Never Say Die |
အခန်း
၁၅အပယ်ခံတွေနဲ့
ရင်းရင်းနှီးနှီးEmbracing More Outcasts(၁၉၈၅
– ၂၀၀၂)
ပူလောင်
အိုက်စပ်တဲ့ နေ့လည်ခင်းအချိန်….. ဆရာဦးဒေးဗစ် နဲနဲ အိပ်ချင်နေတယ်။ ခဏလောက် မှေးကနဲ
လှဲအိပ်လိုက်ရဖို့ တွေးရင်း ရုံးခန်းထဲက ထွက်လာခဲ့တယ်။ အိမ်ဖက်ကို လျှောက်လာပြီး၊
အိပ်ခန်းရှိရာကို လှေခါးအတိုင်း တက်လာခဲ့တယ်။
“ဘယ်သွား
ကုန်ကြပါလိမ့်?” တအိမ်လုံး တိတ်ဆိတ်နေတယ်။ ပြီးမှ
ချက်ချင်း သတိရမိတာက ဒေါ်ကေသီက မိဘမဲ့ကလေး ၂၀ လောက်နဲ့ တိရစ္ဆာန်ရုံကို သွားကြတယ်။
နားဖို့
လှဲလိုက်ပေမယ့် အနားမရဘူး။ တခုခုတော့ တခုခုပဲ … လို့ တွေးရင်း၊ ဘာမှန်းလည်းမသိ။
လူးလှိမ့်ရင်း အိပ်လို့မရ ဖြစ်နေတယ်။
ခဏကြာတော့
အပြင်ဖက်က ကလေးတွေ အသံကို ကြားလိုက်ရတယ်။ ပြန်လာကြပြီကိုး … ကလေး ၂၀ လောက်ဟာ
ဆူညံသံနဲ့အတူ လှေကားမှာ တိုးဝှေ့ရင်း အလုအယက် တက်လာကြတယ်။ ကလေးတွေက မကြုံဖူးတဲ့
အတွေ့အကြုံ ခရီးအကြောင်းကို
တယောက်တပေါက် ပြောနေကြချိန်မှာ ဆရာဦးဒေးဗစ် စိတ်ငြိမ်စပြုလာတယ်။ အဲဒီလိုကိုး၊
အရမ်းတိတ်ဆိတ်နေလို့ အိပ်မရတာကိုး။ ဒီဆူဆူညံညံ အသံလေးတွေနဲ့မှ ချော့သိပ်သလို
ဖြစ်ပြီး ခဏကြာတော့ အိပ်ပျော်သွားတော့တယ်။
သူ့အိမ်မှာ ကလေးတွေ
အများကြီးနဲ့ ဘယ်လိုနေလဲလို့ လူတွေ နားလည်ရခက်တယ်။ တကယ်တော့ သူက အိမ်မှာကပ်တာ
မဟုတ်တော့ ကလေးတွေကို သူမထိန်းရပါဘူး။ ကလေးထိန်းရတာက ဒေါ်ကေသီပါ။ ဒီလောက်ကြီးတဲ့
ဝန်ထုပ်ကို ပျော်ပျော်ရွှင်ရွှင် စေတနာ ထားနိုင်တာဟာ ဘုရားကို
ချစ်တဲ့စိတ်ကြောင့်ဆိုတာ အချို့ကသာ နားလည်ကြတယ်။
အစကတော့
ပီတာလိန်းနဲ့ သူ့ညီ မနားကီးကိုပဲ မွေးစားဖို့ သဘောတူခဲ့တာပါ။ နောက်တော့ ဒေါ်ကေသီက
အမေပစ်သွားတဲ့ မွေးစကလေးကို လက်ခံလိုက်တယ်။ နောက်တော့ ဆမ်မြူရယ်တို့ မောင်နှမတတွေ
ရောက်လာတယ်။ အကုန်လုံးကို အိမ်မှာခေါ်ထားတယ်။ နောက်တော့ တယောက်ပြီး တယောက်
ရောက်ရောက်လာတယ်။
နောက်ဆုံးတော့
ဆင်းရဲတဲ့ ကလေးတယောက် ရောက်လာတိုင်း ဒေါ်ကေသီ ဘာလုပ်မယ် ဆိုတာ ဆရာဦးဒေးဗစ်
သိနေပြီ။ ကလေးတွေ ထပ်လက်မခံဖို့ တားချင်ရင်တော့ “တို့လည်း သားသမီးအရင်း ၅
ယောက်တောင် ဘုရား ပေးထားပြီပဲ။ ဘာလို့ ထပ်လိုချင်သေးလဲကွာ။” လို့ ပြောရတယ်။
ဒါပေမယ့်
ကလေးတယောက် ရောက်လာပြီဆိုရင် ဒေါ်ကေသီ မငြင်းနိုင်ဘူး။ အများအားဖြင့်
အိမ်ထောင်ကွဲတွေကနေ လာကြတယ်။ မိဘတွေက နောက်အိမ်ထောင်ပြုကြပြီ။ ပထွေး၊ မိထွေးတွေနဲ့
ဆိုတော့ ကလေးတွေက ဘယ်သူမှ မလိုချင်တဲ့ အရှုပ်ထုပ်တွေ ဖြစ်လာတယ်။ တချို့ကတော့
မိဘတွေ ဆုံးပါးလို့ အမျိုးအိမ်တွေ တအိမ်ပြီးတအိမ် လိုက်နေရတယ်။ ဘယ်အမျိုးကမှ
တာဝန်မယူချင်ဘူး။ တချို့က လေဟာပြင် တရားဟောပွဲတွေ အပြီးမှာ ဆင်းရဲတဲ့ ရွားသားတွေက
အဖွဲ့သားတွေလက်ထဲ ထည့်ပေးလိုက်ကြတယ်။ တချို့ကလေးတွေက ဆေးပြတ်လို့ အိမ်ပြန်သူတွေ
ပြောတဲ့ MYC မိဘမဲ့ ဂေဟာ အကြောင်း သတင်းစကား
ကြားရလို့ ရောက်လာကြတယ်။
မိဘမဲ့ကလေးတယောက်ကို
တွေ့တိုင်း ဒေါ်ကေသီ သနားနေမိတယ်။ ဆရာဦးဒေးဗစ် လက်ခံချင်အောင် “ဒီတယောက်တည်းပါ”
လို့ ပြောရင်း ပြောရင်းနဲ့၊ မကြာပါဘူး။ အိမ်မှာ ….. သိလ၊ နေအိုမီ၊ နော်ရှီး၊ မေရီ၊
ပေါလ်၊ ပီတာ (2)၊ ပေါလ် (2)၊
အာမင်၊ ကိုထွေး၊ ဇာခြည်၊ ဖိုးခွါးလေး၊ ဒီဂါးမို၊ ဂျွန်း၊ မောင်အောင်၊ မူးဝါ၊ ဒအား
စတဲ့ ကလေး ၂၀ လောက်ရှိလာတယ်။
ကလေးတွေက ချင်း၊
မွန်၊ ရခိုင်၊ ဗမာ၊ ဝ .. စသည်ဖြင့် လူမျိုးစုံတယ်။ ပါးပါးဦးဒေးဗစ်နဲ့ မားမား
ဒေါ်ကေသီအားဖြင့် ဘုရားမေတ္တာ ခံစားကြရတယ်။ ကျမ်းစာထဲက တိမောသေလေးလို ဘုရားကို
သိကျွမ်းစေချင်လို့ ဂေဟာကို “Timothy ministry” လို့
နာမည်ပေးထားတယ်။ နောက်ပိုင်းမှ ဘုရားကို သိလာတဲ့ ရှင်ပေါလုလို လူကြီးတွေကို
ပြုပြင်ရတဲ့ ဆရာဦးဒေးဗစ်ရဲ့ “Paul ministry” နဲ့
အပြိုင်ပါပဲ။
ဆရာက အိမ်မှာ
သိပ်မနေဖြစ်တဲ့အတွက် ကလေး ၂၀ ကို ပြုစုရတဲ့ ဒေါ်ကေသီရဲ့ အလုပ်က မလွယ်ဘူး။ မနက် ၅
နာရီ အိပ်ယာကထပြီး၊ အကြီးလေးတွေနဲ့ ဈေးမှာ ဟင်းသီး ဟင်းရွက်နဲ့ အသားငါး ဝယ်ရတယ်။
အိမ်ပြန်ရောက်တော့ ကလေးတွေ၊ ဆေးသမားတွေနဲ့ ကိုယ့်မိသားစု – အားလုံး လူတရာ –
အများစာ ချက်ရတယ်။ တနေ့ ထမင်းဟင်း ၂ နပ်စာ ချက်ရင်း၊ တနေကုန် မီးဖိုထဲမှာပဲ
အချိန်ကုန်ရတယ်။ ကူညီမယ့်သူတွေ ရှိပေမယ့် သူကတော့ အမြဲ မပါမဖြစ် အဓိကပေါ့။
ညနေ ၆ နာရီမှာ
အားလုံး ထမင်းစားပြီးမှ တနေ့တာ မီးဖိုချောင် အလုပ်ပြီးတယ်။ ပြီးမှ ထိုင်ပြီး
ကလေးတွေအတွက် ည ဘုရားရှစ်ခိုး ဦးဆောင်တယ်။ ကျောင်းစာ ကူလုပ်ပေးတယ်။ ပြီးမှ
အိပ်ရာပြင်ပေးတယ်။ ညမှာ ကလေးတွေက ကြမ်းပြင်မှာ ဖျာခင်းပြီး တခန်း ၄ ယောက်၊ ၅ ယောက်
အိပ်ကြရတယ်။ ဒါတွေပြီးမှ သူ့ကိုယ်ပိုင်အချိန် ခဏလေးရတယ်။ အိပ်ယာဝင်တော့
အရုပ်ကြိုးပြတ်။
တအိမ်လုံးကို
စီမံခန့်ခွဲဖို့၊ လူတိုင်း တာဝန်ကိုယ်စီ ခွဲပေးနိုင်ဖို့ ဘုရားက ဒေါ်ကေသီကို မ,စတယ်။ တအိမ်လုံး ကလေးတွေနဲ့ ပြည့်နေတဲ့ အိမ်က ဆူညံနေတယ်။ တယောက်က ငို။
သူတိတ်တော့ နောက်တယောက်က အော်ငို။ ဆရာတို့ကတော့ ဆူညံသံတွေကို ရိုးနေပြီ။ အသံတွေ
တိတ်နေရင်၊ မအိပ်တတ်တော့ဘူး။
ဒါပေမယ့် ကလေး ၂၀
နဲ့ ရပ်မသွားဘူး။ ကလေးတွေ လာပေးဆဲပဲ။ ဒေါ်ကေသီ မငြင်းရက်ဘူး။
အနာကြီးလုပ်ငန်းကလည်းရှိတော့ အနာကြီးမိဘတွေရဲ့ တချို့သားသမီးတွေက ကျန်းကျန်းမာမာ
မွေးဖွါးလာတော့ မိသားစုနဲ့ ခွဲထားဖို့ လိုတယ်။ မိဘနဲ့နေရင် ရောဂါ ရလာနိုင်တယ်။
ဒါပေမယ့်
ဘယ်လိုလုပ်မလဲ။ အိမ်က ကလေးတွေနဲ့ ပြည့်နေပြီ။ ခြံထဲမှာလည်း ဆေးသမားတွေနဲ့
ပြည့်နေတယ်။ တနေရာရှိတာကတော့ အနာကြီးရောဂါသည်တွေအတွက် ဝယ်ထားတဲ့မြေ ၁၅ ဧက။ နေရာက
သိပ်တော့ မကောင်းဘူး။ အနာကြီးရောဂါသည်တွေနဲ့ နီးနေတယ်။ ရန်ကုန်နဲ့ ဝေးတယ်။
“အခုတော့
ဒီလိုပဲ လုပ်ရမှာပဲ။ တခြား ရွေးစရာကလည်း မရှိဘူး။ ကလေးတွေ နေစရာ၊ စားစရာ၊
ဝတ်စရာတော့ ရမှာပေါ့။ ကလေးတွေ ကျန်းမာရေးအတွက်တော့ ရောဂါရှိတဲ့သူတွေ အနားမလာနဲ့
လို့ ပြောရမှာပဲ။” လို့ ဆရာဦးဒေးဗစ်က ဒေါ်ကေသီကို ပြောပြတယ်။
အတော်ကြာ ဆုတောင်း
အဖြေရှာပြီးမှ မရမ်းချောင်မှာ MYC ရဲ့ ပထမဆုံး မိဘမဲ့ဂေဟာ ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်။
အနာကြီးရောဂါသည်တွေ မဝင်နိုင်အောင် ၁၅ ဧကကို “သီးသန့်ဇုံ” အဖြစ် ခြံခတ်လိုက်တယ်။
ခြံထဲမှာ အိပ်ဆောင်တွေကို ဝါးနဲ့ ဆောက်လိုက်တယ်။ မကြာခင် ကလေး ၄၀ ကို
နေရာရွေ့လိုက်တယ်။ ကလေးအများစုကတော့ မရမ်းချောင် အနာကြီးမိဘတွေရဲ့ သားသမီးတွေပါ။
တချို့ကတော့ နောက်ထပ်ရောက်လာလို့ အိမ်မှာ နေစရာ မဆံ့တော့တဲ့ ကလေးတွေပါ။
ဒါပေမယ့်
ဆရာဦးဒေးဗစ်အတွက် မရမ်းချောင် မိဘမဲ့ဂေဟာက ပိုကျယ်၊ ပိုခိုင်ခန့်တဲ့ ဂေဟာ
မဆောက်နိုင်မှီ ယာယီဂေဟာပါ။ MYC ဆရာတွေရောက်တဲ့ နယ်စပ်ဒေသတွေက ကလေးငယ်တွေ လှိမ့်ဝင်လာနေတယ်။ ဒါကြောင့်
မြေတကွက် အရေးတကြီး လိုနေတယ်။
၁၉၉၄ ခုနှစ်မှာ
ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကြီးတယောက်က MYC မှာ သူ့သား
ဆေးပြတ်သွားတာကို ကျေးဇူးတင်တဲ့အနေနဲ့ မြေ ၃ ဧက လှူတယ်။ မြေကွက်က ရန်ကုန်မြို့
တောင်ဖက် ၁၈ မိုင်အကွာ သန်လျင်မှာပါ။ အစမှာတော့ ဆေးဖြတ်သင်တန်းကျောင်းနဲ့
ကျမ်းစာကျောင်းအတွက် ရည်ရွယ်တယ်။ စဆောက်နေပြီ။ ဒါပေမယ့် စိတ်ပြောင်းသွားပြီး ၁၉၉၈
ခုနှစ်မှာ ပိုကျယ်တဲ့ မှော်ဘီ မြေကွက်ကို ကျောင်းအတွက် ထားလိုက်တယ်။ ဒါကြောင့်
သန်လျင်မြေကွက်က မိဘမဲ့ဂေဟာအတွက် ဖြစ်သွားတယ်။ ဒီနှစ်မှာပဲ ANM အလှူရှင်တွေရဲ့
အကူအညီနဲ့ ပထမဆုံး မိဘမဲ့ဂေဟာကို လျင်လျင်မြန်မြန် ဆောက်နိုင်ခဲ့တယ်။
MYC က မြော်လင့်ထားတဲ့အတိုင်း
သန်လျင် မိဘမဲ့ဂေဟာ ဖြစ်တည်လာပါပြီ။ ကျယ်ဝန်းတဲ့ ယောက်ျားလေး/မိန်းကလေး
အိပ်ဆောင်တွေမှာ ကလေး ၁၀၀ ဆန့်တယ်။ အဆောက်အဦး ပြီးတာနဲ့ စတင်နိုင်ခဲ့တယ်။
တဝက်ကတော့ မရမ်းချောင်က ရွေ့လာတဲ့ ကလေးတွေပါ။ ကျန်သူတွေကတော့ MYC ရုံးချုပ်မှာ
နေခဲ့သူတွေ အပါအဝင် မြန်မာပြည် တဝှမ်းက ဖြစ်တယ်။ အသက်က ၂ နှစ်မှ ၁၇ အတွင်း
ဖြစ်တယ်။ ဆရာတွေကတော့ MYC
မှာ ဆေးပြတ်သွားတဲ့ တကယ်ဆက်ကပ်သူတွေ ဖြစ်တယ်။
နောက်ကောင်းတာ
တခုကတော့ မိဘမဲ့ဂေဟာက အစိုးရ စာသင်ကျောင်းနဲ့ နီးတယ်။ ကလေးအားလုံး ကျောင်းနေရပြီး၊
MYC က
ကျောင်းဝတ်စုံ၊ စာအုပ်နဲ့ ကျောင်းသုံးကရိယာတွေ ပံ့ပိုးတယ်။ တရားဟောပွဲတွေ သွားဖို့
သုံးတဲ့ ကားအသစ်ကိုလည်း ခရီးစဉ် မရှိတဲ့နေ့တွေမှာ ကျောင်းပို့/ကျောင်းကြို အတွက်
ပေးထားတယ်။
ဆရာဦးဒေးဗစ်နဲ့
ဒေါ်ကေသီတို့အတွက်တော့ ကလေးတွေ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာကို ကြည့်ရင်း
ကြည်နူးကြရတယ်။ အကြီးဆုံး ဆရာပီတာလိန်းကတော့ ဆရာကြီးရဲ့ ညာလက်ရုံးအဖြစ်
ကျမ်းစာကျောင်းအုပ် ဖြစ်လာတယ်။ ညီ ဆရာမနားကီးကတော့ သင်းအုပ်ဆရာ အဖြစ်နဲ့ MYC အသင်းတော်များကို
ကြည့်ရှုပြုစုရတယ်။ ဆမ်မြူရယ်၊ ဂျွန်းနဲ့ ပေါလ် တို့ကတော့ တက္ကသိုလ် တက်ရင်း တဖက်ကလည်း
ကွန်ပြူတာ၊ ကားမောင်းနဲ့ အငယ်တွေကို ကြည့်ရှုရတဲ့ အလုပ်လုပ်ရတယ်။ တချို့က
အထက်တန်းကျောင်းပြီးတာနဲ့ ဘုရားအလုပ်လုပ်ဖို့ ကျမ်းစာကျောင်း တက်တယ်။ အားလုံးကတော့
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာနဲ့ အငယ်တွေကို ထောက်မဖို့ ဂတိထားကြတယ်။
“ညီလေး၊
ညီမလေးတွေကို မမေ့ပါဘူး။” လို့ ပြောတာကြားရရင် ဆရာကြီးတို့ အပြုံးနဲ့ ဝမ်းသာကြည်နူးရတယ်။
မိဘမဲ့ဂေဟာရဲ့
တာဝန်တွေက အတော်ကြီးမား လေးလံပေမယ့် ဆရာဦးဒေးဗစ်က ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေ
လုပ်မယ်လို့ ဘုရားကို ပေးခဲ့တဲ့ ဂတိကို မဖျက်ဘူး။ ဘုရားကလည်း နေ့စဉ်လိုသမျှကို ANM နဲ့
အမေရိကန် အသင်းအဖွဲ့တွေအားဖြင့် မ,စ တော်မူတယ်။ ဒါပေမယ့်
နယ်ပယ်စုံ၊ ဘဝအခြေအနေ မျိုးစုံက ရောက်လာတဲ့ ကလေး ၁၀၀ စာ အတွက်
ချက်ပြုတ်ကျွေးမွေးရ၊ အဝတ်တွေ လျှော်ဖွတ်ရ၊ စာသင်ပေးရ၊ ဆုံးမရ၊ လမ်းပြ သွန်သင်ရတဲ့
တာဝန်ကို MYC က ထမ်းရွက်ရတယ်။ ဒါဟာ တကယ် မလွယ်ပါဘူး။ ဒါပေမယ့် ဆရာတွေက
နေ့တိုင်းအတွက် ခွန်အားနဲ့ ညဏ်ပညာကို ဘုရားထံမှာ ဆုတောင်းယူကြတယ်။
ဆေးသမား၊
အနာကြီးနဲ့ မိဘမဲ့တွေအပြင် အပယ်ခံနောက်တမျိုးလည်း ကူညီရသေးတယ်။ HIV- AIDS တွေပါ။
၁၉၈၀ ကနေ ရောက်လာသမျှ ဆေးသမားအားလုံး HIV စစ်ကြရတယ်။ မသန့်တဲ့
ဆေးထိုးအပ်တွေကြောင့် ဒီရောဂါကို ဆေးသမားတွေ ရကြတယ်။ အဲဒီအချိန် ပြည်တွင်း ဆေးရုံ၊
ဆေးခန်းတွေမှာ ဒီရောဂါအတွက် ဘာမှ လုပ်မပေးဘူး။ ကူးမှာ ကြောက်ကြတယ်။ ဒါပေမယ့်
ဆရာကြီး ဦးဒေးဗစ်က ဘယ်သူမှ မလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ သူ့ ဆက်ကပ်မှုကို သတိရတယ်။
ဒီရောဂါရနေသူတွေကို ရဲရဲဝံ့ဝံ့
လက်ခံခဲ့တယ်။
“ခင်ဗျား
ရူးနေပြီ။” လို့ လူတွေ ကန့်ကွက်ကြတယ်။ အလှူရှင်တွေလည်း ပြောလာတယ်။ “HIV လူနာတွေကို
တခြားလူတွေနဲ့ ရောထားလို့ မရဘူး။ အန္တရာယ်ကြီးလွန်းတယ်။ ခင်ဗျားတို့ အကုန်
သေကုန်လိမ့်မယ်။”
ဒါဟာ
သိပ်သတ္တိကောင်းတဲ့ စွန့်စားခန်းကြီးပါပဲ။ ဒါပေမယ့် ဒါဟာ လုပ်သင့်တဲ့ အလုပ်လို့
သူ့ရင်ထဲမှာ စိတ်ချနေတဲ့ ငြိမ်သက်ခြင်းကို ခံစားနေရတယ်။ HIV- AIDS လူနာတွေ
လက်ခံတာနဲ့ တပြိုင်နက် ကျန်းမာရေး ဗဟုသုတ ရှိဖို့အတွက် ဆရာဝန်တွေကို ဖိတ်ခေါ်ပြီး
ပညာပေးခိုင်းတယ်။ ဆရာဝန်တွေက AIDS ကူးတတ်တဲ့နည်းတွေ (သွေး၊
လိင်၊ ဆေးထိုးအပ်) ၊ မကူးနိုင်တဲ့နည်းတွေ (ခြင်၊ တံတွေး) ပြောပြတယ်။ HIV ရဲ့
လက္ခဏာတွေ၊ AIDS အဆင့်ရောက်တဲ့ အခြေအနေတွေကို ခွဲခြားပြတယ်။ ဆေးသမားတွေ၊
ကျမ်းစာကျောင်းသားတွေ မေးသမျှ မေးခွန်းတွေကို ဖြေပေးကြတယ်။ ကျန်းမာရေးအကြောင်း
သင်ရတဲ့အတွက် စိတ်သက်သာကြရတယ်။ ဒီသင်ခန်းစာဟာလည်း ကျောင်းသင်ခန်းစာထဲမှာ
ပါဝင်လာတယ်။
“သူတို့ကို
ခရစ်ယာန် အသိုင်းအဝိုင်းထဲမှာတောင် အပယ်ခံတွေလို ဆက်ဆံကြတယ်။ MYC မှာတော့
သူတို့ကို လေးစားရမယ်။ တန်ဖိုးထားရမယ်။ ချစ်ရမယ်။” လို့ ဆရာဦးဒေးဗစ်က
အဖွဲ့သားတွေကို အတိအကျမှာတယ်။
HIV ပိုးရှိသူတွေနဲ့
တခြားသူတွေကို ခွဲမထားဘဲ တခန်းထဲမှာ ထားတာကြောင့် အတူ ကျောင်းတက်၊ အတူ စား၊ အတူ ဘုရားရှစ်ခိုး၊
တခန်းတည်းမှာ အတူအိပ်ကြတယ်။ ဆရာဦးဒေးဗစ်ရဲ့ သူငယ်ချင်း UN မှာ
အလုပ်လုပ်တဲ့ ဆရာဝန်တယောက်က HIV-AIDS ဆေးကို အခမဲ့ပေးလာတယ်။
ဆရာဦးဒေးဗစ်က ကိုယ်ခံအားတိုးစေမယ့် အားဆေးတွေ ပေးဝေတယ်။
သင်တန်းသားတွေ ကျန်းမာရေး တိုးတက်လာတယ်။
ဒါပေမယ့် တချို့လည်း မလွှဲသာ မရှောင်သာဘဲ သင်တန်းကာလ ၃ နှစ်မပြီးခင်မှာ
ရောဂါတိုးလာပြီး သေဆုံးကြတယ်။ သေတယ်ဆိုတော့ လူသဘာဝ ကျန်ရစ်သူတွေက လူဘဝရဲ့
သေခြင်းတရားကို ပိုနားလည်လာပြီး၊ နေ့တိုင်း အကျိုးရှိအောင် အသက်ရှင်လာကြတယ်။
MYC ကျောင်းဆင်းတွေဟာ
ကိုယ့်ဒေသကို ပြန်ပြီး၊ သူတို့မှာ HIV ရှိနေတဲ့အကြောင်း
ပွင့်ပွင့်လင်းလင်း လူတွေရှေ့မှာ ဟောပြောကာ အယူအဆမှားတွေကို တိုက်ဖျက်ကြတယ်။
သူတို့အထဲမှာ M. Jala အမ်၊ ဂျာလလည်း ပါတယ်။ သူက ရှမ်းပြည်မြောက်ပိုင်းက ကချင်လူမျိုး
တယောက်ပါ။ ၁၉၉၁ မှာ MYC ကို
ရောက်လာတော့ သူ့မှာ HIV
positive
ရှိတာ တွေ့လိုက်ရတယ်။ ဆရာတွေက ဒီအကြောင်း သူ့ကို ချက်ချင်း
မပြောကြဘူး။ မပြောခင် သူ့ယုံကြည်ခြင်း အရင် တိုးစေချင်ကြတယ်။
ရောဂါရှိတာ သူသိသွားတော့ တည်တည်ငြိမ်ငြိမ်ပဲ ကျန်နေတဲ့ နေ့ရက်တွေမှာ ဘုရားကို
အားကိုး အသက်ရှင်သွားတယ်။
၁၉၉၄ မှာ ဂျာလ
ကျောင်းပြီးတော့ ကျောင်းမှာ ဆရာအဖြစ်နေတယ်။ MYC တရားပွဲတွေမှာ ရဲရဲဝံ့ဝံ့ပဲ သူ့မှာ HIV ရှိနေပြီ။
ဒီလိုမဖြစ်အောင် မူးယစ်ဆေးကို ရှောင်ကြဖို့ သတိပေးလေ့ရှိတယ်။ လူတွေ လန့်သွားကြတယ်။
ဒါမျိုးက ထုတ်ပြောရတာမဟုတ်ဘဲ လျှို့ဝှက်ထားတတ်ကြတယ်။ ဒါပေမယ့် ဂျာလနဲ့ သူ့တွဲဖေါ်
ဆရာတွေကတော့ ကိုယ့်သိက္ခာကို လုံးဝမငဲ့ကြဘူး။ သူတို့ မှားခဲ့တာတွေကို ပြောပြနေတယ်။
လူငယ်တွေ သူတို့လို မမှားဖို့ တားဆီးနိုင်ခဲ့ကြတယ်။
MYC ဟာ HIV-AIDS အကြောင်းကို
လူတွေရှေ့မှာ ရဲရဲရင့်ရင့် ဆွေးနွေးလေ့ရှိပြီး၊ လူနာတွေကိုလည်း လက်ခံတာကြောင့်
ပြည်တွင်းမှာ လူသိများလာတယ်။ ဒါကို UN က အသိအမှတ်ပြုလာရပြီး၊ ဆရာဦးဒေးဗစ်ကို
နောက်တကြိမ် ချဉ်းကပ်လာပြန်တယ်။ ဒီတခါတော့ HIV-AIDS ပညာပေးလုပ်ငန်းတွေကို
ကူညီချင်တယ်။
“ကျွန်တော်တို့မှာ
ငွေကြေးအများကြီးရှိတာ ခင်ဗျားသိပါတယ်။ ကျွန်တော်တို့က လူတွေကို ခင်ဗျားလောက်
မဆွဲဆောင်နိုင်ဘူး။” လို့ ဝန်ခံကြတယ်။
“ကျွန်တော်က
လူတွေကို မဆွဲဆောင်ပါဘူး။ ဘုရားက ပို့တာဗျ။” လို့ ရင်းရင်းနှီးနှီး ပြန်ဖြေခဲ့တယ်။
UN အရာရှိက ခေါင်းခါရင်းနဲ့ … “HIV-AIDS ပညာပေးလုပ်ငန်းအတွက်
ကျွန်တော်တို့မှာ ဘတ်ဂျက်ငွေတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့
အလုပ်အောင်မြင်ဖို့ MYC က ကောင်းကောင်း ကူညီနိုင်မယ်လို့ ယုံကြည်တယ်။ ခင်ဗျားက
လုပ်လည်းလုပ်နေတယ်။ ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော်တို့ထက်လည်း
ပိုလုပ်နိုင်တယ်။”
ဆရာဦးဒေးဗစ်
ယဉ်ယဉ်ကျေးကျေးပဲ ပြုံးလိုက်တယ်။
ဒါပေမယ့် တည်ငြိမ်မှုက အပြည့် ရှိနေတယ်။ ဒါကို အရင်ကတည်းက စိတ်မဝင်စားဘူး။
ဘာအကွက်လဲလို့သာ သိချင်နေတာပါ။
“လုပ်မယ့်
အစီအစဉ်ကလေး ရေးပြီး၊ ကျွန်တော်တို့ဆီ တင်ပါ။ UN အထောက်အပံ့
ကြောင့် MYC ရဲ့ HIV-AIDS ပညာပေးအစီအစဉ်တွေ ဘယ်လို အောင်မြင်တယ်ဆိုတဲ့ အကြောင်း ရေးပေးပါ။
ခင်ဗျားလုပ်တာတွေက ကျွန်တော်တို့ သတ်မှတ်ချက်တွေနဲ့ ကိုက်နေတာပဲ။ အဓိက တချက်ကလေး
ထည့်ပေးရမှာက HIV-AIDS ရှိရင် ကွန်ဒွန်သုံးဖို့ အရေးကြီးတဲ့အကြောင်းကလေး ထည့်ပေးပါ။ အဲဒါမှ HIV ဖြစ်ပွါးနှုန်းကို
အကြီးအကျယ် လျှော့ …… ”
ဆရာဦးဒေးဗစ်က UN အရာရှိရဲ့
စကားကို ဖြတ်ပြောလိုက်တယ်။ “I’m sorry! တွဲလုပ်ဖို့
မဖြစ်နိုင်ဘူး။ သခင်ယေရှုနဲ့ ကွန်ဒွန်က ဘာမှ မဆိုင်ဘူး။ ကမ်းလှမ်းတာတော့
ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နေကြအတိုင်းပဲ ဆက်လုပ်ပါမယ်။”
ဒီနှစ်ကာလတွေအတွင်း
ရောက်လာတဲ့ ဆေးသမားတွေထဲက တဝက်လောက်ဟာ HIV positive ရှိကြတယ်။ ဒီအကြောင်း
ချက်ချင်းတော့ အသိပေးလေ့ မရှိဘူး။ တနှစ်လောက် ကြာမှ သိခွင့်ပေးတယ်။ ဝိညာဉ်အသိတရား
ရင့်ကျက်ဖို့၊ ဘုရားတရားအသိ ရင့်ကျက်ဖို့ အချိန်ယူ ရဦးမယ်။ ပြောသင့်ပြီဆိုရင်တော့
တဦးချင်း တိုက်ရိုက် ခေါ်ပြောပြီး၊ ဆုတောင်းပေးတယ်။ ရောဂါပျောက်ဖို့ မြော်လင့်ခြင်းရှိလာအောင်
အားပေးတယ်။ အံဩစရာ ကောင်းတာက ရောဂါရှိသူ အများအပြားဟာ ကြိုးစား
ဆုတောင်းကြပြီးနောက် ဆေးစစ်တဲ့အခါ ရောဂါပျောက်သွားတာ တွေ့ရတယ်။ ပျောက်တဲ့သူတွေ
ပြန်ပြောတာ ကြားရတော့ ရောဂါရှိသူတွေ အားတက်လာပြီး ဘုရားနဲ့ နီးကပ်စွာ
အသက်ရှင်လာကြတယ်။
HIV-AIDS လူနာတွေကို ပိုပြီး
ကူညီပေးနိုင်ဖို့ အရေးတကြီး လိုလာပြီလို့ ဆရာဦးဒေးဗစ် နားလည်လာတယ်။ ရောဂါကလည်း
ပြည်တွင်းမှာ အရမ်း ပြန့်နေတယ်။ အရင်က ဆေးသမားတွေ ဖြစ်ရာကနေ၊ ဇနီးသည်တွေ၊
ပြည့်တန်ဆာတွေအထိ ပြန့်လာနေတယ်။ ဆေးကလည်း ဈေးသိပ်ကြီးလို့ အများစု
လက်လှမ်းမမှီနိုင်ဘူး။ ကုပေးတဲ့ ဆေးခန်းကလည်း အရမ်းနည်းသေးတယ်။ ဆေးရုံအများစုက
ရောဂါရှိတာ သိပြီဆိုရင် ချက်ချင်း ပြန်လွှတ်ကြတယ်။
ဒါတွေ တွေးမိတော့
ခရစ်ယာန်တွေအနေနဲ့ ဒီအလုပ်တွေ ဦးဆောင်လုပ်သင့်တယ်လို့ ဆရာ ဦးဒေးဗစ် ခံစားမိတယ်။
ဒါကြောင့် ၂၀၀၂ ခုနှစ်မှာ MYC ဟာ HIV-AIDS လူနာလက်ခံ ကုသတဲ့ ပထမဆုံး ဆေးခန်းဖြစ်လာတယ်။ မှော်ဘီမှာ ၁၆
ကုတင်ဆံ့ဆေးခန်းလေးရှိပြီး၊ လူနာတွေ ကျမ်းစာ သင်တန်းတက်၊ သင်တန်း အစီအစဉ်တွေမှာ
ပါဝင်ရင်း အထီးကျန် မဖြစ်တော့ဘူး။ အစပိုင်း လူနာတွေကတော့ ရောဂါတိုးလာဟန် ပြတဲ့ MYC က
ဆရာတွေ၊ ကျောင်းသားတွေပဲ ဖြစ်တယ်။ ရောဂါရှိတဲ့ လူနဲ့ အိမ်ထောင်ကျမိတဲ့ မိန်းကလေး
လူနာတွေကိုလည်း လက်ခံတယ်။ ဆေးကို UN ကနေ အလကားရဖို့ စီစဉ်ပေးတယ်။ ခရစ်ယာန်
ဆရာဝန်တယောက် ပုံမှန် လာကြည့်ပေးတယ်။ ကိုယ့်မိသားစုကတောင် ဆရာဦးဒေးဗစ်လောက်
ချစ်တတ်၊ စိုးရိမ်ပြတာ မတွေ့ရဘူးလို့ ရောဂါသည်တွေက ထုတ်ဖေါ်ပြောလာကြတယ်။
ဆေးသမားတွေ၊
မိဘမဲ့ကလေးတွေ၊ အနာကြီးရောဂါသည်နဲ့ HIV-AIDS ဝေဒနာရှင်တွေဟာ
ဆရာဦးဒေးဗစ်ထံမှာ ခိုနားရာ ရခဲ့၊ ချစ်ခြင်းမေတ္တာကို ခံစားခွင့်ရကြတယ်။ ဒီလူတွေကို
အကုန် လက်ခံနေတော့ ရူးပြီလို့ ပြောကြတယ်။ လွန်သွားပြီလားလို့လည်း တခါတရံ
ကိုယ့်ကိုကိုယ် ထင်မိတယ်။ ရူးနေသလားဆိုတဲ့ မေးခွန်းကို စဉ်းစားမိတဲ့အခါ သခင်ယေရှု
ပြောတဲ့စကားကို အမှတ်ရမိတယ်။ “အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား
ပြုကြပြီ။” (မဿဲ ၂၅း ၄၀) ဒီစကားကြောင့် အားရပြီး ဆုတောင်းမိတယ်။ ဘုရားသခင်၊
ဒီအလုပ်လုပ်ရတာ တကယ် မလွယ်ပါဘူး။ ဒါပေမယ့် သူများ မလုပ်ချင်တာတွေ ကျွန်တော်
လုပ်မယ်လို့ ဂတိပေးပါတယ်။ ထူးထူးခြားခြား မ,စ တော်မူပါ။
ဒီအလုပ်ကို ဆက်လုပ်နေပါမယ်။
ဘုရားက တကယ်လည်း ထူးထူးခြားခြား မ,စပါတယ်။ သူ့စိတ်စေတနာကို ဘုရားသိတယ်။ သူ့ရဲ့ အတ္တကင်းတဲ့၊ ကိုယ်ကျိုးစွန့်တဲ့ ချစ်ခြင်းမေတ္တာပြတဲ့ စံနမူနာကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ခရစ်ယာန်များစွာဟာ သခင်ယေရှုခရစ်အတွက် နောက်ထပ် တဆင့်မြင့်တဲ့ ဆက်ကပ်မှုတွေ လုပ်လာကြတာ တွေ့လာရတယ်။
No comments:
Post a Comment