အခန်း
၁၇သေစကား
မပြောပါနဲ့Never Say Die(၁၉၉၇
– ၂၀၀၃)
“ပါးပါး”
… လို့ သမီး ရှာရွန်က ဖုန်းထဲကနေ ငိုရှိုက်ရင်း ပြောလာတယ်။ “မာမားမှာ ကင်ဆာ
ရှိနေတယ်။ အခြေအနေ မကောင်းဘူးလို့ ဆရာဝန်ကြီးက ပြောတယ်။ ပါးပါး မြန်မြန် ပြန်လာပါ။
မာမား အနားမှာ ပါးပါးရှိမှ ဖြစ်မယ်။”
ဆရာကြီးဦးဒေးဗစ်
လန့်သွားတယ်။ အရင်တလောကတော့ ဗိုက်ထဲမှာ နေလို့ မကောင်းဘူးလို့ ဒေါ်ကေသီ ပြောလို့
ဆေးစစ်ထားရတယ်။ စိုးရိမ်စရာ မရှိဘူးလို့ ဆရာဝန်က ပြောပြီး၊ သက်သာဖို့ ဆေးတချို့
ပေးထားတယ်။ သွေးတိုးတဲ့အတွက် စိုးရိမ်မိတယ်။ ဒါပေမယ့် ဒေါ်ကေသီကတော့ ဆရာဝန်
ပြောသလို… မကြာခင် သက်သာသွားမှာပါလို့ ပြောတယ်။
သက်သာပါလိမ့်မယ်လို့
တွေးရင်း ၁၉၉၇၊ မတ်လ တလလုံးအတွက် တရားဟောပွဲတွေ ပြုလုပ်ဖို့ စစ်ကိုင်းတိုင်း၊
ကလေးမြို့မှာ ရောက်နေချိန် ဖြစ်တယ်။ တရားပွဲတွေက အတော် အဆင်ပြေတယ်။ လူတွေ
ကယ်တင်ရှင်ကို လက်ခံလာတယ်။ ပျော်နေတုန်းမှာပဲ၊ သမီး ရှာရွန်ရဲ့ ရုတ်တရက်
ဖုန်းသတင်းကြောင့် အိမ်ပြန်ဖို့ စီစဉ်ရတော့တယ်။
ဒေါ်ကေသီကို
ဆေးစစ်တော့ သားအိမ်ကင်ဆာက ရင့်နေပြီ။ ရောဂါက ကိုယ်တွင်းမှာ ပျံ့နေပြီ။
သွေးသွန်လာတယ်။ ဆရာဝန်က အသက်ရှင်ဖို့ ၅၀% ပဲ ရှိမယ်လို့ ဆိုတယ်။
“ပါးပါး
ချက်ချင်း ပြန်လာခဲ့မယ်။” အမြဲတမ်း တည်ငြိမ်တဲ့ သူအသံက အခုတော့ တုန်လှုပ်နေတယ်။
“ပါးပါး မလာခင် မာမားကို ဂရုစိုက်ပေးပါ။”
“ကိုယ်တော်….
အဲလိုတော့ မဖြစ်ဘူးနော်…” သူမရှိဘဲ ဘယ်လို အသက်ရှင်ရပါ့။ ၃၄ နှစ်လုံးလုံး ဘဝရဲ့
ခြေလှမ်းတိုင်းမှာ၊ အနားမှာ အတူ ရပ်ပေးနေတဲ့သူ။ သားသမီး အရင်း ၅ ယောက်သာမက
ဆေးသမားတွေ၊ မိဘမဲ့ ကလေးတွေရဲ့ အမေ။ မိသားစုရော၊ လုပ်ငန်းကြီး တခုလုံးရဲ့
ကျောရိုးမကြီး။ “ကိုယ်တော် ရုပ်သိမ်းလို့ မဖြစ်ဘူးနော်….”
ရန်ကုန်ကို
ပြေးပြန်လာတော့ သူစိတ်မကောင်း ဖြစ်သွားတယ်။ ဒီနှစ်တွေအတွင်း ကေသီ့ကို ခရီးသွားရင်
တခါမှ မခေါ်ဖူးဘူး။ သူကတော့ လိုက်ချင်ရှာတယ်။ ဒါပေမယ့် မိသားစုကြီး တခုလုံးကို
ချက်ပြုတ် ကျွေးမွေးရ၊
ပြုစုရတော့ အိမ်မှာပဲ ကျန်ခဲ့ရတယ်။ ခရီးမထွက်ခင်မှာ “ကျွန်မအတွက် စိတ်မပူနဲ့။
အိမ်ကလူတွေအတွက် စိတ်မပူနဲ့။ ကျွန်မ ဂရုစိုက်ပါမယ်။” လို့ ပြောတတ်တယ်။ ခရီးသွားတာ
ကြာရင်လည်း အပြစ်မတင်တတ်ဘူး။ တကယ့် အထောက်အမ တယောက်ပါ။
“ကိုယ်တော် ….. ကေသီ မရှိဘဲ
ဘယ်လိုအသက်ရှင်ရမလဲ? အခုတော့
ခေါ်မသွားပါနဲ့ဦး … ကိုယ်တော်” လို့ ဆုတောင်း အသနားခံနေရပြီ။
ပြည်တွင်းရော၊
အမေရိကမှာ ရှိတဲ့ ခရစ်ယာန် မိတ်ဆွေတွေက ကေသီ့အတွက် ဆုတောင်းပေးကြတယ်။
ဓါတ်ရောင်ခြည်နဲ့ ကုသတာကို ရန်ကုန်မှာ ခံယူရတယ်။ ဝေဒနာ ခံစား နေရပေမယ့် ဆရာကြီး
ဦးဒေးဗစ်ကို အားပေးရှာတယ်။ “စိတ်အေးအေးထားနော်။ ကျွန်မအတွက် ဘာမှ မစိုးရိမ်နဲ့။
အားလုံးကို ဘုရားလက်တော်ထဲမှာပဲ အပ်ထားပါ။ ဒီအခြေအနေမှာ ရှင် ဘယ်လို
တုန့်ပြန်မလဲဆိုတာ အားလုံးက ကြည့်နေရတယ်ဆိုတာ မမေ့ပါနဲ့။”
၂ လလောက်
ဆေးကုပြီးတဲ့အခါ ဒေါ်ကေသီ နေကောင်းစပြုလာပြီလို့ ထင်လာမိတယ်။ အခြေအနေ
အတော်တိုးတက်ပြီး၊ အားပြန်ပြည့်လာပြီ။ စင်္ကာပူကို ခေါ်သွားပြီး ကင်ဆာ လုံးဝ
ပျောက်/ မပျောက် ဆေးစစ်ပေးချင်လာတယ်။ ပတ်စ်ပို့ မရှိတော့ ချက်ချင်း
လျှောက်လိုက်တယ်။
လတွေသာ
အတော်ကြာသွားတယ်။ ပတ်စ်ပို့က ရမလာဘူး။ လိုက်စုံစမ်းတော့ မရတဲ့ အကြောင်းရင်းကို
သိရတယ်။ ဒီ့အရင်က သူ့ကို အစိုးရက မြန်မာပြည် ကိုယ်စားလှယ်အဖြစ် HIV-AIDS ၄
ကြိမ်မြောက် ကမ္ဘာ့ ညီလာခံကို ဖိလစ်ပိုင်၊ မနီလာမြို့မှာ တက်ခိုင်းတယ်။ သူ
ငြင်းလိုက်တယ်။ သူနားလည် လိုက်ပြီ။ ညီလာခံ မတက်ရင် ပတ်စ်ပို့ မရနိုင်ဘူး။ ဒါလည်း ဘုရားအလိုတော်ပဲဆိုပြီး၊
စိတ်ပြောင်းသွားပြီ၊ ညီလာခံ အခုတက်လို့ ရပြီလို့ အကြောင်းပြန် လိုက်တယ်။ ဒါနဲ့
ဒေါ်ကေသီ့ ပတ်စ်ပို့က ချက်ချင်းကျလာတယ်။
အိမ်ထောင်ကျပြီးကတည်းက
ခရီး အတူမသွားဖူးဘူး။ ဒါကြောင့် အခု ခရီးဟာ ဘုရားပေးတဲ့ လက်ဆောင်ပဲ။ ပြီးတော့ ဒါက
ပြည်ပခရီး။ ၁၉၉၇၊ အောက်တိုဘာမှာ မနီလာကို အရင်ရောက်တယ်။ ဆရာကြီး ဦးဒေးဗစ်
ညီလာခံတက်နေတုန်း၊ ဒေါ်ကေသီက အနှစ် ၂၀ လောက် ကွဲကွာနေတဲ့ ဖိလစ်ပိုင် မိသားစုနဲ့
ပြန်တွေ့ခွင့် ရလိုက်တယ်။ ဘုရားလက်ရာ သိပ်လှတာကို မြင်ရတဲ့အတွက် နှစ်ဖက်လုံး
ကျေးဇူးတော် ချီးမွမ်းကြတယ်။
ဖိလစ်ပိုင်က အပြန်၊
စင်္ကာပူကို ဝင်တယ်။ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ဒေါ်ကေသီကို ဆရာဝန်ကြီး တယောက်နဲ့
ပြကြည့်ဖို့ စီစဉ်လိုက်တယ်။ ဆရာဝန်က ကင်ဆာအမြစ်တွေ အကုန် ခြောက်ကပ်သွားပြီလို့
ပြောလိုက်တော့ အံ့ဩရတယ်။ နှစ်ယောက်လုံး ပြောမပြ နိုင်လောက်အောင် ဝမ်းသာရသလို၊ မိတ်ဆွေတွေ
ဆုတောင်းပေးတာကို ဘုရားသခင် အဖြေပေးတဲ့အတွက်လည်း ကျေးဇူးတော် ချီးမွမ်းရတယ်။
စိတ်ဝင်စားစရာကောင်းတာက
ဒေါ်ကေသီ မကျန်းမာတဲ့အချိန်မှာမှ MYC က ပိုအောင်မြင်နေတယ်။
၁၉၉၇ ရဲ့ အောင်မြင်မှုဟာ အရင် ၅ နှစ်စာလောက်ရှိတယ်။ လူတွေ သခင်ဘုရားကို
လက်ခံလာတယ်။ မိသားစု မိသဟာယတွေ စနိုင်ခဲ့သလို၊ ဘုရားကျောင်းတွေလည်း
ဆောက်နိုင်ခဲ့တယ်။ အစိုးရဌာနတွေနဲ့ UN အဖွဲ့အစည်းတွေက မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးအတွက် MYC နဲ့ လက်တွဲလာတယ်။ စာတန်က ဒေါ်ကေသီကို တိုက်ခိုက်ပေမယ့် ဘုရားက MYC ကို ထူးထူးခြားခြား
ကောင်းကြီးပေးနေတယ်။
ဒေါ်ကေသီ ရန်ကုန်
အိမ်ကို ပြန်ရောက်တော့ အတော် တိုးတက်လာတယ်။ ကျေးဇူးတော် ချီးမွမ်းတဲ့ အနေနဲ့ ခရစ်စမတ်
ညစာစားပွဲကို လူ ၁၅၀ စာ ချက်ပေးခဲ့တယ်။ MYC မိသားစု အတွက်တော့ အဲဒီနှစ် ခရစ်စမတ်
ညစာဟာ ဘုရားပေးတဲ့ အကောင်းဆုံး လက်ဆောင်ပါပဲ။
အဲဒီအချိန်ကစပြီး
ဆရာကြီး ဦးဒေးဗစ်ဟာ ခရီးသွားရင် ဒေါ်ကေသီကို ခေါ်သွားလေ့ရှိတယ်။ အဲဒီ
ဒီဇင်ဘာလထဲမှာပဲ ဆရာကြီးနဲ့ သူ့လက်တွဲဖေါ် ဆရာ ၃၅ ယောက်၊ အဆိုတော်တွေ၊ ဂီတ ပညာရှင်တွေ မြို့ကြီး ၅ မြို့မှာ တရားပွဲ ကျင်းပကြတယ်။
ပရိတ်သတ် ၅ သောင်း လောက်ရှိတယ်။ အသင်းတော်တွေ ထပ်တိုးလာတယ်။ ၁၉၉၈ မှာတော့
မြန်မာ-ထိုင်းနယ်စပ်က ကျိုင်းတုံ- တာချီလိတ် ဒေသမှာ လေဟာပြင် တရားပွဲ
ကျင်းပတယ်။ ဒီဒေသဟာ ရွှေတြိဂံဒေသရဲ့ သောဒုံ-ဂေါမောရ Sodom and Gomorrah လို့ နာမည်ကြီးတယ်။ တေးဂီတနဲ့ တရားစကားကို ပရိတ်သတ် ၄၀၀,၀၀၀ လောက် ကြားကြရတယ်။ မူးယစ်ဆေးသမားတွေ၊ ပြည့်တန်ဆာတွေ၊ HIV-AIDS ဝေဒနာသည်တွေ
ထောင်နဲ့ချီပြီး သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံကြတယ်။
ဒေါ်ကေသီကတော့
မြင်မြင်သမျှကို အံ့ဩနေတယ်။ “ရှင်…. ဘုရားအတွက် အလုပ် သိပ်လုပ်တယ် ဆိုတာ အရင်က
ဒီလောက်နားမလည်ခဲ့ဘူး။ အချိန်တိုတို အတွင်းမှာ အောင်မြင်လာပြီနော်။ ရှင်..
ဘုရားသခင်အတွက် အတော် အလုပ်လုပ်ခဲ့ပြီပဲ။ ဒါတွေမြင်ရတော့ ကျွန်မ သေပျော်ပါပြီ။”
လအတော်ကြာ နေကောင်းပြီးမှ၊ ဒေါ်ကေသီ
ဗိုက်နာလာပြန်တယ်။ ၁၉၉၈ မှာ စင်္ကာပူကို ဆေးစစ် သွားရတယ်။ ကျောက်ကပ်မှာ
စိုးရိမ်စရာ အကြိတ်ကြီး တည်နေတယ်လို့ စိတ်ပျက်စရာ ကြားရကြတယ်။ ဆရာဝန်တွေက
ချက်ချင်းပဲ ကင်ဆာကြိတ်ကို chemotherapy နဲ့ ကုပေးကြတယ်။ ဆီးအိမ်နဲ့ အူမကြီး အောက်ပိုင်း bladder and colon ကို ဖြတ်ထုတ်ပစ်တယ်။ ၄ လကြာ ဆေးကုပြီးတော့ ဆရာဝန်တွေက သူတို့
တတ်နိုင်သမျှ ကုပေးပြီးပြီ။ လူနာကို အိမ်ပြန်ခေါ်ပြီး မိသားစု၊ မိတ်ဆွေတွေနဲ့
နောက်ဆုံးအချိန်လေးမှာ အေးအေးချမ်းချမ်း နေသွားပါစေလို့ ပြောလာတယ်။
၁၉၉၈ အောက်တိုဘာမှာ
ရန်ကုန်ကို ပြန်ရောက်တော့ တိုးပွါးလာတဲ့ အလုပ်တွေထဲမှာ ဆရာကြီးဦးဒေးဗစ် နစ်နေတယ်။ ANM ရဲ့
အကူအညီနဲ့ ဘုရားကျောင်း ၅ ကျောင်း ဆောက်တယ်။ သန်လျင် မိဘမဲ့ကလေးကျောင်း
ဆောက်တယ်။ သူနဲ့တဆက်တည်း လူအများကြီးဆံ့တဲ့ ဘုရားရှစ်ခိုးဖို့ ခန်းမလည်း ဆောက်တယ်။
ကျမ်းစာကျောင်းသား ၁၅၀ ထဲက ၅၀ ကျောင်းပြီးသွားတယ်။ အမှုတော်ဆောင် ဆရာတွေ
ဖြစ်လာတယ်။ ဒီဇင်ဘာလမှာ အမျိုးသားကဇာတ်ရုံကို ငှါးပြီး လူငယ်ညီလာခံ ကျင်းပတယ်။
လူအများကြီး လာကြတယ်။ ဒီပွဲအရှိန်နဲ့ ဒီလထဲမှာပဲ နောက်ထပ် လူငယ်ညီလာခံ ၁၀ ခု
ထက်မနည်း စီစဉ်ခဲ့ကြတယ်။
လုပ်ငန်းက
တိုးတက်လာသလောက် ဒေါ်ကေသီရဲ့ ကျန်းမာရေးက ယို့ယွင်းလာတယ်။ ဒီတခါတော့
ကြာကြာနေရတော့မှာ မဟုတ်ဘူးလို့ ဆရာကြီး ရိပ်မိနေပြီ။ ဒါကြောင့် အနားမှာ
နေပေးနိုင်ဖို့ တချို့အလုပ်တွေကို ဆရာပီတာဘို၊ ဆရာပီတာလိန်းတို့နဲ့ လွှဲလိုက်ရတယ်။
၁၉၉၉ ဧပြီ ၂၄ မှာ
ဒေါ်ကေသီက ဆရာကြီးကို တနေ့လုံး အနားမှာ ထိုင်ပေးဖို့ တောင်းဆိုတယ်။ ဝေဒနာကို
အလူးအလဲ ခံစားနေရရှာတယ်။ ဆရာကြီးက မကြည့်ရက်တော့ဘူး။ ဒါတောင် ဒေါ်ကေသီက
“အဆုံးတိုင်အောင် ယုံကြည်ခြင်း ခိုင်မာဖို့ လိုတယ်နော်။ ” လို့ ဆရာကြီးကို
ပြန်အားပေးရှာသေးတယ်။ ဝေဒနာကို မေ့နေအောင် မကြာသေးခင်က တရားပွဲ ဗီဒီယိုအခွေတွေကို
ပြပေးရတယ်။
ဒါပေမယ့်
နေ့လည်ခင်းရောက်တော့ သွေးဆုတ်သွားပြီ။ ဆရာကြီးကို တိုးတိုးလေး ခေါ်တယ်။
မော့ကြည့်ရင်း တိုးတိုးလေး ဆိုရှာတယ်။ “သွားပြီနော်” ။ အဲဒီနောက် ဘုရားသခင်ထံပါး
ငြိမ်သက်စွာ ကူးပြောင်းသွားပါတော့တယ်။ အသက် ၅၇ နှစ်ပါ။
ဒေါ်ကေသီကို
စော်ဘွားကြီးကုန်း ခရစ်ယာန် သုသာန်၊ အဘွား ဒေါ်အဲလိဇဘက်ရဲ့ အုတ်ဂူနံဘေးမှာ
သဂြိုဟ်တယ်။ သူ့နာရေးမှာ တရားဟောဖို့ ဆရာကြီးကို တောင်းဆိုထားပေမယ့်
တရားဟောနိုင်ဖို့က မသေချာတော့ဘူး။ တွေ့ကြုံရင်းနှီးဖူးတဲ့လူတွေ ထောင်ချီပြီး
လေးစားသမှုနဲ့ လိုက်ပို့ကြတယ်။ အသင်းတော် အသိုင်းအဝိုင်းရော၊ စစ်တပ်အသိုင်းအဝိုင်းပါ
ပို့ဆောင်ကြတယ်။ ပန်းတွေကို ကားတွေနဲ့ သယ်ယူရလောက်အောင် စင်မြင့်ရော၊
သင်ချိုင်းမှာပါ မြင်မြင်သမျှ ပန်းတွေဝေနေတော့တယ်။
သူ့ဇနီးအပေါ်မှာ
သံယောဇဉ်ရှိတာကိုတွေ့ရတော့ ဆရာကြီးဦးဒေးဗစ် တရားဟောဖို့ ဆုံးဖြတ်ရတော့တယ်။
ဒါပေမယ့် လူတိုင်း မျက်ရည်ကျရတာကတော့ မိဘမဲ့ကလေးတွေက သူတို့ချစ်တဲ့ မာမားအတွက်
သီချင်းဆိုကြချိန်ပါ။ မိဘမဲ့ကလေးတွေက တနေကုန် ငိုကြတယ်။ သူတို့ဘဝမှာ အစားထိုးလို့
မရတဲ့သူတယောက် မရှိတော့ဘူးလေ။
ဝမ်းနည်းနေပေမယ့်
လုပ်စရာ အလုပ်တွေကလည်း ရှိနေတယ်။ အလုပ်ထဲမှာ နှစ်ထားလိုက်ရင်တော့ ကြေကွဲနေတာ
သက်သာမယ်လို့ မြော်လင့်မိတယ်။ သန်လျင် မိဘမဲ့ကျောင်းက စနေပါပြီ။ အဲဒီကို
သွားလည်တိုင်း ကေသီမြင်ရင် ကြည်နူးမှာပဲလို့ တွေးမိတယ်။ ၁၉၉၉ ဇူလိုင်မှာ
မှော်ဘီကျောင်းသစ် ဆက်ကပ်တယ်။ ဒါက မူးယစ်ဆေးဖြတ်ဌာနနဲ့ ကျမ်းစာကောလိပ် နေရာပါ။
လေဟာပြင် တရားဟောပွဲတွေကို အထူးသဖြင့် နယ်စပ်ဒေသတွေမှာ လုပ်ဖြစ်တယ်။ အဲဒီအတွက်
တလကို အသင်းတော် ၂ ပါး ပေါ်လာတယ်။ အသင်းတော် အသစ်စထောင်ရာမှာ အအောင်မြင်ဆုံး
ဖြစ်လာတယ်။
မိသားစုဝင်တွေ
ရှိနေတာကြောင့် ကေသီကြောင့် ဝမ်းနည်းနေရတာ ခံသာသေးတယ်လို့ ပြောရမယ်။ အတူနေတာက ၂၈
ယောက်ရှိတယ်။ သမီး ရှာရွန်၊ သားမက် ချစ်စမ်းမောင်နဲ့ ကလေး ၃ ယောက်။ သားဒေးဗစ်နဲ့
ချွေးမ ဂီနာ။ သား တီမသီနဲ့ ၄ နှစ်ကနေ ၁၄ နှစ်အတွင်းရှိတဲ့ မိဘမဲ့ကလေး ၂၀။
သမီးရှာရွန်က ဒေါ်ကေသီရဲ့ အလုပ်- မိသားစုတစုလုံးစာ ချက်ပြုတ်ရသလို၊ ကလေးတွေကိုလည်း
ကြည့်ရှုပြုစုရတယ်။ သားဒေးဗစ်နဲ့ သားတီမသီတို့က MYC ရဲ့ စတူဒီယိုမှာ အသံဖမ်း
အင်ဂျင်နီယာ လုပ်ကြတယ်။ သားကယ်လ်ဗင်၊ သူ့ဇနီးနဲ့ ကလေး ၂ ယောက်က အနားမှာ နေရာကနေ
မှော်ဘီကျောင်းကို ရွှေ့ကြတယ်။ သားကြီး၊ သမီးကြီးတွေ သူ့အနားမှာ
အလုပ်အတူလုပ်နေတော့ စိတ်သက်သာတယ်။ မြေး ၅ ယောက်ကလည်း အနားမှာပဲဆိုတော့
တက်တက်ကြွကြွနဲ့ နေပျော်ပါတယ် လို့ ဆိုရမယ်။
ဆရာကြီး ဦးဒေးဗစ်က
ဘုရားအလုပ်ထဲမှာပဲ စိတ်ကို မြှုပ်ထားတော့တယ်။ ၅ နာရီခွဲဆိုရင် အိပ်ယာထ၊ ၇ နာရီမှာ ရုံးတက်တယ်။
ရုံးကဆရာတွေနဲ့ အတူ ဆုတောင်းပြီးတဲ့အခါ ဆေးသမားတွေကို စကားပြော ဆုံးမတယ်။
အသင်းတော်ကိစ္စ၊ ရုံးကိစ္စတွေ လုပ်တယ်။ မိုင် ၃၀ ဝေးတဲ့ မှော်ဘီကို ကားမောင်းတယ်။
၁၈ မိုင်ဝေးတဲ့ သန်လျင်ကိုလည်း ကားမောင်းသွားတယ်။ အဲဒီမှာ နေ့လည်စာစား၊ တနေ့တာ
လည်ပတ်၊ ဆိုဆုံးမစကားပြောရင်း ရင်းရင်းနှီးနှီး နေတတ်တယ်။ တချို့နေ့တွေမှာတော့
မှော်ဘီကို သွားရင်း၊ မြောက်ဖက် မိုင် ၂၀ အကွာက မရမ်းချောင် အနာကြီးစခန်းကို
သွားတတ်တယ်။ ညနေ ၅ နာရီမှာ အိမ်ပြန်ရောက်တတ်တယ်။ ကိုယ်ကာယ လေ့ကျင့်ခန်း တနာရီလောက်
လုပ်တယ်။ ညဖက်တော့ မိသားစုနဲ့ အနားယူတယ်။
မိဘမဲ့ကလေးတွေဆီ
သွားလည်ရတာတော့ သူအတော် ပျော်တယ်။ ကလေး ၁၀၀ လောက် ပြေးလာပြီး ကျမ်းစာပိုဒ်တွေ
ရွတ်ပြမယ်၊ သီချင်းတွေ ဆိုပြမယ်။ ဆရာကြီးဦးဒေးဗစ်က သူ့ကျောင်းက ဆရာတွေကို
ပြောတတ်တယ်။ “ဆရာတွေက ဝပြီး၊ ကလေးတွေက ပိန်နေရင်၊ အဲဒါ ပြဿနာရှိနေပြီ။ ကလေးတွေက
ဝပြီးတော့ ဆရာတွေ ပိန်ရင်တော့၊ အဲဒါ ကောင်းတယ်။”
ကလေးတွေကို ခဏခဏ
မေးတတ်တယ်။ “ဒီမှာ နေရတာ ပျော်ရဲ့လား?” ပျော်တယ်လို့
ဖြေကြရင်တော့ “မင်းတို့ ကြီးလာရင် ခေါင်းဆောင်တွေ ဖြစ်လာမယ်။ မင်းတို့
သူငယ်ချင်းတွေနဲ့ နောက် ဒီမှာ လာနေမယ့် ကလေးတွေကို ဂရုစိုက်ရမယ်နော်။”
“ဟုတ်ကဲ့ပါ
ပါးပါး” လို့ ကလေးတွေက ပျော်ပျော်ရွှင်ရွှင် ဖြေကြတယ်။
“ဒါပေမယ့်
ဒီလိုလုပ်ဖို့က မင်းတို့ရင်ထဲမှာ သခင်ယေရှုရဲ့ မေတ္တာ ရှိမှ ဖြစ်မယ်။”
“ဟုတ်ကဲ့”
လို့ ပြုံးပြုံးရွှင်ရွှင် အော်ပြီး ဖြေကြတယ်။
၂၀၀၁၊
နွေရာသီမှာတော့ ဆရာကြီးဦးဒေးဗစ်ဟာ ဗာဂျီးနီးယားပြည်နယ်၊ Lynchburg မြို့ Liberty University က အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (Humanities) ကို
သွားရောက် လက်ခံယူတယ်။ နှစ်ပေါင်းများစွာ Liberty University က MYC ကို
စာပေးစာယူ သင်ခန်းစာတွေ အပါအဝင် စာအုပ်တွေ ပေးခဲ့တယ်။ တက္ကသိုလ်ရဲ့ ဆရာသမားတွေက
ဆရာကြီး ဦးဒေးဗစ်ရဲ့ အောင်မြင်မှုတွေကို သဘောကျလာတယ်။ ဂုဏ်ပြုတာကို ဘုရားသခင့်
ဘုန်းတော် သက်သက်ကြောင့်လို့ ဝန်ခံတယ်။ ဒီဂုဏ်ပြုတာကြောင့် MYC ကို
အသိအမှတ်ပြုရာ ရောက်သလို ဂုဏ်လည်းရှိစေတယ်။
၂၀၀၂ ခုနှစ်
အစောပိုင်းမှာ ဆရာကြီးဦးဒေးဗစ် အကြောင်းမဲ့ ဗိုက်နာစ ပြုလာတယ်။ အကြိမ်များစွာ
ဆရာဝန် ပြပြီး ဆေးတွေ အမျိုးမျိုး သောက်ပေမယ့် ဗိုက်နာတာ မသက်သာဘူး။ ကင်ဆာလားလို့
သံသယဖြစ်လာတယ်။ အသားစထုတ်ပြီး ဆေးစစ် biopsy လုပ်တော့မှ ကင်ဆာ
သေချာသွားတယ်။
ကြားစမှာတော့
တုန်လှုပ်ပြီး ကြောက်သွားတယ်။ နောက်မှ “ဘာလို့ ကြောက်ရမလဲ?
ငါ လူတွေကို နောင်တမလွန် အကြောင်း ဟောနေတာပဲ။ ကိုယ့်အလှည့်မှ
ကြောက်ရမလား? ပြီးတော့ ငါတို့ရဲ့ ဆောင်ပုဒ်က “Never Say Die” သေစကား
မပြောတော့ဘူး မဟုတ်လား”
ကေသီ ပြောတဲ့
“အဆုံးတိုင်အောင် ယုံကြည်ခြင်း ခိုင်မာဖို့ လိုတယ်နော်။ ” ဆိုတဲ့ နောက်ဆုံးစကား
ပြန်ကြားယောင်လာတယ်။ ဆရာကြီးဟာ သေခြင်းကို ရုန်းကန်ရင်း အသက်ဆက်ဖို့
သူအရင်ရှိခဲ့တဲ့ စိတ်ဓါတ်တွေအတိုင်း ကြိုးစားတယ်။ သူ့မှာ ကင်ဆာဖြစ်နေပြီလို့
ဆေးသမားတွေ၊ ကျမ်းစာကျောင်းသားတွေ၊ မိဘမဲ့ကလေးတွေ၊ အနာကြီးရောဂါသည်တွေကို
ရင်းရင်းနှီးနှီး ပြောပြတယ်။ အားလုံး ယူကြုံးမရ မျက်ရည်ကျကြတယ်။
“ဆရာကြီးအစား
ကျွန်တော်တို့ သေလို့ မရဘူးလားဗျာ” လို့ အနာကြီးရောဂါသည်တွေက ငိုပြောကြတယ်။ သူတို့
သေရမယ့်အစား ဆရာကြီးအပေါ် ကံကြမ္မာ လှည့်စား ရက်စက်တယ်လို့ ထင်ကြတယ်။
“မဟုတ်ဘူး။
ဘုရားသခင် စီမံတဲ့အတိုင်း လူတိုင်း ကိုယ့်အလှည့်နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် Never Say Die ဆိုတာ
သတိရကြ။ နောက်ဆို တို့တတွေ သေတယ်ဆိုတဲ့စကား ပြောရမှာ မဟုတ်တော့ဘူး။”
MYC ရဲ့ လုပ်ငန်းအသီးသီးကို
ဦးဆောင်တဲ့ဆရာတွေထံမှာ ယုံကြည်စွာ အပ်နှံ ပြီးတဲ့နောက် အခြေအနေဆိုးနေပြီဖြစ်တဲ့
အသဲကင်ဆာကို ကုသဖို့ ၂၀၀၂ ဧပြီလမှာ စင်္ကာပူကို ထွက်လာခဲ့တယ်။ နောက် ၅ လဆိုရင်
အသက်ရှင်ဖို့ ၅၀% ပဲ ရှိတယ်လို့ ဆရာဝန်တွေက ဆိုတယ်။ ဒါဆိုရင်တော့ လုပ်စရာအလုပ်တွေလည်း
ရှိနေသေးတော့ ထာဝရအိမ်တော်ကို မပြန်သေးခင် သေခြင်းကို တတ်နိုင်သမျှ
အံတုထားရမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဆရာဝန်တွေက သူ့ကို
ချက်ချင်းပဲ ဓါတ်ရောင်ခြည်ကုသတာ၊ chemotherapy ကုသတာတွေ
ထပ်ခါထပ်ခါ လုပ်တယ်။ ဒါတွေက သူ့ကို အားအင် အကြီးအကျယ် ယုတ်သွားစေတယ်။ ဒါကြောင့်
အဖျားအနာ ဝင်လာတယ်။ လွန်ခဲ့တဲ့ ၂၈ နှစ်လောက်က အသဲရောင်ရောဂါနဲ့ သေခါနီး
ဖြစ်ခဲ့ချိန်မှာပင် ဒီလောက် စိတ်ဓါတ်ကျတာ မခံစားခဲ့ရပါ။ အဲဒီတုန်းက ကိုယ့်မှာ
အသက်ရှင်စရာ အကြောင်း ဘာမှမရှိ။ အခုက အသက်ရှင်ဖို့ အကြောင်းတွေ အပြည့်။
ထောင်နဲ့ချီတဲ့လူတွေက “ပါးပါး” လို့ စိတ်လိုလက်ရ အခေါ်ခံရတဲ့သူ။ ၂၈ နှစ်လုံးလုံး
သောင်းနဲ့ ချီတဲ့လူတွေကို အားပေးခဲ့တဲ့သူ။ အခုတော့ သူ့ကိုယ်သူ ပြန်အားပေးဖို့
လိုလာပြီ။ ဒါပေမယ့် ဘုရားသခင် သစ္စာရှိပါတယ်။ ပြည်တွင်းနဲ့ အမေရိကန်ပြည်က
မိတ်ဆွေတွေက ဆုတောင်းပေးကြ၊ အီးမေးလ်တွေ ပို့ကြတယ်။
စင်္ကာပူမှာ
ဆေးကုသနေချိန်မှာပဲ MYC ဆရာတွေကို
email နဲ့
ဖုန်းကနေ ပုံမှန် ဆက်သွယ်နေသလို၊ ရုံးအလုပ်တွေကိုလည်း laptop ကနေ
လုပ်တယ်။ သွားတာကြာလို့ ဆရာတွေ ခံစားနေမှာ သိပေမယ့် သူ့ကို အားမကိုးဘဲ၊
ဘုရားသခင်ကိုသာ လုံးလုံး အားကိုးတတ်ဖို့ သင်ယူနေရပြီဆိုတာ သိတယ်။ ဒါကလည်း
အရေးကြီးပါတယ်။ မကြာခင် အချိန်အတွင်းမှာ ခေါင်းဆောင်တယောက်ရဲ့ ပဲ့ကိုင်တာဝန်ကို
သူတို့ယူကြရတော့မယ်။
ဩဂတ်စ်လလယ်မှာတော့
ဆရာဝန်တွေကို ခွင့် ၂ ပတ် ပန်ပြီး အောက်တိုဘာမှာ ကျင်းပမယ့် သင်းအုပ်သင်တန်းအတွက်
ပြင်ဆင်မှုတွေလုပ်ဖို့ ပြန်လာခဲ့တယ်။ ရန်ကုန်ကို ခဏ ပြန်လာချိန်အတွင်းမှာ
ဘုရားသခင် မ,စလို့ တရား ၇ ကြိမ် ဟောနိုင်ခဲ့တယ်။
ဟောတိုင်း အဓိက အကြောင်းအရာက တခုတည်းပါပဲ။ “ကိုယ်ရဲ့ အမွေဥစ္စာဆိုတာ
သခင်ယေရှုဆိုတာ မမေ့နဲ့။ သခင်ယေရှုကလွဲလို့ ကိုယ့်မှာ ဘာမှမရှိဘူး။ သခင်ယေရှုကို
ရလိုက်တာဟာ အားလုံးကို ရလိုက်တာပဲ။ သခင်ယေရှုကို မရရင်တော့ ဘာမှမရဘူး။ ဒီဘဝမှာ
မြင်နေရသမျှဟာ တခဏမျှသာပဲ။ မကြာခင်မှာတော့ ကောင်းကင်သစ်၊ မြေကြီးသစ်ကို မြင်ရလိမ့်မယ်။
Never Say Die မသေရတော့ဘူးဆိုတဲ့
ထာဝရအသက် ဂတိတော်ကို သတိရပါ။”
ပြန်လာချိန်ကလေးအတွင်းမှာပဲ
HIV-AIDS Hospice center ဆက်ကပ်ရာမှာ ပါဝင်နိုင်ခဲ့တယ်။ ဒါက နှစ်ပေါင်းများစွာ
သူတောင့်တခဲ့ပြီး၊ ဖြစ်အောင်လုပ်ခဲ့တဲ့ ပြုစုရေး ဆေးရုံကလေးပါ။ အခမ်းအနားကို လူ
တထောင်လောက် တက်ရောက်တယ်။ ဘုရားသခင့် နိုင်ငံတော်အတွက် သူလုပ်ချင်တာကလေး
လုပ်ခွင့်ပေးတဲ့အတွက် ဘုရားကျေးဇူးတော် ချီးမွမ်းမိတယ်။
စင်္ကာပူကို
ဆေးကုသဖို့ ပြန်သွားပြီး နောက်ပိုင်းမှာလည်း
အောက်တိုလာလအတွင်း အရေးကြီးတဲ့ ပွဲနှစ်ခုမှာ ပါဝင်ဖို့ ခွင့်ပန်ပြီး ပြန်ခဲ့တယ်။
တခုက MYC ကျမ်းစာကောလိပ်ရဲ့
ကျောင်းသား ၉၆ ယောက် ကျောင်းဆင်းပွဲ။ နောက်တခုက သင်းအုပ်ဆရာ၊ ဧဝံဂေလိဆရာ ၂၀၀
နီးပါး တက်ရောက်တဲ့ သင်းအုပ်သင်တန်း။ ဒီမှာလည်း သူ့အတွက် ခွန်အားသစ်၊ အကြံညဏ်သစ်
တွေ ဘုရားပေးတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းမိတယ်။
တတိယအကြိမ်
အိမ်ပြန်ဖို့ ခွင့်ပန်တော့ ဆရာဝန်တွေ အံအားသင့်ကြတယ်။ ဒီတခါတော့ ဒီဇင်ဘာ
လကုန်ပိုင်းကနေ ဇန်နဝါရီ လဆန်းအထိ- ၃ ပတ်။ နေမကောင်းပေမယ့် အနည်းဆုံး တရားပွဲ တခု လောက်မှာတော့
ပါဝင်ချင်တယ်။ ဝေးလံတဲ့ဒေသတခုမှာ ဒီဇင်ဘာအတွင်း တရားပွဲကျင်းပဖို့ ဆရာတွေက
စီစဉ်ထားကြပြီ။ လမ်းမပေါက်တော့ ဆင်စီးသွားရမယ့်နေရာ။ ကျန်းမာရေး အခြေအနေကြောင့်
ဆရာကြီး လိုက်နိုင်ပါ့မလားလို့ စိုးရိမ်မိကြတယ်။ ဒါပေမယ့် တောတွေ တောင်တွေထဲမှာ
ဆင်စီးပြီးလိုက်မယ်လို့ ဆရာကြီးဦးဒေးဗစ်က ဆုံးဖြတ်ထားပြီ။ အဲဒီဒေသမှာ သူ တရားဟောချင်တယ်။ ဒါ
နောက်ဆုံး ဖြစ်နိုင်တယ်လို့ သူသိပါတယ်။ အဆုံးတိုင်အောင် သူပြေးချင်တယ်။
ငှက်ဖျားပေါတဲ့
သာယာဝတီတောကို ဆင်စီးဖြတ်ရပေမယ့် ကြံ့ကြံ့ခံနိုင်ဖို့ အားကို ဘုရားက ပေးပါတယ်။
ပရိတ်သတ် ၅၀,၀၀၀ နီးပါးလာတယ်။ ဆရာကြီး ဦးဒေးဗစ်
တရားဟော အပြီးမှာတော့ ပရိတ်သတ်ရဲ့ ၆၀% လောက်က သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်
လက်ခံကြတယ်။ ဒါလည်း ဘုရားကျေးဇူးတော် သက်သက်ပဲလို့ သူဝန်ခံတယ်။ ဆရာဝန်တွေက သူ့ကို
ဒီလောက်အထိ အသက်ရှင်မယ်လို့ မထင်ကြဘူး။ ဒါပေမယ့် သူကတော့ တောနက်ထဲမှာ ထောင်ချီတဲ့လူတွေကို
သခင်ယေရှုအကြောင်း သိခွင့်ရစေပြီ။
၂၀၀၃
ဇန်နဝါရီမှာတော့ စင်္ကာပူကို ဆေးကုဖို့ ပြန်သွားတယ်။ ဒါပေမယ့် မတ်လဆန်းမှာတော့
မြန်မာပြည်ပြန်ပြီး သူ့ကို ဘုရားခိုင်းထားတဲ့ အလုပ်ကလေးတွေ လက်စသပ်ရဖို့
ဆုတောင်းနေတယ်။ စင်္ကာပူမှာ ကင်ဆာကုတာ တနှစ်နီးပါးကြာလာပြီ။ အခြေအနေက
တည်ငြိမ်နေတယ်။ သူ့မိသားစုကြီး ဖြစ်တဲ့
ဆေးသမားတွေ၊ မိဘမဲ့ကလေးတွေ၊ အနာကြီးရောဂါသည်တွေ၊ ကျမ်းစာကျောင်းသားတွေနဲ့ ပုံမှန်
တွေ့နေ မြင်နေရတာတွေကို အရမ်းလွမ်းနေတယ်။ စင်္ကာပူမှာနေလို့ ကျန်းမာရေးက သိပ်ပြီး
ထူးထူးခြားခြား မတိုးတက်ရင်လည်း၊ ကျန်ရှိနေတဲ့ နေ့ရက်ကလေးတွေကို သူ့လူတွေနဲ့
အတူနေပြီး၊ ပံ့ပိုးပေးချင်နေတယ်။
မတ်လ၊
မြန်မာပြည်ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျောရိုးမကြီး အနားမှာ ပတ်တွယ်နေတဲ့
အကြိတ်ကြီးကို ဖယ်ထုတ်ဖို့ အရေးပေါ် ခွဲစိတ်ကုသလိုက်ရတယ်။ အဲဒီမှာပဲ
ခရစ်ယာန်ဆရာဝန်ဦးစီးတဲ့ ရန်ကုန်က ဆေးရုံတရုံမှာ chemotherapy နည်းနဲ့ ထပ်ကုရတယ်။
အားနည်းနေပေမယ့် ကျန်းမာရေးက အခြေအနေ ပေးသလောက် MYC ရဲ့
လုပ်ငန်းတွေမှာ ပါဝင်တယ်။ ဒီအချိန်မှာ သူ့ခန့်လိုက်တဲ့ ခေါင်းဆောင်တွေရဲ့
ဦးဆောင်နိုင်စွမ်း ထိထိမိမိ ရှိတာကို တွေ့မြင်ပြီး စိတ်ကြေနပ်ပါတယ်။
မေလထဲမှာတော့
ကျန်းမာရေးက ဆိုးလာပြန်တော့ မိသားစုက စင်္ကာပူမှာ ဆေးသွားကုဖို့ အတင်း လွှတ်တယ်။ သုံးလလောက်
ဆေးစစ်ချက်၊ ကုသချက်တွေ တသီတတန်းကြီးကို ခံရတယ်။ ဆရာဝန်တွေက အသက်ရှင်ခွင့် ၅၀-၅၀
ပဲရှိမယ်လို့ ဆိုပြန်တယ်။ ဒါပေမယ့် ဆရာကြီးကတော့ ဒီလိုခန့်မှန်းချက်တွေကို
စိတ်ပျက်နေတာ ကြာပြီ။ သူ့အသက်ဟာ ဘုရားလက်ထဲမှာ ရှိတယ်။ သူ့အလုပ်မပြီးဘဲ
ဘုရားမခေါ်ဘူးလို့ သူယုံတယ်။
ဩဂတ်စ်လမှာ
အိမ်ပြန်ခွင့် ၂ ပတ်တောင်းပြန်တယ်။ အောက်တိုဘာမှာ ကျင်းပမယ့် သင်းအုပ်
သင်တန်းအတွက် ပြင်ဆင်ချင်တယ်။ ရန်ကုန်ကို ဩဂတ်စ် ၁၃ မှာ ပြန်ပြီး၊ စင်္ကာပူကို
ဩဂတ်စ် ၃၀ မှာ ပြန်လာဖို့ စီစဉ်တယ်။
ဒါပေမယ့်
စင်္ကာပူကို မပြန်နိုင်တော့ဘူး။ အိမ်ပြန်ရောက်စမှာပဲ အခြေအနေ ရုတ်တရက် ဖေါက်လာတဲ့ အတွက် ချက်ချင်း
ဆေးရုံတင်ရတယ်။ ဩဂတ်စ်လ ၂၄ ရက် မနက်မှာ သွေးတွေ အများကြီး အံတယ်။ သတိရ တချက်၊
မရတချက် ဖြစ်ရင်း၊ သတိပြန်မလည်တော့ဘူး။ အဲဒီည သူချစ်တဲ့ မိသားစုတွေ ရှေ့မှာပဲ
ထာဝရဘုန်းအသရေတော်ထဲကို ဝင်စားသွားပါတော့တယ်။ အသက် ၅၉ နှစ်ပါ။
ဆရာကြီး ဦးဒေးဗစ်
ဆုံးပြီးဆိုတဲ့သတင်းဟာ ရန်ကုန်နဲ့ တခြားဒေသတွေကို ပြန့်နှံ့သွားတဲ့အခါ ခရစ်ယာန်
သူရဲကောင်းတယောက် ဆုံးရှုံးရတဲ့အတွက် ထောင်နဲ့ချီတဲ့ လူတွေ ငိုကြွေးဝမ်းနည်းကြတယ်။
ဒီအချိန်မှာ သူ့မိသားစုကတော့ သူမသေခင်မှာထားသလိုပဲ နာရေးကိစ္စကို
တိတ်တိတ်ဆိတ်ဆိတ်ပဲ စီစဉ်ကြတယ်။ သူ့ရင်ဘတ်ပေါ်မှာ လက်နှစ်ဖက်ကို လက်ချောင်းတွေ
ယှက်ရင်း တင်ထားချင်တယ်။ လက်ညှိုးတွေကတော့ ကောင်းကင်ကို ညွှန်ပြနေမယ်။ ဒါက
သူလုပ်နေကျ အမူအယာ။ ဒီအမူအယာလေးအားဖြင့် သူ့ကို မှတ်မိစေချင်တယ်။
နောက် ၃ ရက်အကြာ
သူ့ကို သင်္ဂြိုဟ်ရာမှာတော့
မရေမတွက်နိုင်တဲ့ လူတွေဟာ ဆရာကြီး ဦးဒေးဗစ်ကို
နောက်ဆုံးအနေနဲ့ ဂါရဝပြုဖို့ စုဝေးရောက်ရှိလာတယ်။ မိသားစု၊ မိတ်ဆွေတွေ၊
ဆေးသမားတွေ၊ အရက်သမားတွေ၊ အနာကြီးရောဂါသည်တွေ၊ မိဘမဲ့ကလေးတွေ၊
ကျမ်းစာကျောင်းသားတွေ၊ သင်းအုပ်ဆရာတွေ၊ ဂီတသမားတွေ၊ အသင်းသူ အသင်းသားတွေ၊
စစ်ဖက်အရာရှိကြီးတွေနဲ့ ရန်ကုန်မြို့သူ မြို့သားတွေ ပို့ဆောင်ကြတယ်။ သူ့အကြောင်း
ဂုဏ်ပြုစကား ပြောတဲ့အချိန်မှာတော့ လူအများအပြားဟာ ကြည်လင်လှတဲ့ အပြာရောင်
မိုးကောင်းကင်အောက်မှာ တိတ်တိတ်ကလေး ငိုရှိုက်ခဲ့ကြတယ်။
ဒါပေမယ့်
အဲဒီနေ့မှာပဲ … အဲဒီအပြာရောင် မိုးကောင်းကင်ကြီးရဲ့အထက် … တနေရာမှာ လူတယောက်… သူ
နေကောင်းသွားပြီ။ အရင်ကထက် ပိုပျော်ရွှင် ပိုကြည်နူးနေပြီ။ ကောင်းသောစစ်ကို
အမှန်တကယ် တိုက်ခဲ့ပြီ။ ပြေးရမယ့်လမ်းကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ။
ယုံကြည်ခြင်းတရားကို စောင့်ရှောက်ခဲ့တာလည်း ယုံမှားစရာ မရှိပါ။ သူ့သခင်အတွက်
အဆုံးတိုင်အောင် သစ္စာရှိစွာ လုပ်ဆောင်ခဲ့ပြီ။ လောကခရီးရဲ့ အဆုံးမှာတော့ “သာဓု၊
သစ္စာရှိသော ငယ်သားကောင်း” လို့ သူ့ကို ပြောတာ ကြားရတော့မယ်။
အဲဒီနေ့မှာပဲ မြေပေါ်မှာ ကျန်ရစ်သူတွေက ဝမ်းနည်းငိုကြွေးနေချိန်၊ သူကတော့ – သခင်ဘုရားထံပါး ဝမ်းမြောက် ပျော်ရွှင်စွာ ဘုန်းဝင်စားသွားခဲ့ပါပြီ။ ။
No comments:
Post a Comment