အခန်း
၁၄အနာကြီးရောဂါသည်တွေနဲ့
ရင်းရင်းနှီးနှီးTouching the Lepers(၁၉၈၄
– ၂၀၀၂)
၁၉၈၄ ခုနှစ်ရဲ့
နေပူပူ ဖုန်ထူတဲ့ တနေ့မှာ MYC ခြံထဲကို ဧည့်သည်တယောက် ပထမဆုံး အကြိမ် လမ်းလျှောက် ဝင်လာတယ်။ သူ့ပုံက
ဒုက္ခရောက်နေတဲ့ပုံ။ နှာခေါင်းနဲ့ လက်ချောင်းတွေ ပျက်နေပြီ။ တကိုယ်လုံးလည်း အနာတွေ
ရွှဲနေတယ်။ ယင်တွေ တလောင်းလောင်းနဲ့။
သူက အနာကြီးရောဂါသည် တယောက်။
အဆိုးဝါးဆုံး
အခြေအနေတွေကို မြင်ဖူးနေကျ ဆေးသမားတွေတောင် သူ့ကို ကြည့်ပြီး ရွံ့သွားတယ်။
အနူဆိုတာ မမြင်ဖူးဘူး။
မြို့ပြင်မှာပဲ နေတဲ့သူတွေ မဟုတ်လား။ ကူးတတ်တယ်ဆိုတော့ တတ်နိုင်သမျှ
ရှောင်ချင်ကြတယ်လေ။
ပြောင်းလဲစ
ဆေးသမားတယောက်က ဆရာဦးဒေးဗစ်ကို စိုးရိမ်တကြီး အကဲခတ်လိုက်တယ်။
တိုးတိုးကလေး
ကပ်ပြောလာတယ်။ “ပါးပါး .. ပါးပါးက သဘောကောင်းတယ်ဆိုတော့ အဲဒီလူက အသနားခံရင် ပါးပါး
ခေါ်ထားမယ် ထင်တယ်။ အနူတွေတော့ ခေါ်မထားနဲ့နော်။”
“သူ
ဘာပြောမလဲ.. ကြည့်ဦးမယ်လေ။” လို့ အခြေအနေကြည့် ပြောရင်း လူနူကို အထိတ်တလန့်
စူးစမ်းကြည့်လိုက်တယ်။
ဧည့်သည်က
ပြောလာတယ်။ “ထမင်းမစားရတာ ၄ ရက်ရှိပြီ ခင်ဗျာ။ စားစရာလေးများ ရှိရင် မ,စ ပါ။” အသံတွေ အကုန်တိတ်သွားတယ်။ ဆရာဦးဒေးဗစ် ဘာပြန်ပြောမလဲ..
စိတ်ဝင်တစား ကြည့်နေကြတယ်။
“ရတယ်။
ပေးပါမယ်။ ဒါပေမယ့် ဒီအစာက ခဏပဲ အဆာပြေမယ်။ ဒါပေမယ့် ဘယ်တော့မှ မငတ်မယ့် အစာကို
ပေးနိုင်တဲ့သူအကြောင်းလည်း ပြောပြချင်တယ်။”
လူနူ
မျက်စိဝိုင်းသွားတယ်။ “ဟုတ်ကဲ့.. ပြောပါ။ ဘယ်သူများလဲ ခင်ဗျာ။” ဆရာဦးဒေးဗစ်က
သူ့ကို ဘုရားသခင်အကြောင်း ပြောပြတယ်။ ဒါ သူ ပထမဆုံး ကြားဖူးတာပဲ။ လေးလေးစားစား
နားထောင်တယ်။ သူ့ကို ထမင်း တပန်းကန် မှာပေးတယ်။ စားသောက်ပြီး တဲ့အခါ သူ့အကြောင်း
မေးကြည့်တယ်။
သူ့နာမည်က
စောနေထူး။ ရန်ကုန်မြို့ပြင် ၁၅ မိုင် ဝေးတဲ့ ထောက်ကြံ့ အနာကြီး ရောဂါသည်တွေ
နေတဲ့အရပ်မှာ နေတယ်။ အဲဒီမှာ အနာကြီး ရောဂါသည် ၃,၀၀၀
လောက် အရမ်း ဆင်းဆင်းရဲရဲ နေထိုင်ကြရတယ်။ မြို့ထဲ လှည့်လည် တောင်းရမ်း စားသောက်တာ
အတားခံနေရတယ်။ ဒီနေ့တော့ မြို့ထဲလည်ပြီး တောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
နားထောင်ရင်းနဲ့
ဆရာဦးဒေးဗစ် သူ့ကို အတော် သနားသွားတယ်။ “ကျွန်တော်မိတ်ဆွေတွေနဲ့ အဲဒီကို
လာဆုတောင်းပေးလို့ ရမလား?”
လူနူ
အံ့အားသင့်သွားတယ်။ သူတို့ဆီကို ဘယ်သူမှ မလာချင်ဘူးလေ။ သဘောပြောတာပဲ ဆိုတဲ့
သံသယနဲ့ ခပ်လေးလေး ဖြေလိုက်တယ်။ “ရပါတယ်။”
ဆရာဦးဒေးဗစ်က
သွားမယ့်ရက်ကို သတ်မှတ်လိုက်ပြီး၊ လာခဲ့မယ်လို့ ပြောလိုက်တယ်။ အဲဒီလူ
ထွက်သွားပြီးမှ သူ့လူတွေကို ပြောလိုက်တယ်။ “ဘယ်သူမှ မကူညီချင်တဲ့ လူတွေကို
ကူညီပါမယ်လို့ ဘုရားသခင်ထံမှာ ဟိုတုန်းက ဂတိထားဖူးတယ်။ အဲဒါကြောင့် ငါ မင်းတို့ကို
ကူညီနေတာပဲ။”
ခဏရပ်လိုက်ပြီးမှ …
“ဒီလိုပဲပေါ့လေ။ ဒီနေ့လာတဲ့ လူနူဟာ အကြောင်းရှိလို့ ဘုရားက လွှတ်လိုက်တာပဲ။
မင်းတို့ ဘာတွေ တွေးနေတယ် ဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါတို့အားလုံး သခင်ယေရှုရဲ့
စိတ်သဘောထားမျိုး ရှိဖို့ ကြိုးစားရမယ်။”
တကယ်တော့
လာလည်မယ်လို့ ဂတိပေးလိုက်တာဟာ ဆုံးဖြတ်ချက် မှန်ရဲ့လားလို့ သံသယဖြစ်မိတယ်။
“ဘာလုပ်မိတာပါလိမ့်? ကိုယ်တော် …
ကျွန်တော့မှာ အခုတောင် ဆေးသမားတွေ၊ မိဘမဲ့ကလေးတွေနဲ့ ပြည့်နေပြီ။ စကားလွန်သွားပြီလား?”
ဒါပေမယ့်
ရုံးခန်းထဲ ပြန်ဝင်လာတဲ့အခါ စားပွဲပေါ်က သစ်သားပြားမှာ ရေးထွင်းထားတဲ့ စာကို
ကြည့်မိတယ်။ “Give me this mountain” “ဤတောင်ကို
အကျွန်ုပ်အား ပေးပါ။” (ယောရှု ၁၄း ၁၂) ချက်ချင်းပဲ ဒီစာသားလေး ရေးထားရတဲ့
အကြောင်းရင်းကို သတိရမိတယ်။ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေ ပေးဖို့
ဆုတောင်းထားတာပဲ။ အခု တတောင် ထပ်ပေးပြီလေ။
ဘာ အခုမှ ငြင်းမလဲ?
“ခွင့်လွှတ်ပါ
ကိုယ်တော်” လို့ ပြုံးပြီး ဆုတောင်းမိတယ်။
ဆရာဦးဒေးဗစ်
အနူတောကို တခါမှ မရောက်ဖူးဘူး။ သွားမယ်လို့ ပြောထားရင် ဂတိတော့ တည်ရမယ်။
လက်တွဲဖေါ် ဆရာတချို့ကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်သူမှ မလိုက်ချင်ဘူး။
ဒါပေမယ့် မရဘူး၊ ခေါ်သွားတယ်။
MYC ဆရာတွေ ဟိုရောက်တော့
မထင်မှတ်တာတွေ တွေ့ရတယ်။ ထောင်နဲ့ချီတဲ့ လူနူတွေဟာ လူနဲ့မတူအောင် ညစ်ညစ်ပတ်ပတ်
နေကြရတယ်။ အများစုက အနာတွေ ဟောင်းလောင်း၊ ယင်တွေ တလောင်းလောင်းနဲ့။ တချို့ဆို
လောက်တွေ တွယ်နေပြီ။ အနာတွေကထွက်တဲ့ ပြည်နံ့ကလည်း ပျို့အံချင်စရာ။
ဆရာဦးဒေးဗစ်တောင် အံချင်စိတ်ကို မနည်းမြိုသိပ်ထားရတယ်။ ဒါပေမယ့် အားလုံးက
ဘာမှမဖြစ်သလို နေကြရတယ်။
စောနေထူးကတော့
ဆရာတွေလာတော့ အရမ်းစိတ်လှုပ်ရှားနေတယ်။ အပြင်လူတွေ ခြေမချချင်တဲ့ နေရာလေ။
ဧည့်သည်လာတာ ဂုဏ်ယူစရာ ဖြစ်နေတယ်။ ဧည့်သည်တွေကို သူ့တဲကလေးထဲ ခေါ်သွားလိုက်တယ်။
အထဲမှာ အနူ ၁၅ ယောက်လောက် ထိုင်နေကြတယ်။
“ဆရာတို့
လာမယ်လို့ ကျွန်တော် ပြောထားလို့ သူတို့ အားတက်သရော စောင့်နေကြတာ။”
နွေရာသီ။ တဲထဲမှာ
လေဝင်လေထွက် မကောင်းဘူး။ ပူအိုက်ပြီး အထဲမှာ လှောင်နေတယ်။ အနံ့ကလည်း မကောင်း။
ဆရာဦးဒေးဗစ် ထိုင်ရင်း လူတွေကို ကြည့်လိုက်တယ်။ ပထမဦးဆုံး သတိထားမိတာက
နှာခေါင်းတွေ၊ မျက်နှာတွေ ပျက်နေပြီ။ လက်ချောင်း၊ ခြေချောင်းတွေ တိုနေပြီ။
သနားသွားမိ ပြန်တယ်။
ပါလာတဲ့သူတွေနဲ့
မိတ်ဆက်ပေးပြီးတဲ့အခါမှာတော့ သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာ အကြောင်း ပြောပြတယ်။
“ခင်ဗျားတို့ အားလုံးကို ဘုရားသခင်က တကယ်ချစ်တယ်။” ကားတိုင် အကြောင်း၊
ယုံကြည်သူကို သခင်ယေရှု အခမဲ့ပေးတဲ့ ကောင်းကြီးမင်္ဂလာအကြောင်း ပြောပြတယ်။ အားလုံး
တလေးတစား နားထောင်ကြတယ်။ ပြီးမှ အတူ ကောင်းကြီးတောင်းခံ ဆုတောင်းကြတယ်။
အမျိုးသမီးတွေက
အဆာပြေ စားဖို့ ပြင်ထားပြီးပြီလို့ စောနေထူး ပြောလာတော့ အားလုံး တွန့်သွားကြတယ်။
စားရင်လည်း အံချင်မယ်။ ငြင်းတော့လည်း ရိုင်းရာကျမယ်။ ကဲ.. ဘာလုပ်ကြမလဲ?
စဉ်းစားချိန်
မရခင်မှာပဲ အမျိုးသမီးတွေက ပန်းကန်တွေထဲမှာ ကျောက်ကျောတွေ ထည့်ပေးကြတယ်။ အနာတွေနဲ့
စားစရာကြားမှာ ယင်ကောင်တွေ ကူးချည်သန်းချည် လုပ်နေကြပြီ။ မြင်ရတာကတော့ အံ့ချင်စရာ။
စားရုံပဲ ရှိတော့တာပေါ့။ ဘုရားသခင် ချစ်တဲ့အကြောင်း တရားဟောတဲ့ ဆရာတွေ လက်တွေ့
ဘာလုပ်မလဲဆိုတာ ပရိတ်သတ်က စောင့်ကြည့်နေပြီလေ။
ခေါင်းငုံ့
ဆုတောင်းရင်းနဲ့ စားလိုက်ကြတယ်။ ယင် ကြာကြာမနားခင် မြန်မြန် စားလိုက်ကြရတယ်။
ရွံတဲ့ အမူအယာတော့ မပြမိအောင် သတိထားနေကြရတယ်။ စားပြီးတာနဲ့ တပြိုင်နက်
အမျိုးသမီးတွေက သူတို့လက်နဲ့ နယ်ထားတဲ့ လက်ဖက်သုတ်နဲ့ ဧည့်ခံကြပြန်တယ်။ ဆရာသမားတွေ
ပြုံးရင်း တိတ်တိတ်လေး
ဆုတောင်းပြီး စားကြရပြန်တယ်။ သူတို့ကို ကောင်းကောင်း အကဲခပ်နေတယ်ဆိုတာ သူတို့
ရိပ်မိလိုက်ပါပြီ။
စားပြီးတဲ့အခါ
သူတို့ အရမ်း ဝမ်းသာနေကြတယ်။ ဧည့်သည်တွေက သူတို့ ကျွေးတာ စားကြတယ်လေ။ နောက်လည်း
လာလည်ပါဦးလို့ ဖိတ်ကြတယ်။ ဆရာဦးဒေးဗစ်ကလည်း လာခဲ့မယ်လို့ ဆိုတယ်။ ပြန်ဖို့
ထရပ်လိုက်တော့ လူနူတွေက လက်ဆွဲနှုတ်ဆက်ကြတယ်။ အနာက သငန်ရည်တွေနဲ့ စီးကပ်နေတဲ့
လက်တွေကို မသိဟန်ဆောင်ရင်း ရင်းရင်းနှီးနှီး လက်ဆွဲ နှုတ်ဆက်ကြရတယ်။
ထောက်ကြံ့ အနာကြီးရောဂါသည်တွေထံ
နှစ်ပတ် တခါ သွားကြတယ်။ သွားတိုင်း အစားအသောက်တွေ ကျွေးရင်း၊ လက်ဆွဲ နှုတ်ဆက်ရင်း၊
တကယ်ခင်တာ ဟုတ်မဟုတ် စစ်ဆေးကြတယ်။ ၅ ကြိမ်လောက် လည်ပတ်ပြီးတဲ့အခါမှာတော့
စောနေထူးနဲ့ သူ့မိတ်ဆွေတွေဟာ ဆရာဦးဒေးဗစ်ဟောတဲ့ သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာဟာ
စစ်မှန်တယ်လို့ သဘောပေါက်လာတယ်။ သခင်ယေရှု မေတ္တာကို ခံစားမိလာပြီး၊
နှစ်ခြင်းယူကြတယ်။
လနည်းနည်းကြာတော့
နောက်ထပ် ၂၈ ယောက် နှစ်ခြင်းယူကြတယ်။ ပြီးတော့ နောက်ထပ် ၄၅ ယောက် နှစ်ခြင်းယူတော့
အနာကြီးအသင်းတော်လေး ဖြစ်လာပြီး ဆရာတယောက် အပတ်တိုင်း လွှတ်ပြီး တရားဟောတယ်။
အနာကြီးရောဂါသည်တွေထဲမှာပဲ
မလိုသူတွေလည်း ရှိပါတယ်။ အကြောင်းက
သူတို့ရောင်းတဲ့ အရက်ပုန်းကို ဝယ်မသောက်ကြတော့လို့ပါ။ ဆရာဦးဒေးဗစ် လာနေတာဟာ
သူတို့ရဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေအတွက် အနှောက်အယှက်ပဲ လို့ ထင်သူတွေလည်း
ရှိတယ်။ တဖြည်းဖြည်းနဲ့လည်း အရက်ဟာ ဘုရားမကြိုက်တဲ့အရာမို့ မသုံးသင့်ဘူးလို့
ဟောပြောလာတယ်။ သူတို့ စီးပွါးရေးကို တိုက်ရိုက် တိုက်ခိုက်တာ မဟုတ်ပေမယ့်
ချိန်းခြောက်သလိုတော့ ခံစားနေကြရတယ်။
ကြာတော့
စောနေထူးရဲ့အိမ်ကို ခဲနဲ့ပေါက်ကြတယ်။ သူစိမ်းတွေ ခေါ်လာတယ်လို့ ပြစ်တင်ကြတယ်။
စောနေထူးကို နှင်ထုတ်ကြတော့ ကွင်းပြင်မှာ ရက်ပေါင်းများစွာ အိပ်ရတော့တယ်။
ဒီသတင်းကို ဆရာဦးဒေးဗစ်ကြားတော့ စောနေထူးကို ထောက်ကြံ့ကနေ သွားခေါ်လိုက်ပြီး၊
သူ့အနေနဲ့ သူတို့ရဲ့ စီးပွါးရေးကို နှောက်ယှက်လိုစိတ် လုံးဝမရှိတာကို ရှင်းပြတယ်။
အဲဒီအချိန်ကစပြီး အဖွဲ့နှစ်ဖွဲ့ကြား အတော်ကြာ ပြေလည်သွားတယ်။
ဒီအချိန်မှာ
ခရစ်ယာန် အနာကြီးဝေဒနာသည်တွေဟာ ဘုရားစကား နားထောင်ကြလို့ အရင် အလုပ်တချို့ကို
မလုပ်ကြတော့တဲ့အတွက် စားဝတ်နေရေး ကူဖို့လိုလာတယ်။ လတိုင်း ဆန်နဲ့
ဟင်းသီးဟင်းရွက်တွေ ကူညီပြီး၊ ဝင်ငွေရဖို့ ဟင်းသီးဟင်းရွက်တွေ
စိုက်ပျိုးနိုင်အောင် ကူညီပေးခဲ့တယ်။
၁၉၈၉ မှာ အစိုးရက
ထောက်ကြံ့ အနာကြီးအုပ်စုကို မရမ်းချောင်ဆိုတဲ့ တောအရပ်ကို ရုတ်တရက်
ပြောင်းရွေ့ခိုင်းခဲ့တယ်။ ရန်ကုန်မြို့ရဲ့ မြောက်ဖက် မိုင် ၅၀ အကွာမှာရှိတဲ့
မရမ်းချောင်ဟာ ထောက်ကြံ့ထက် အများကြီး ပိုခေါင်တယ်။ လမ်းမပေါက်တော့ အဆက်အသွယ်
အကုန်ပြတ်ရတယ်။ အဲဒီမှာ ငှက်ဖျားရှိတယ်။ ရောက်ပြီး မကြာဘူး၊ အနာကြီးရောဂါသည်တွေ
ရာနဲ့ချီပြီး သေကြရတယ်။
မရမ်းချောင်ကို
သွားရတာ ဝေးတဲ့အတွက် သင်းအုပ်ဆရာ ထားဖို့ လိုလာတယ်။ အံဩဘွယ်ရာပါပဲ၊ MYC က
ဆရာစောထူးက ရောဂါကူးနိုင်မှာ သိလျက်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံဖို့
ဆုံးဖြတ်ခဲ့တယ်။ ဆရာစောထူးက ဆရာဦးဒေးဗစ်ရဲ့ ပုံသက်သေအတိုင်း အတုယူပြီး၊ လိုအပ်ရင်
အသက်ပေးပြီး ကူညီဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်တယ်။
မရမ်းချောင်မှာ
ဆရာရှိသွားပေမယ့် ဆရာဦးဒေးဗစ်ကတော့ ဆက်ပြီး မကြာမကြာ ဆက်သွားခဲ့တယ်။
လမ်းမပေါက်တော့ ဆရာတပည့်တွေ နွေဆို ဖုန်ထူတဲ့လမ်း၊ မိုးဆို ရွံ့ဗွက်ထဲမှာ ၂
နာရီလောက် လမ်းလျှောက်ကြရတယ်။ မရမ်းချောင်ကို သွားတယ်ဆိုတာ ငှက်ဖျားတောက အနာကြီး ရောဂါသည်တွေရဲ့ မသန့်တဲ့
အိပ်ရာပေါ်မှာ အိပ်ကြရတာပါ။ ဒီအကြောင်းတွေရှိပေမယ့် မငြီးမညူဘဲ ဝမ်းသာအားရ
ကူညီခဲ့ကြတယ်။
“သခင်ယေရှုက
ငါတို့အတွက် ဝေဒနာခံစားခဲ့ရတော့ ငါတို့လည်း သူ့အတွက် နည်းနည်းတော့ အနစ်နာ ခံရမှာပေါ့။” လို့
ဆရာဦးဒေးဗစ်က ပြောပြပါတယ်။
လအတော်ကြာလာတော့
လူငယ်တွေက MYC အသင်းတော် လူငယ်တွေနဲ့အတူ ပါဝင်လာတယ်။ တခြားသူတွေ အတူမစားချင်၊ လက်ဆွဲ
နှုတ်မဆက်ချင်၊ အိပ်ယာမှာ မအိပ်ချင်ကြတော့ အခုပြတဲ့ မေတ္တာစစ်ကို နားလည်လာတယ်။
လူတွေတိုးလာတော့
လက်တွေ့ စတင် ကူညီရတယ်။ နေထိုင် စိုက်ပျိုးဖို့ ၁၅ ဧကရှိတဲ့ မြေကွက်ကို
ဝယ်လိုက်တယ်။ စားဝတ်နေရေး ဖူလုံဖို့ နွား၊ ဆိတ်နဲ့ ကြက်တွေ ဝယ်တယ်။ ငါးမွေးဖို့
ကန် ၂ ကန် တူးလိုက်တယ်။ မာလကာ၊ သရက်၊ ပိန္နဲ၊ သီဟိုဠ် စတဲ့ သီးပင်
ပျိုးပင်ပေါက်တွေ ဝယ်တယ်။ သွားတိုင်းလည်း ဆန်နဲ့ ငါးခြောက်တွေ ယူသွားပေးလေ့ရှိတယ်။
ကူညီတာကို
မနာလိုသူတွေလည်း ရှိပါတယ်။ သူတို့က အသင်းတော်ကို ဖျက်ဆီးချင် ကြတယ်။ တနေ့တော့
အိမ်တွေ မီးရှို့ကြတယ်။
ပေါ့ဆလို့ဆိုပြီး ခရစ်ယာန်တွေကို တရားစွဲတယ်။ ခရစ်ယာန်တွေ ပေါ့လျော့လို့ ဆိုပြီး
တရားသူကြီးက နှင်ထုတ်အပြစ်ပေးဖို့ မြော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် ဘုရားက အံ့ဘွယ် မ,စ ပါတယ်။ စီရင်မယ့် တရားသူကြီးက ဆရာဦးဒေးဗစ်နဲ့ ခင်သွားတယ်။ အခြေအနေ
အမှန်ကို ရှင်းပြခွင့်ရတော့ အမှုလည်း ပိတ်လိုက်တယ်။
ဆန့်ကျင်တာတွေ
ရှိခဲ့ပေမယ့် အသင်းတော်လေး ကြီးပွါးပြီး အသင်းသား ၃၀၀ လောက် ရှိလာတယ်။ ဆရာတွေ
ထပ်တိုးပေးလာရတယ်။ ကျမ်းစာကျောင်းသားတွေ ပုံမှန်လွှတ်ပြီး၊ တရားဟောသလို
သီချင်းအသစ်တွေ သင်ပေးကြတယ်။ တကြိမ်မှာတော့ တရွာလုံးအတွက် MYC ရဲ့
တီးဝိုင်းနဲ့ ဖျော်ဖြေပေးခဲ့တယ်။
ကြာတော့
မရမ်းချောင်က လူတွေဟာ သူတို့အတွက် MYC က အကျိုးရှိတယ်ဆိုတာ
နားလည်လာတယ်။ ဆရာဦးဒေးဗစ်က နှစ်တိုင်း ဝက်သား အချိန်တရာနဲ့ ထမင်းကျွေးပြီး
အားလုံးကို စားပွဲကျင်းပပေးတယ်။ လူမှုရေးအတွက်လည်း ကူညီတယ်။ စာသင်ကျောင်းအတွက်
မီးစက်၊ ရေတင်စက်တွေ ဝယ်ပေးခဲ့တယ်။ MYC ရဲ့ ကူညီပံ့ပိုးမှုတွေက
အစိုးရကလည်း အရေးပေါ် အကူအညီတွေ ပေးလာဖို့ တွန်းအားပေးသလို ဖြစ်လာတယ်။
ဥပမာအားဖြင့် အစိုးရ တဝက်၊ MYC တဝက်နဲ့ လျှပ်စစ်မီးရဖို့
ကေဘလ်ကြိုးတွေ သွယ်နိုင်ခဲ့ကြတယ်။
မရမ်းချောင်
အနာကြီးအသင်းတော်ဟာ မန္တလေးအနီး၊ စစ်ကိုင်းကို ဆရာတယောက် လွှတ်ပြီး နောက်ထပ်
အနာကြီးအသင်းတော် စတင်ဖို့ စေလွှတ်ကူညီနိုင်ခဲ့တယ်။ ဆရာ ကျားရှင်ဟာ မရမ်းချောင်က
အနာကြီးဝေဒနာရှင် ဖြစ်ပြီး၊ အနာကြီးတွေကို ကူညီဖို့၊ ဟောပြောဖို့ စိတ်ထက်သန်သူ
ဖြစ်တယ်။ စစ်ကိုင်းကို သွားပြီး MYC ရဲ့ ဒုတိယမြောက် အနာကြီး အသင်းတော်ကို စတင်ခဲ့တယ်။
အနာကြီးဝေဒနာရှင်တွေ
တိုးတက်လာခဲ့သလို၊ ဆက်ကပ်ပြီး ကူညီခဲ့တဲ့ ဆရာတွေလည်း အတူတိုးတက်ကြတယ်။ ဒါဟာ ဘုရားက
အားလုံး မြင့်မြတ်တဲ့ စိတ်ထားကြဖို့ နိုးဆော်နေလို့ပါပဲ။ အနာကြီးအသင်းတော်ရဲ့
အဖြစ်အပျက်ဟာ လူ့ဘဝရဲ့ တကယ့် ဖြစ်ရပ်မှန်တွေ၊ စိတ်စေတနာ ထက်သန်သူတွေနဲ့ သူတို့ရဲ့ ကြည်နူးစရာအကြောင်းတွေ
ပါဝင်နေတယ်။
ဥပမာတခုအနေနဲ့၊
၂၀၀၁ ခု၊ ခရစ်စမတ်ကာလမှာ MYC ဆရာသမားတွေ မရမ်းချောင်ကို သွားခဲ့ကြတယ်။ ခရစ်စမတ်မှာ
အနာကြီးအသင်းတော်က ထုံးစံအတိုင်း ဝက်သားဟင်းနဲ့ ဧည့်ခံတယ်။ သင်းအုပ်ဆရာက အားလုံး
ရပြီဆိုမှ စားဖို့ ဝင်ထိုင်တယ်။ စားလို့ တဝက်ကျိုးတော့ ဆရာက သူ့ပန်းကန်ထဲမှာ
ပတ်တီးစကို တွေ့လိုက်ရတယ်။ ဘေးကို အသာခပ်ထုတ်လိုက်ရင်း ဆက်စားတဲ့အခါ
ဝက်သားဟင်းထဲမှာ ကျနေတဲ့ လူ့လက်ချောင်း တချောင်းကို တွေ့လိုက်ရတယ်။
ဒီအချိန်မှာတော့
အားလုံး စားသောက်ပြီးကြပြီဆိုတော့ စားကောင်း သောက်ကောင်းတဲ့ အကြောင်း ပြောနေကြတာပေါ့။
သင်းအုပ်ဆရာကတော့ ဘယ်သူ့လက်ချောင်း ပြတ်ကျသလဲ ဆိုတာ မီးဖိုချောင်ကို တိတ်တဆိတ်
သွားကြည့်လိုက်တယ်။ မကြာပါဘူး။ အဖြေပေါ်ပါတယ်။
“လက်ချောင်းက
ဘာလို့ ဟင်းထဲ ပြုတ်ကျရသလဲကွ။” ဆရာက စားဖိုမှူးကို မေးလိုက်တယ်။
“တကယ်
စိတ်မကောင်းပါဘူး ဆရာ။” စာဖိုမှူးက ရှက်ရှက်နဲ့ ဖြေတယ်။ “ဟင်းမွှေရင်းနဲ့
ကျတာနေမှာ ဆရာ။ ဘာမှလည်း မနာတော့ ကျတာ မသိလိုက်ဘူး ဆရာ။ ကြည့်လိုက်တော့ ကျွန်တော့
လက်ချောင်းက မရှိတော့ဘူး။ ဟင်းတွေကလည်း ဝေပြီးသွားတော့ ကျွန်တော်လည်း ဘာမှ
ပြောလို့ မရတော့ဘူး။”
ဆရာ သက်ပြင်းချရင်း
နားလည်လိုက်ပြီ။ အနာကြီးရောဂါသည်တွေနဲ့ နှစ်ပေါင်းများစွာ အတူနေလာတာ ဆိုတော့ ဒါမျိုး
ထူးထူးဆန်းဆန်း ကမောက်ကမတွေက ကြုံနေကျ။
ထမင်းပွဲရှိရာ ပြန်ထွက်လာတော့ ဆရာတွေနဲ့ တွေ့ရတယ်။
“စားကောင်းလိုက်တာကွာ။
မင်းတို့ အသင်းတော်ကလူတွေ အချက်အပြုတ် သိပ်တော်တာပဲ။ ဝက်သားဟင်းက တော်တော်
အရသာရှိတာပဲ။”
ဆရာခမျာ စိတ်မသက်မသာနဲ့ ဖြေလိုက်ရတယ်။ “ဟုတ်ကဲ့ ဆရာ။ ကောင်းပါတယ်။ တော်တော့ကို ကောင်းပါတယ်။”
No comments:
Post a Comment