Tuesday, October 29, 2019

NEVER SAY DIE, အခန်း ၁၆ – လောကနဲ့ မဆိုင်

Never Say Die

အခန်း ၁၆
လောကနဲ့ မဆိုင်
Not of This World
(၁၉၉၅ – ၂၀၀၂)

ငါတို့က နံပါတ်တစ်ဟေ့။ ယုံလားဟေ့။ ငါတို့က နံပါတ်တစ်ကွ။ Praise the Lord! Hallelujah!” ဆရာဦးဒေးဗစ်က သူ့တွဲဖေါ် ဆရာတွေကို ဝမ်းသာအားရ အော်ပြောလိုက်တယ်။

MYC ရဲ့ သီချင်းအယ်လ်ဘမ် အသစ် “လောကနဲ့ မဆိုင်” (၁၉၉၈) ဟာ ရောင်းရ အကောင်းဆုံး လောကီသီချင်းစာရင်းထဲမှာ နံပါတ်တစ် ချိတ်တယ်။ ဒါဟာ ခရစ်ယာန်ဓမ္မတေးအနေနဲ့ အချစ်သီချင်းတွေ ကြားမှာ ပထမဆုံးအကြိမ် ထိပ်ဆုံးရောက်တာဖြစ်တယ်။ ဒါဟာ ဘုရားလက်ရာပဲလို့ သူခံယူတယ်။

MYC ဟာ အပယ်ခံတွေကို ကူညီဖို့သာ အမြဲအာရုံစိုက်နေပေမယ့် နာမည်ကြီးတာက တေးဂီတကြောင့် ဖြစ်တယ်။ MYC ရဲ့ ဓမ္မသီချင်းတီးတဲ့ တီးဝိုင်းဟာ လောကီသီချင်းတီးတဲ့အခါ Iron Cross အဖြစ် ရပ်တည်ပြီး ထိပ်တန်း ဂီတသမားတွေနဲ့ ဖွဲ့စည်းထားတာကြောင့် နံပါတ်တစ် ရတာ သဘာဝတော့ ကျပါတယ်။ ဒီအခါမှာ နာမည်ကြီး အဆိုတော်တွေ သူတို့နဲ့ သီချင်းသွင်းဖို့ စိတ်ဝင်စားလာတယ်။ ဒီအခွေကြောင့် လူငယ်တွေက သူတို့ကို တခြား တီးဝိုင်းတွေထက် မပိုရင်တောင် တန်းတူ ကောင်းတယ်လို့ သဘောကျ လာကြတယ်။

စောဘွဲ့မှူးဟာ MYC အတွက် ဘုရားပေးတဲ့ လက်ဆောင်ပါ။ သူက MYC ရဲ့ ဓမ္မတေးတွေကို လူသိများ လာစေသူပါ။ စောဘွဲ့မှူးအတွက်လည်း MYC က ဘုရားပေးတဲ့ လက်ဆောင်ပါ။ သူ အဲဒီမှာ ၁၀ နှစ်တာ ဘဝရဲ့ ပျော်စရာ အကောင်းဆုံး နှစ်တွေအဖြစ် ကျင်လည်ခဲ့တယ်။ MYC မှာ ပျော်လွန်းလို့ ပေါင်ချိန် တိုးလာတာ ပေါင် ၃၀၀ အထိ ရှိလာတယ်။ ဒီအတွက် ၁၉၉၅ မှာ နှလုံးသွေးကြောကျဉ်း ရောဂါ ခံစားရပြီး၊ ရုတ်တရက် ဆုံးပါးခဲ့ရတယ်။ MYC တမိသားစုလုံးဟာ ဘုရားအမှုတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် ကြေကွဲဝမ်းနည်းခဲ့ရတယ်။

စိတ်သက်သာစရာကောင်းတာက စောဘွဲ့မှူးရဲ့ ပညာတွေဟာ သူနဲ့အတူ ပါမသွားဘူး။ ဒီအရင် နှစ်တွေကတည်းက ဆရာကြီး ဦးဒေးဗစ် တောင်းဆိုချက်အရ ဆရာစောဘွဲ့မှူးက ဂီတတပည့် လူငယ်ကလေး ချစ်စမ်းမောင်ကို ပြုစုပျိုးထောင်နိုင်ခဲ့တယ်။ ချစ်စမ်းမောင်ဟာ သူ့မိသားစု ရန်ကုန်ကို ပြောင်းလာတဲ့ သူ့အသက် ၁၅ နှစ်အရွယ်ကတည်းက MYC မှာ Sunday School တက်တယ်။ ဘုရားကျောင်း တက်တယ်။ မွေးရာပါ ဂီတအစွမ်းက ထူးခြားတယ်။ ၅ နှစ်သားကတည်းက ဂစ်တာ တီးနေပြီ။ ၁၅ နှစ်အရွယ်မှာ တီးဝိုင်း ခေါင်းဆောင်ဖြစ်နေပြီ။ ဆရာကြီး ဦးဒေးဗစ်က ချစ်စမ်းမောင်ရဲ့ အစွမ်းကို ချက်ချင်း ရိပ်မိတော့ ဆရာစောဘွဲ့မှုးကို သင်ပြပေးခိုင်းတယ်။

ဆရာစောဘွဲ့မှူးက သူသိထားသမျှ ချစ်စမ်းမောင်ကို သင်ပေးတယ်။ အချိန်တို အတွင်းမှာပဲ ချစ်စမ်းမောင်ဟာ သူ့ဆရာထက် ကျော်လာမယ့် အရိပ်အရောင်တွေ ပြလာတယ်။ ဆရာကြီး ဦးဒေးဗစ်က သူ့ကို လေဟာပြင်ပွဲတွေမှာ ပါဝင်ခွင့်ပေးလာတယ်။ သူ့ကိုယ်ပိုင်ဟန်နဲ့ ဂစ်တာပညာ တိုးတက်လာတယ်။ သူ့ရဲ့ ဂီတအစွမ်း၊ သင်ယူလေ့လာချင်စိတ်၊ ဘုရားအမှုတော်မှာ ပါဝင်ချင်စိတ်တွေကို ဆရာကြီး ဦးဒေးဗစ်က သဘောကျတယ်။ ဒါကြောင့် သမီး Sharon ရှာရွန်ကို လက်ထပ်ဖို့ အခွင့်တောင်းလာတဲ့အခါ ဝမ်းသာအားရ သဘောတူလိုက်တယ်။ ၁၉၉၅ ခုနှစ် သူတို့ လက်ထပ်ပြီး မကြာခင်မှာ ဆရာစောဘွဲ့မှူး ဆုံးပါးသွားတဲ့အခါ ချစ်စမ်းမောင် MYC မှာ အချိန်ပြည့် ဂီတပညာရှင် အဖြစ် ပါဝင်လာတယ်။

ဆရာစောဘွဲ့မှူး ဆုံးပါးပြီးနောက် MYC တေးဂီတကို ချစ်စမ်းမောင်က ဦးဆောင်ရတယ်။ ဆရာစောဘွဲ့မှူး မရှိတော့တဲ့အတွက် ယူရမယ့် တာဝန်က ကြီးလွန်းတယ်။ လူတွေက MYC ဓမ္မတေးတွေကို လက်ခံပါဦးမလား? စိုးရိမ်စရာပါ။ ဒါပေမယ့် ဘုရားသခင်က ချစ်စမ်းမောင်နဲ့ အတူရှိတယ်။ ဆရာစောဘွဲ့မှူး ဦးဆောင်သလို ကောင်းကောင်း ဦးဆောင်လာနိုင်တယ်။

ဘုရားသခင်က သူ့ကို ကောင်းကြီးပေးတယ်။ တီးခတ်လေရာတိုင်းမှာ ဂစ်တာ လက်စွမ်းပြကွက် အမျိုးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးပြနိုင်တယ်။ ဂစ်တာကို ခြေထောက်နဲ့ တီးပြတယ်။ သွားနဲ့ တီးပြတယ်။ လျှာနဲ့ တီးပြတယ်။ ဂစ်တာကို ခေါင်းပေါ်တင်ပြီး တီးပြတယ်။ ဂစ်တာကို စဉ်ပေါ်တင်ပြီး Piano လို တီးပြတယ်။ သူ့လက်စွမ်းပြကွက်တွေကို လူတွေ အရမ်းစိတ်လှုပ်ရှားကြတယ်။ MYC ရဲ့ ပွဲတိုင်းကို လာကြည့်ကြတယ်။ မကြာခင်မှာပဲ မြန်မာပြည်ရဲ့ နံပါတ်တစ် ဂစ်တာပညာရှင် ဖြစ်လာပြီး၊ သူ့ဆရာ စောဘွဲ့မှူးရဲ့ ခြေရာကို နင်းလာနိုင်ခဲ့တယ်။

MYC မှာ ချစ်စမ်းမောင် ပါဝင်လာတဲ့အတွက် ဘုရားကျေးဇူးတော် ချီးမွမ်းမိပေမယ့် ဂီတလုပ်ငန်း အောင်မြင်ဖို့ရာ သိပ်တော်တဲ့ ဂီတသမား တယောက်ရှိရုံနဲ့ မလုံလောက်ဘူး။ ခရစ်ယာန်တရားကို နားလည်တဲ့၊ စာသားလည်း ထိထိရောက်ရောက် ရေးနိုင်တဲ့၊ စိတ်ဝိညာဉ်ကို ထိတွေ့စေနိုင်တဲ့ သီချင်းတွေ ရေးမယ့် သီချင်းရေးဆရာကောင်းလည်း လိုတယ်။ MYC အတွက် သီချင်းရေးဆရာတွေ အများကြီးရှိခဲ့ပေမယ့် တချို့လည်း ထွက်သွားခဲ့ကြပြီ။ အခုတော့ အရည်အချင်းပြည့်ပြီး စံချိန်မှီတဲ့ သီချင်းရေးဆရာ တယောက် ရောက်လာပါပြီ။

ဘုရားသခင်…. ကျွန်တော်တို့မှာ လိုနေတာကို ဘုရားသခင် သိပါတယ်။ စောဘွဲ့မှူးကို ပေးခဲ့ပါတယ်။ ချစ်စမ်းမောင်ကို ပေးပါတယ်။ သီချင်းရေးဆရာ ပေးပါ။ ဓမ္မတေးနဲ့ ဘုရားဘုန်း ထင်ရှားစေဖို့ပါ။

ဒီဆုတောင်းရဲ့ အဖြေအဖြစ် စောဝင်းလွင် ရောက်လာတယ်။ သူက ရှမ်းပြည် မြောက်ပိုင်းက ကရင် ဖြစ်တယ်။ အရက်နဲ့ မူးယစ်ဆေးတွေကို ဆယ်ကျော်သက် အရွယ်ကတည်းက သုံးလာပြီး၊ နောက်ဆုံးတော့ ဘိန်းဖြူစွဲလာတယ်။ အသက် ၃၀ အရွယ်၊ ၁၉၉၀ ခုနှစ်မှာ ရန်ကုန်ကို ဆင်းလာပြီး၊ ခရစ်ယာန်အသင်းချုပ်ကြီးတခုရဲ့ ဂီတဌာနမှာ အလုပ်လုပ်တယ်။ နေ့ဖက်မှာ ဓမ္မတေးတွေ ရေးနေ၊ သီဆိုနေပေမယ့် ညဖက်မှာတော့ လျှို့ဝှက်စွာနဲ့ နိုက်ကလပ်တွေမှာ သီချင်းဆိုနေတယ်။ အလုပ်ရတာနဲ့ ဘိန်းဖြူ ဖြတ်လိုက်ပေမယ့် အရက်နဲ့ တခြား စိတ်ကြွဆေးတွေတော့ ဆက်သုံးနေတယ်။

သူငယ်ချင်း အဆိုတော်တချို့က သူ့အတွက် စိုးရိမ်ပြီး၊ သူ့ကို ၁၉၉၆ မှာ MYC ကို လာပို့တယ်။ ပါးပါးနဲ့ မာမားရဲ့ ဂရုစိုက်တာကို နွေးနွေးထွေးထွေး ခံစားလိုက်ရတယ်။ အကြည့်မှာကိုက ချစ်ခြင်း၊ သနားခြင်းတွေ ပါနေတော့ သူ့အပြစ်တွေအတွက် ဝမ်းနည်းကြေကွဲလာမိတယ်။ ဘုရားသခင်က သူ့ကို အရာအားလုံး ဆက်ကပ်ဖို့ တောင်းဆိုနေတယ်လို့ သူခံစားလာရတယ်။ အဲဒီနေ့မှာပဲ စီးကရက်နဲ့ မူးယစ်ဆေးတွေကို စွန့်ပစ်လိုက်ပြီး သခင်ယေရှုခရစ်ကို သူ့ရဲ့ ကယ်တင်ရှင်အဖြစ် ဆုတောင်း လက်ခံလိုက်တယ်။ နောက်ဆုံးတော့ ဘုရားမေတ္တာကို သူခံစားလာရတယ်။

သူ (တဖန်မွေးဖွါး) born-again ဖြစ်လာပြီးတဲ့နောက် ဘုရားအတွက် အသက်ရှင်ချင်လာတယ်။ အရင်က သူသီချင်းရေးတာတွေဟာ နှလုံးသားက လာတာမဟုတ်ဘဲ၊ ဦးနှောက်အသိက လာတယ်ဆိုတာကို ကြေကွဲစွာ နားလည်လိုက်ရတယ်။ အရင်က သီချင်းရေးရာမှာ inspiration” ရဖို့ နာရီပေါင်းများစွာ သမ္မာကျမ်းစာဖတ်၊ တရားဒေသနာတွေ ကြားနာခဲ့တယ်။ ဒါပေမယ့် သူ့ဝိညာဉ်က အသေဖြစ်နေတယ်။ အခုတော့ ဘုရားမေတ္တာကို ကိုယ်တိုင် နားလည်လာပြီ။ နှလုံးသားထဲက အစစ်အမှန် သီချင်းတွေ ထွက်လာတယ်။ သူ့ကို ဘုရားသခင် ပြောင်းလဲစေပြီဆိုတာ ဆရာကြီး ဦးဒေးဗစ် ချက်ချင်း ရိပ်မိပြီး၊ သူ့ကို MYC မှာ ဆရာအဖြစ် ခန့်လိုက်တယ်။

စောဝင်းလွင် ရေးတဲ့ ပထမဆုံး သီချင်းအယ်လ်ဘမ်- လောကနဲ့ မဆိုင် (၁၉၉၈) ဟာ ထိပ်ဆုံး တေးအယ်လ်ဘမ် ၁၀ ခုထဲမှာ နံပါတ်တစ် ဖြစ်သွားတယ်။ အောင်မြင်တာဟာ ဘုရားကျေးဇူး သက်သက် လို့ သူခံယူတယ်။ သူ့ဘဝမှာ ခံစားလိုက်ရတဲ့ ဘုရားကျေးဇူးတော်နဲ့ ဝမ်းမြောက်ခြင်းကို သီချင်းတွေက ရိုးရိုးလေး ပြောပြနေတယ်။ ကြိုက်တဲ့ ပရိသတ်တွေက သီချင်းတွေရဲ့ အဓိပ္ပါယ်ကို မေးကြလွန်းလို့ ဆရာကြီး ဦးဒေးဗစ်က လူတယောက်ကို ဖုန်းအစောင့်ထားပြီး တနေကုန် မေးခွန်းတွေ ဖြေပေးခဲ့ရတယ်။ ဒီအယ်လ်ဘမ်ထဲက လူကြိုက်အများဆုံး သီချင်း “ကြီးမြတ်လှသော” က သခင်ယေရှုအားဖြင့် သူ့ဘဝ အသစ်တဖန် မွေးဖွါးခဲ့တဲ့ အကြောင်းကို ရေးဖွဲ့ထားတယ်။

ကြီးမြတ်လှသော

ကိုယ်တော်ဖန်ဆင်း လောကအလှကမ္ဘာ

စိတ်လှုပ်ရှား အံ့ဩဘွယ် လက်ရာ

ရောင်စုံတိမ်တိုက် ကောင်းကင်မိုးကြိုးသံ

တန်ခိုးနှင့် သက်သေတည်မြဲခြင်း ……

သာယာရှုခင်း ကျေးငှက်တေးသံ

ချီးမွမ်းခြင်းများနဲ့ သီချင်းဆို

လေပြေလေညှင်းလေးတွေ ပြေးဆော့ကာ

စမ်းချောင်းလေးတွေ လှုပ်ရှားသွား …….

Chorus:

အိုငါ့ဝိညာဉ် ကိုယ်တော်အား ချီးမွမ်း

ကြီးမြတ်လှသည့် အကြောင်းကို

အိုငါ့ဝိညာဉ် ဘုရားရှင်မြတ်ကို ချီးမွမ်းပါ

ကြီးမြတ်လှသည့် အကြောင်းကို။

ကိုယ်တော်ဘုရား လောကသားကို

ချစ်သောကြောင့် အသက်ကို စွန့်ကာ

တိုင်တော်တွင် အပြစ်ရဲ့ဒဏ် ပေးဆပ်ကာ

အသွေးနဲ့ဆေးကာ ဖြေလွှတ်သွား ……

ကိုယ်စိတ်နှလုံး သုံးပါးပြည့်စုံ

ဘုန်းတန်ခိုးနှင့် ကြွလာသောအခါ

ပျော်ရွှင်ကြည်နူး နှိမ့်ချသောစိတ်နှင့်

ချီးမွမ်းကြ ဟာလေလုယာ …..

 

သီချင်းခွေ အောင်မြင်တဲ့အတွက် ဆရာဦးဒေးဗစ်၊ ဆရာချစ်စမ်းမောင်နဲ့ ဆရာ စောဝင်းလွင်တို့ အရမ်းဝမ်းသာကြတယ်။ ဘုရားကျောင်းထဲ ခြေမချဖူး သူတွေလည်း သီချင်း နားထောင်ရင်း ဘုရားမေတ္တာ ကို နားလည်ခွင့် ရလာတယ်။ “လူမသွားနိုင်တဲ့ နေရာကို သီချင်း ရောက်သွားနိုင်တယ်။” လို့ ဆရာဦးဒေးဗစ်က ဆိုတယ်။ ဟိုးအရင် ပထမအခွေမှာကတည်းက ဒီရည်ရွယ်ချက်နဲ့ “နားရှိသောသူ မည်သည်ကား ကြားပါစေ” လို့ စေတနာထား လုပ်ဆောင်ခဲ့တယ်။

သီချင်းခွေ အကြီးအကျယ် ရောင်းရတဲ့အတွက် ဂီတအလုပ်အတွက် အထောက်အပံ့ ရလာတယ်။ နောက်ထပ် သီချင်းခွေတွေ ထုတ်ဖို့ အရင်းအနှီးရလာသလို၊ နိုင်ငံခြားကနေ အကောင်းစား ဂစ်တာတွေ၊ speakers တွေ ဝယ်လိုက်နိုင်တယ်။

ဘုရားရဲ့ ဝိညာဉ်တော် လမ်းပြမှုနဲ့ ဆရာစောဝင်းလွင်က MYC အတွက် ဓမ္မတေးတွေ အများကြီး ရေးလာတယ်။ တခါတရံ ၃- ၄ ရက်လောက် ကျမ်းစာဖတ်၊ ဆုတောင်းဖို့၊ သီချင်းရေးဖို့ ပျောက်သွားတတ်တယ်။ သူ့သီချင်းတွေရဲ့ အဓိက themes အချက်တွေကတော့ ခရစ်တော်ထံ ပြန်လာဖို့၊ ခရစ်ယာန်အသက်တာ၊ မူးယစ်ဆေး၊ အနာကြီးရောဂါ၊ HIV-AIDS တွေ ဖြစ်တယ်။ အဲဒီ themes တွေ၊ စာသားတွေကို country jazz, pop rock, heavy metal သံစဉ်တွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဖွဲ့နွဲ့ ပေါင်းစပ်တတ်တယ်။ သူ့သီချင်းတွေဟာ ပေါက်လည်း ပေါက်လေ့ရှိတယ်။

MYC ရဲ့ ဓမ္မတေးတွေက အကြောင်းအရာလည်း လေးနက်တယ်။ ဥပမာအနေနဲ့ ၂,၀၀၀ ခုနှစ် “အနဂ္ဂအိမ်တော်” သီချင်းခွေထဲက ထင်ရှားတဲ့ “သူရဲကောင်း” သီချင်းမှာ ခရစ်ယာန် တရားဟော ဆရာတွေရဲ့ စွန့်လွှတ် စွန့်စား အနစ်နာခံမှုတွေကို လှလှပပ ရေးဖွဲ့ထားတယ်။

သူရဲကောင်း

တေးရေး… စောဘွဲ့မှူး

မျက်ရည်ကျပြီး ဝိညာဉ်မျိုးစေ့ကျဲဖို့ သူထွက်သွားတာ

မျက်ရည်သုတ်ရင်း… စွန့်စား စွန့်လွှတ်ဝံ့သူ ပြန်မရောက်တာ

ရက်လများစွာနဲ့ နှစ်တွေ ကြာညောင်းခဲ့

ချစ်တဲ့အကိုတယောက် သတင်းကြားရတယ်..

တောတောင်တွေအလယ်.. ခက်ခဲတဲ့ခရီးလမ်းမှာ ရွှင်လန်းစွာ..

အမောမပြေခင်မှာ… သခင်ဘုရားရဲ့ ကျေးဇူးတရား ရေတွက်ခါ…

နေ့ညမရွေးနိုင်ပါ…. တတောဝင် တတောင်တက်ခါ….

ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းအတွက်ပါ…

CHO:

သူရဲကောင်း … သူရဲကောင်း …. ထာဝရဘုရားသခင် နိုင်ငံတော်အတွက်

သူရဲကောင်း…. သူရဲကောင်း ….

နိုင်ငံတော်အတွက်ဆို အသက်ပေးချင်သူ….

သူ့ရင်ခွင်မှာ… သန့်ရှင်းသော ချစ်မေတ္တာ ပေါက်ဖွါးလာ….

ခရစ်တော်ကို မသိ…. မှောင်မိုက်သည့် ညဖက်နေ လူသားတွေ…..

သေခြင်းမှ အသက်ရှင်ဖို့…. အမှားတွေ မှန်သွားဖို့ ….

ဆူးမွေ့ရာ မြွေတော ကင်းတောမှာ….

အရိုးတုံအောင် အေးတဲ့….. ရေခဲမြစ်နဘေးလည်း သူရောက်ဖူးတယ်…

နှင်းတွေ ကြွေမစဲ …. စိုရွှဲတဲ့ သူ့အဝတ်တွေ မခြောက်စတမ်းကွယ်….

သိပ်နုတဲ့ သူ့ခြေဖဝါး …. သွေးခြေဥသွားအောင်…

အဝေးရောက်သူတွေအတွက် သူ့လက်ဆောင်….

အမှုတော်ဆောင်ရင်း… ပင်ပန်းဆင်းရဲခြင်းကို ကြေနပ်စွာ…

ရှေးယုံကြည်သူ…. သန့်ရှင်းသော ရှေးက ညီအကိုတွေ နည်းတူ…

တောနက်ကြီးအလယ်မှာ…. မော်ကွန်းဝင် မထင်မရှား…

သခင့်ဗိမာန် ပြန်သွားနှင့်ခဲ့ပြီ……


MYC ဟာ ဓမ္မတေး သီချင်းခွေ ၂၀ ကျော် ထုတ်လုပ်ခဲ့ပြီး၊ ပြည်တွင်းသာမက ပြည်ပမှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းမှာပါ ဖြန့်ချီခဲ့တယ်။ MYC သီချင်းခွေတိုင်းမှာ ဆရာကြီး ဦးဒေးဗစ်က သီချင်း ဝင်ဆိုလေ့ ရှိတယ်။ လိဒ်ဂစ်တာ ဆရာချစ်စမ်းမောင်က တဖက်မှာ Iron Cross ဆိုတဲ့ Rock Band နဲ့ နာမည်ကြီးလာတယ်။

MYC တီးဝိုင်းသွားလေရာမှာ ပရိတ်သတ်ရှိတယ်။ Country, Jazz, Asian pop, Heavy metal တွေကို ရောပြီး၊ လူငယ်ရော လူကြီးပါ လက်ခံနိုင်ဖို့ တီးခတ်လေ့ရှိတယ်။ ပရိတ်သတ်က သီချင်းတွေနဲ့ အတူ ဆရာချစ်စမ်းမောင်ရဲ့ ဂစ်တာ လက်စွမ်းပြတွေကို သိပ်သဘောကျကြတယ်။ အပြင်ပန်းကြည့်ရင် သူတို့ဟာ အနောက်တိုင်း ရော့ခ်တီးဝိုင်းတခုလို ဆံပင်ရှည်ရှည် ထားတယ်။ တီရှပ်နဲ့ ဂျင်းဘောင်းဘီ ဝတ်တယ်။ အပြင်ပုံပန်းက ခပ်ကြမ်းကြမ်း ပုံပေါ်နေပေမယ့် ပြောတဲ့ တရားစကားက သခင်ယေရှု အကြောင်းပါပဲ။

ခရီးစဉ်မရှိရင်တော့ တနင်္ဂနွေညနေ ရန်ကုန် MYC အသင်းတော်မှာ တီးခတ်လေ့ရှိတယ်။ တနင်္ဂနွေမှာ ဘုရားရှိခိုး ၂ ကြိမ်ရှိတယ်။ မနက်ပိုင်းက လူကြီးတွေအတွက် အစဉ်အလာတိုင်း ကျင်းပတယ်။ ညနေဖက်မှာတော့ လူငယ်တွေအတွက် ခေတ်ပေါ်ဓမ္မတေး သီချင်းတွေနဲ့ ကျင်းပတယ်။ လူငယ် ၆၀၀/ ၀၀ လောက်ရှိတတ်ပြီး၊ ပြည်တွင်းမှာ အကြီးမားဆုံး လူငယ် အစီအစဉ်ဖြစ်တယ်။ ညနေ ၄ နာရီမှာ စမှာ ဖြစ်ပေမယ့် ၂ နာရီခွဲလောက်ကတည်းက လူတွေ ရောက်နေတတ်ပြီ။ (နောက်ကျသူတွေကတော့ အောက်ထပ်မှာ T.V ကနေ ကြည့်ပြီး ပါဝင်ရတယ်။)

အဓိက ဆွဲဆောင်မှုကတော့ သီချင်းပဲ ဖြစ်တယ်။ ဒီဝိုင်းရဲ့ တီးခတ်မှုကို ကြိုက်တဲ့သူတွေက တပတ်ပြီး တပတ် လာနားထောင်တယ်။ ပရိတ်သတ်က သီချင်းတွေကို အလွှတ်ရနေကြတယ်။ လူငယ်တချို့ကိုလည်း စင်မြင့်ပေါ်မှာ တီးဝိုင်းနဲ့ ဆိုဖို့ အခွင့်အရေး ပေးလေ့ရှိတယ်။ သီချင်းကောင်းသလို၊ တရားဒေသနာလည်း ကောင်းဖို့ ဆရာကြီးဦးဒေးဗစ်က စီစဉ်တယ်။ ဒီအစီအစဉ်ကြောင့် လူငယ်တွေ တရားစကား ကြားရပြီး၊ ဘုရားသခင်အတွက် အသက်ရှင်ချင်လာကြတယ်။

MYC ရဲ့ တေးဂီတ အောင်မြင်မှုနဲ့အတူ တရားစကား ဝေငှခွင့်လည်း ပိုရလာတယ်။ ဆရာ ဦးဒေးဗစ်ရဲ့ စေတနာကလည်း နေရာတိုင်းကို တရားစကား ကြားရစေချင်တာပါ။ တေးဂီတကြောင့် လူတွေ တရားစကား ကြားခွင့်ရတာ ကောင်းပါတယ်။ တောင်းဆိုလာတဲ့ အသင်းတော်တွေမှာ တေးဂီတနဲ့ တွဲပြီး တရားပွဲတွေ ကျင်းပတယ်။ ရက်သတ်မှတ်ပြီးရင်တော့ နာမည်ကြီး အဆိုတော်တွေကို ပါဝင်ကူညီဖို့ တောင်းဆိုရတယ်။ MYC က မူးယစ်ဆေး၊ HIV- AIDS လုပ်ငန်းတွေမှာ အောင်မြင်နေတာဆိုတော့ အများစုက လိုလိုလားလား ပါဝင်ကူညီ သီဆိုပေးကြတယ်။

နာမည်ကြီး အဆိုတော်တွေနဲ့ MYC တီးဝိုင်း တွဲဖက်လိုက်တဲ့အခါ ဝေးလံတဲ့ နယ်ဒေသတွေမှာ ၃ ရက်လောက် ကျင်းပတဲ့အခါ ပရိတ်သတ်က ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ရှိတတ်တယ်။ သီချင်းတွေ၊ ကိုယ်တွေ့ သက်သေခံချက်တွေ၊ မူးယစ်ဆေး- HIV- AIDS ပညာပေး ပြောပြတာတွေ၊ တရားဒေသနာ ဟောပြောတာတွေနဲ့ တင်ဆက်ပုံ အသက်ဝင်လှတယ်။ တရားပွဲအပြီးမှာတော့ လူတွေ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံလာတယ်။

သတိထားနော်။ ငါတို့ တော်လို့ မဟုတ်ဘူး။ ငါတို့က ဆေးသမား၊ အရက်သမား၊ အပြစ်သားတွေ။ ဘုရားက ငါတို့ကို ရွေးကောက်တာ။ သခင်ယေရှုသာ ချီးမွမ်းခြင်းကို ခံထိုက်တယ်။” လို့ ဆရာဦးဒေးဗစ်က သူ့လက်တွဲဖေါ်တွေကို သတိပေးလေ့ရှိတယ်။

တကယ်မှန်တယ်။ MYC ရဲ့ သီချင်းခွေ အောင်မြင်ခဲ့တာဟာ လောကနဲ့ မဆိုင်ဘူး။ ဆရာ ဦးဒေးဗစ်က ဒီအချက်ကို သိတယ်။ သူ့လက်တွဲဖေါ်တွေကိုလည်း နားလည်အောင် ပြောပြတယ်။ ဒီအချက်ကြောင့်လည်း ခြင်္သေ့ကနေ ပြောင်းလဲသွားတဲ့ သိုးသူငယ်တွေအားဖြင့် အံ့ဩဘွယ်ရာ ဖြစ်ရပ်တွေ တခုပြီး တခု ဘုရားသခင် ဖြစ်လာစေခဲ့တယ်။ 

No comments:

Post a Comment