခဲ့ကြတယ်။
ဒါပေမယ့် တခြား
ညီအစ်ကိုမောင်နှမတွေသာ စာကြိုးစားပြီး၊ မိဘကို ဂုဏ်တက်စေပေမယ့် ဒေးဗစ်က
ပင်ကိုယ်ဉာဏ် ထက်မြက်ပါလျှက်နဲ့ ကျောင်းစာကို သိပ်စိတ်မဝင်စားဘူး။ ဖြစ်ချင်ရာဖြစ်၊
ခပ်ပေပေနေရင်း သူ့အစွမ်းအစတွေကို တလွဲအသုံးချတယ်။ အားကစားဆို ဘောလုံးကန်တယ်၊
အလေးမတယ်။ မိန်းကလေးတွေနဲ့ ပွေချင်ရှုပ်ချင်တယ်၊
ပြီးတော့ ရန်ဖြစ်တယ်။ ဆယ်ကျော်သက် အရွယ်မှာ
မိဘစကား နားမထောင်တဲ့ သိုးမည်းတကောင် ပီပီပြင်ပြင် ဖြစ်လာတယ်။ မိဘက လုံးဝ
လက်မြှောက်ထားရပြီ။ ဒေါ်အဲလိဇဘက်က သားလူဆိုးကို အေးဆေးတည်ငြိမ်စေချင်တဲ့
မြော်လင့်ချက်နဲ့ ကလပ်စီကယ်လ် တယောသင်တန်းတက်ခိုင်းတယ်။ ဒါပေမယ့် ဒေးဗစ်က ဂီတကို
သိပ်စိတ်မဝင်စားဘူး။ Elvis
Presley
အဲလ်ဗစ် ပရက်စလေရဲ့ သီချင်းတွေ နိုင်ငံခြားကနေ မြန်မာပြည်ကို
ရောက်လာတော့မှပဲ ဂီတကို သူ စိတ်ဝင်စားလာတော့တယ်။
Elvis-mania လို့ခေါ်တဲ့
“ပရက်စလေရောဂါ” ဟာ မြန်မာပြည်ရဲ့ လူကုံထံသားသမီးများ ကြားမှာ ၁၉၅၀
ပြည့်နှစ်များအတွင်း အတော် လွှမ်းမိုးခဲ့တယ်။ ဒေးဗစ်ကလည်း နောက်ကျ မကျန်ချင်ဘူး။
တယောကို ပစ်ချပြီး၊ ဂစ်တာကောက်ကိုင်ကာ တီးတတ်ဖို့ ကိုယ့်ဘာသာ လေ့လာသင်ယူတယ်။
မကြာခင်မှာပဲ ကျောင်းသားဖော်တွေရဲ့ အကြိုက်ဖြစ်တဲ့ ပရက်စလေရဲ့ နာမည်ကြီး
သီချင်းတွေကို ဆိုနေပါတော့တယ်။ “Ain’t nothing but a hound dog … ” , “Love me
tender …” စတဲ့ သီချင်းစာသားတွေဟာ
သူ့နှုတ်ဖျားကနေ ပျားရည်လို ချိုသာသိမ်မွေ့စွာ စီးဆင်းလာတယ်။
သူ့ရဲ့
ချိုသာတဲ့အသံနဲ့ ခပ်ကြမ်းကြမ်းစရိုက်က အသစ်ထိုးဖောက် ဝင်ရောက်လာတဲ့ ရော့ခ်ကင်ရိုး
သီချင်းများနဲ့ သိပ်လိုက်ဖက်တယ်။ သီချင်းနားထောင်ဖို့ သူ့အနားမှာ လာစုနေတတ်တဲ့
သူငယ်ချင်းတွေ ကြားမှာ
ဒေးဗစ် ချက်ချင်း ထင်ပေါ်လာတယ်။ ပါတီပွဲတွေမှာ တစ်ပွဲပြီးတစ်ပွဲ သီချင်းဆိုရင်း
စူးရှတဲ့ မျက်ဝန်းလဲ့လဲ့ မိန်းကလေးတွေနဲ့ သာယာတတ်လာတယ်။ မြန်မာ့အသံ
အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ ပရက်စလေသီချင်းတွေ ဆိုဖို့ တောင်းဆိုခံရတဲ့အထိ
ဖြစ်လာတယ်။
ဆယ်ကျော်သက်ရွယ်ကတည်းက
ဒေးဗစ်က ဆိုးသထက်ဆိုးလာတယ်။ မိဘကွယ်ရာမှာ စီးကရက်သောက်၊ ဆေးခြောက်ရှူနဲ့
အရက်ပါသောက်တတ်လာတယ်။ မုန့်ဖိုး အလုံအလောက်ရဖို့ အမေကို ကောင်းကောင်းချွဲတတ်တော့
သုံးစရာ ပိုက်ဆံလည်း အမြဲတမ်း လျှံနေတတ်တယ်။ ဒီငွေနဲ့ပဲ စီးကရက်၊ ဆေးခြောက်နဲ့
ဘီယာတွေကို ပေါပေါသီသီ ဝယ်ပေးနိုင်တော့ သူ့အနားမှာ သူငယ်ချင်း လူပေလေးတွေ
တိုးလာတယ်။ သူတို့သူငယ်ချင်းတစ်သိုက်ဟာ အမှောင်ထဲမှာ စီးကရက် လွတ်လွတ်လပ်လပ်
သောက်လို့ရတဲ့ ရုပ်ရှင်ရုံကို သွားတတ်လာတယ်။ ကျောင်းပိတ်ရက်တွေမှာ
သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အိပ်မယ်လို့ အကြောင်းပြပြီး၊ တကယ်က အပေါင်းအသင်းတွေနဲ့
ပါတီပွဲ ကျင်းပတတ်လာတယ်။ စားသောက်တဲ့ ကုန်ကျစရိတ်ကို အများအားဖြင့် ဒေးဗစ်ကပဲ
ရှင်းလေ့ရှိတော့ လူတိုင်း သူနဲ့ ပါတီပွဲ ကျင်းပချင်ကြတယ်။
ဒါကြောင့် ဒေးဗစ်ဟာ
ကျောင်းစာညံ့လာပြီး သိပ်ခက်တဲ့ အစိုးရစစ် ဆယ်တန်း မက်ထရစ် စာမေးပွဲကိုတောင်
အောင်ဖို့မလွယ်တဲ့ အခြေအနေ ရောက်လာတယ်။ သူ သိပ်ဉာဏ်ကောင်းတယ် ဆိုတာ မိဘဆရာ
အားလုံးသိကြပေမယ့် စာဖတ်ဖို့ သူ့ကို အမိဖမ်းရတာနဲ့ပဲ စိတ်ပျက်နေကြပြီ။
တနေ့ သင်္ချာဆရာမက
“ဒေးဗစ်၊ မင်း ဆယ်တန်းအောင်အောင် လုပ်နိုင်ရင် ဒီကျောင်းကြီးရဲ့ လေးထပ်အမြင့်ကနေ
ငါ ခုန်ချမယ်” လို့ စိတ်ဆိုးဆိုးနဲ့ ကဲ့ရဲ့လိုက်တယ်။
စိန်ခေါ်ရင်
ဘယ်တော့မှ ငြိမ်မနေတတ်တဲ့သူဖြစ်တော့ ဒီတစ်ခါ စိန်ခေါ်တာကိုလည်း တုန့်ပြန်ဖို့
စိတ်ထက်သန်စွာ ကျောင်းစာကို ထူးထူးခြားခြားကြီး လေ့လာနေပါတော့တယ်။ အံ့ဩစရာပါပဲ။ အောင်ရုံမကဘူး။
ဂုဏ်ထူးထွက်တယ်။ အမှတ်စာရင်း စာရွက်ကိုယူပြီး သင်္ချာဆရာမကို ပြတယ်။
အမှတ်စာရင်းကို မှင်သက်စွာ ကြည့်နေမိတဲ့ ဆရာမကို ဒေးဗစ်က အောင်နိုင်တဲ့အပြုံးနဲ့
စောင့်ကြည့်နေတယ်။ ဆရာမ စာရွက်ကို ကြည့်ပြီးပြီဆိုမှ ဒေးဗစ်က လူမိုက်အပြုံးနဲ့ ယဉ်ယဉ်ကလေး ပြောလာတယ်။
“ကဲ၊ ဆရာမ စိန်ခေါ်ထားတာကို ကျွန်တော့ဘက်က တာဝန်ကျေတယ်နော်။ အခု ဆရာမဘက်က
တာဝန်ကျေဖို့ပဲ လိုတော့တယ်။”
ဒီတစ်ခါတော့
မိဘတွေက သားအတွက် ဂုဏ်ယူကြရပြီ။ အမှတ်တွေကလည်း အတော်ကောင်းတော့ တက်ခွင့်ရခဲတဲ့
သိပ္ပံနဲ့ အင်ဂျင်နီယာ ကျောင်းသားအဖြစ် တက္ကသိုလ် တက်ခွင့်ရတယ်။ ဒီလိုဆိုတော့
ဒေးဗစ်က ဦးရုံးမိုရဲ့ မိသားစုနာမည်ကို ဂုဏ်တက်စေပြီလို့ ထင်စရာ ဖြစ်လာတယ်။
ဒါပေမယ့်
မိဘကွယ်ရာ၊ ဆရာသမားတွေနဲ့ ဝေးရာမှာ အရမ်း လွတ်လပ်သွားလို့ ဒေးဗစ်ကို
ထိန်းရခက်လာတယ်။ တက္ကသိုလ်ရောက်တာနဲ့ ကျောင်းစာ လုံးဝမကြည့်တော့ဘူး။
မကောင်းတာတွေပဲ လုပ်လာတယ်။ ကျောင်းသား အိပ်ဆောင်အခန်းကို ဖဲရိုက်ခန်းအဖြစ်
ပီပီပြင်ပြင် ပြောင်းလဲလိုက်တယ်။ ကျောင်းမတက်ဘူး။ ဆေးခြောက်ရှူ၊ ဖဲရိုက်၊
အရက်သောက်နဲ့ အချိန် ဖြုန်းနေတယ်။ ဒီလို မကောင်းတာတွေ လုပ်ဖို့အတွက်
ဈေးဆိုင်တွေကိုသွားပြီး တခြားလူဆိုးတွေရဲ့ရန်က ကာကွယ်ပေးမယ်ဆိုပြီး “မိုက်ကြေး”
တောင်းတယ်။ သွားလေရာမှာ ရန်ဖြစ်တယ်။ ရိုက်တယ်။ တခါတလေ နာမည်ကြီးချင်လို့ ရိုက်တယ်။
တခါတလေမှာတော့ ပျော်ချင်လို့ ရိုက်တယ်။
ဒါပေမယ့် အဲဒီလို
သူမိုက်ခဲ့သမျှတွေဟာ ကလေးကစားသလောက်သာ ရှိတယ်ဆိုတာကို ရန်ကုန်မြို့ရဲ့
လမ်းသရဲဂိုဏ်းတွေနဲ့ တွေ့တဲ့အခါမှ သူသိလာရတယ်။ ရှေ့လာမယ့်နေ့ရက်တွေမှာ သူ့ဘဝဟာ
မြန်မြန်ဆန်ဆန်ကြီး ဂျွန်းပြန် ကျဆင်းသွားတော့မယ် ဆိုတာကို ဘယ်သူမှ ကြိုတင် မရိပ်မိခဲ့ကြဘူး။
No comments:
Post a Comment