Tuesday, October 29, 2019

NEVER SAY DIE, အခန်း ၁၂ – ခြင်္သေ့များ သိုးသငယ်အဖြစ် ပြောင်းလဲခြင်း (၁)

Never Say Die

အခန်း ၁၂
ခြင်္သေ့များ သိုးသငယ်အဖြစ် ပြောင်းလဲခြင်း (၁)
Turning Lions into Lambs (I)
(၁၉၉၀ နှစ်များမှ – ၂၀၀၂)

ဒေးဗစ်ရုံးမို တယောက် အခုတလော ကြောင်နေတာ ကြားပြီးပြီလား ဆရာ” လို့ ရန်ကုန်က သင်းအုပ်ဆရာ တယောက်က သူ့မိတ်ဆွေကို မေးလာတယ်။

ကျမ်းစာကျောင်း ဖွင့်မှာကို ပြောချင်တာလား?”

ဘယ်လိုလုပ်ဖြစ်မလဲကွာ။ ဘိန်းစားတွေအတွက် ကျောင်းတဲ့။ ဘိန်းစားဆရာတွေက ပြန်သင်ပေးမယ် တဲ့။ ဒီလူက နဲနဲတော့ ကြောင်နေပြီ။ ဆေးဖြတ်ပေးတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဘိန်းစားတွေကို ကျမ်းစာကျောင်း တက်ခိုင်းလို့တော့ ဖြစ်ပါ့မလား။ ဒီလူ ရူးနေတာကွ။” လို့ ထုတ်ပြောလာတယ်။

ခဏလောက် စကားရပ်သွားပြီးမှ ဆက်ပြောတယ်။ “ဖြစ်ပါ့မလားကွာ။ ငါ့အသင်းသား တွေလည်း သူ့ကျမ်းစာကျောင်းကို တက်ဖို့ လွှတ်ပေးနိုင်မလားတဲ့။ သူ့ဘိန်းစားတွေနဲ့ အတူတူ တက်ရမယ်တဲ့။”

ဆရာဦးဒေးဗစ်ကတော့ အဲဒီဆေးသမားတွေဟာ သတ္တိအရှိဆုံး၊ အကြောက်ရွံ့ အကင်းဆုံး၊ အဆက်ကပ်ဆုံး တရားဟောဆရာတွေ ဖြစ်လာတယ်ဆိုတာ သိထားပြီ။ သူ့ဘဝမှာ ကိုယ်တိုင်ကြုံခဲ့ဖူးပြီ။ သူ့လက်ထွက် ဆရာတွေဖြစ်တဲ့ “ဆရာ ဟားဝဒ်၊ ဆရာ ပီတာဘို၊ ဆရာ ပီတာလိန်း၊ ဆရာ ဇော်နော်နဲ့ တခြားဆရာတွေရဲ့ ဘဝမှာလည်း မြင်ခဲ့ရပြီ။ MYC ကို ရောက်လာတဲ့ လူငယ်လေးတွေရဲ့ ဘဝမှာလည်း မြင်ခဲ့ပြီ။ ယေရှုခရစ်တော်ရဲ့ တန်ခိုးတော်ကြောင့် ဆေးပြတ်ကြပြီ။

ဆေးသမား ဘဝကနေ ရဲရင့်တဲ့၊ ဆက်ကပ်တဲ့ တရားဟောဆရာတွေ ဘာကြောင့် ဖြစ်လာသလဲ? တခုကတော့ သူတို့ သိပ်ဆိုးခဲ့တာကို သူတို့ သိတယ်။ ဘုရားက ဘယ်လောက် ခွင့်လွှတ်တယ်ဆိုတာ သူတို့ သိတယ်။

အပြစ်များများ ခွင့်လွှတ်ခံရသူတွေက ဘုရားကို များများ ပိုချစ်တတ်တယ်။” လို့ ဆရာ ဦးဒေးဗစ်က ကျမ်းစာချက်ကို ထောက်ပြတတ်တယ်။ မှန်တယ်။ သာမန်အသင်းသားတွေထက် ဘိန်းစားတွေက ဘုရားကို ပိုချစ်တတ်တယ်။ ဘုရားကို ပို ဝမ်းနည်းစေခဲ့ဖူးသလို၊ ခွင့်လွှတ်တာလည်း ပိုခံစားခဲ့ရတယ်။ ခွင့်လွှတ်ခံရဖို့ ဘုရားရှေ့မှာ ကြိုးစားပြစရာ ဘာကောင်းကွက်မှ သူတို့မှာ မရှိဘူး။ ဘုရားကို ပြန်ချစ်ရုံပဲ ရှိတယ်။ ပြန်ချစ်တာကပဲ ဆက်ကပ်တဲ့ ဆရာတွေဖြစ်လာစေတာပါ။ သာမန် ယုံကြည်သူတွေထက် ဆေးပြတ်သူတွေက ပိုအနစ်နာခံ ဆက်ကပ်ကြတယ်ဆိုတာ တွေ့ရလေ့ရှိတယ်။

ဒုတိယအချက်ကတော့ ဆေးသမားတွေက မကြောက်တတ်ဘူး။ ဆေးထလာရင် မိဘ၊ အသိုင်းအဝန်း၊ အာဏာပိုင် – ဘာကိုမှ မကြောက်တော့ဘူး။ ကိုယ့်အတွက်လည်း ဘာမှ ဂရုမစိုက်ပဲ နေကြတယ်။ ဒါကြောင့် သူတို့ကို ကယ်တဲ့ ဘုရားအတွက် ဘာကိုမှ ဂရုမစိုက်ပဲ အသက်ရှင်နိုင်တယ်။ ပြီးတော့ သူတို့အများစုက ဝေးလံတဲ့ အရပ်ကလာတဲ့ တောင်ပေါ်သားတွေ။ မြေပြန့်က ပျော့ပြောင်းတဲ့ ယုံကြည်သူတွေထက်စာရင် ပိုမာတယ်။ အဲဒီတော့ သူတို့ကို ဘယ်ခေါ်သွားသွား ရတယ်။ လမ်းပေါ်ဖြစ်ဖြစ်၊ တောထဲဖြစ်ဖြစ်၊ အခက်အခဲကို မငြီးညူဘူး။ အန္တရာယ်ကို မကြောက်ဘူး။

ဒီအချက်တွေကြောင့် သူ့အလုပ်မှာ လိုနေတဲ့ ဆရာတွေ မွေးထုတ်ဖို့ ကိုက်ညီတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူတွေဟာ သူနဲ့ အတူနေ၊ အတူစား၊ အတူအိပ်တဲ့ ဆေးသမားတွေပဲ ဖြစ်နေတာတွေ့ရတယ်။ လေဟာပြင်တရားပွဲတွေ ဆက်လုပ်တာနဲ့အမျှ၊ ပြောင်းလဲလာသူတွေကို ဆက်လက်ပြုစုပျိုးထောင်ဖို့ ယုံကြည်စိတ်ချရတဲ့ ဆရာတွေ အများကြီးလိုလာတယ်။ ခေါင်လွန်းတဲ့ တောရွာကလေးတွေမှာ ကူညီဖို့ ဘယ်သူ့ကို လွှတ်ရမလဲ? မကြောက်ရဘူး။ ရဲရင့်ရမယ်။ ကြင်နာတတ်ရမယ်။ ဒါဆို အဲဒီဒေသတွေမှာ မွေးဖွါး ကြီးပြင်း ကျင်လည်ဖူးသူတွေပဲ ဖြစ်ရမယ်လို့ နားလည်လာမိတယ်။

ပြဿနာတခုက ဆေးပြတ်သွားတဲ့သူတွေဟာ ဘုရားအလုပ်လုပ်ဖို့ စိတ်အားကြီးပေမယ့် လုံလောက်တဲ့ သမ္မာကျမ်းစာ ဗဟုသုတ မရှိကြဘူး။ သူတို့က ဟိုမှာ သင်းအုပ်ဆရာ လုပ်ရမယ့်သူတွေ ဆိုတော့ သင်ပြပေးရမယ်။ မသွားခင် သမ္မာကျမ်းစာ အခြေခံ ပြည့်ဝနေရမယ်။ ဘယ်လိုလုပ်မလဲ? ၆ လ သင်တန်းပေးတာကလည်း မလုံလောက်ဘူး။ ဆေးဖြတ်ထားသူတွေကို ကျမ်းစာ အသိ ကောင်းကောင်း မြှင့်ပေးဖို့ …. ဘာလုပ်ရမလဲ?

ဒီမေးခွန်းအတွက် အဖြေက ၁၉၉၁ မှာ ဆရာပီတာဘို Faith Baptist Bible School ကနေ ပြန်လာတော့ ပြေလည်သွားတယ်။ သူက ကျမ်းစာကျောင်း ၄ နှစ်အတွင်း တအား တိုးတက်လာတယ်။ ကျမ်းစာ ပြန်သင်ပေးနိုင်လောက်အောင် နားလည်လာတယ်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရထားတဲ့ ပညာရေး အခြေခံကောင်းကလည်း ရှိတော့ ဆရာပီတာဘိုဟာ ဒီအလုပ်ကို ဦးဆောင်နိုင်မယ့်သူပဲလို့ ဆရာဦးဒေးဗစ် နားလည်လိုက်တယ်။

ဆရာပီတာ… ကျွန်တော်တို့ရဲ့ သင်ခန်းစာတွေကို အကုန်ပြန်ပြင်ပါ။ ဒီဆေးသမားတွေကို တနေ့မှာ သင်းအုပ်ဆရာတွေအဖြစ် မြင်ချင်တယ်ဗျာ။ ခြင်္သေ့တွေကနေ သိုးသငယ်တွေအဖြစ် ပြောင်းလဲတာမျိုးပေါ့ဗျာ။ ဆေးဖြတ်သင်တန်းကို ကျမ်းစာကျောင်းအဖြစ် ပြောင်းရမယ်။ ဆေးသမားတွေလည်း ဆရာ့လိုပဲ ကျမ်းစာ ကောင်းကောင်း သိသွားအောင်ပေါ့။ ဒီနေ့ကစပြီး ခင်ဗျား ကျောင်းအုပ်ဖြစ်ပြီ။” လို့ ဆရာဦးဒေးဗစ်က တောင်းဆိုလိုက်တယ်။

ဒီစိတ်ကူးကို အများက ရူးတာလို့ ထင်နေပေမယ့် ဆရာပီတာဘိုကတော့ စိန်ခေါ်မှု အသစ်အတွက် စိတ်လှုပ်ရှားနေပြီ။ အဲဒီနှစ်မှာပဲ MYC မှာ Evangelical Baptist Bible School (EBBS) ကို စတင်လိုက်တယ်။ ဒီကျောင်းကို အရည်အချင်းနဲ့ အသိအမှတ်ပြုဖို့အတွက် ချင်းပြည်နယ်၊ တီးတိန်မြို့က Faith Baptist Bible School နဲ့ ချိတ်ဆက်ထားတယ်။ ကျောင်းရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ၃ နှစ်အတွင်း သမ္မာကျမ်းစာကို သစ္စာရှိစွာ စနစ်တကျ သင်ကြားဖို့ ဖြစ်တယ်။ ဆေးလာဖြတ်သူတိုင်း ဆေးဖြတ်သင်ခန်းစာ သင်ရမယ်။ နောက်တော့ တခြား ဒီဂရီတွေ (Bachelor of Ministry, Graduate of Theology, Certificate in Theology) စသည်ဖြင့် ဆက်တက်နိုင်တယ်။ ဆရာဦးဒေးဗစ်က ဒီကျောင်းကို ဘုရားကောင်းကြီးပေးမယ်လို့ ယုံတယ်။ တခြား အသင်းတော်တွေက လူငယ်တွေ လာတက်နိုင်တယ်လို့ ဖိတ်တယ်။ ကြော်ညာတယ်။ သင်းအုပ်ဆရာ အများစုကတော့ သာမန်လူတွေကို ဆေးသမားတွေနဲ့ ကျမ်းစာ အတူရော သင်တာကို ကဲ့ရဲ့ကြတယ်။ ဒါပေမယ့် အနည်းစုကတော့ အကောင်းမြင်ကြတယ်။

ကျောင်းစဖွင့်တော့ ကျောင်းသား ၅၀ ရှိတယ်။ ၄၀ က ဆေးသမားတွေ။ ၁၀ ယောက် ကတော့ တခြားအသင်းတော်တွေက လာတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်တယ်။ အစမှာတော့ ဆရာဦးပီတာဘို၊ ဆရာဦးဒေးဗစ်၊ ဆရာဟားဝဒ်နဲ့ MYC ဆရာတွေ ကြိုးစား သင်ကြတယ်။ နောက်တော့ အချိန်ပြည့်သင်ရတဲ့ ကျမ်းစာကျောင်းဆိုတာ မလွယ်မှန်း သိလာတယ်။ တချို့သင်ခန်းစာတွေကို ပြင်ပက ဆရာတွေ ခေါ်ပြီး သင်ခိုင်းလာရတယ်။

အားလုံး အံ့အားသင့်ရတယ်။ MYC ကျမ်းစာကျောင်း အောင်မြင်သွားတယ်။ ဘုရားလက်တော်က ဒီစွန့်စားမှုအသစ်ကို ကောင်းကြီးပေးနေတယ်။ ဆေးဖြတ်ကျောင်းသားတွေလည်း ကြိုးစားကြတယ်။ ကျောင်းကာလအတွင်း လေ့လာသင်ယူရင်း အသက်တာ တိုးတက်လာတယ်။ ရိုးရိုးလူတွေထက် အများကြီး မဟုတ်ရင်တောင် ဆေးဖြတ် ကျောင်းသားတွေ အပြင်းအထန် ကျမ်းစာလေ့လာနေတာက သိပ်မြင်သာနေတဲ့အတွက် လူတွေ အရင်လို မကဲ့ရဲ့ရဲတော့ဘူး။ တကယ်ပါပဲ။ ဧည့်သည်တွေ စာသင်ခန်းကို လာလေ့လာရင် ဆေးဖြတ်ကျောင်းသားနဲ့ ရိုးရိုး ကျမ်းစာကျောင်းသားကို မခွဲတတ်တော့ဘူး။ ပထမအသုတ်က ၁၉၉၅ မှာ ကျောင်းပြီးတယ်။ ကျမ်းစာအသိ ရှိလာပြီ။ အတွင်းသဘော ရင့်ကျက်လာပြီ။ ကျမ်းစာသင်ပြပေးနိုင်၊ ဟောပြောနိုင်ကြပြီ။

နောက်နှစ် ၁၉၉၆ မှာတော့ ကျမ်းစာကျောင်းကို ကျမ်းစာကောလိပ်အဖြစ် အဆင့်မြှင့်ဖို့ ဆုံးဖြတ်ကြတယ်။ ဆရာကြီးပီတာဘိုက သင်ခန်းစာတွေ ထပ်ပြီး မွမ်းမံသလို၊ အပြင်ဆရာတွေလည်း ထပ်ခေါ်လိုက်တယ်။ ကျောင်း အဆင့်မြှင့်လိုက်တော့ သူကိုယ်တိုင်လည်း ကျောင်းထပ်တက်ဖို့ လိုလာတယ်။ ဆရာကြီးဦးဒေးဗစ်က သူ့ကို ၁၉၉၈ မှာ ၂ နှစ်သင် မဟာဘွဲ့ အတွက် စင်္ကာပူမှာ ကျောင်းတက်ဖို့ လွှတ်လိုက်တယ်။ သူ့နေရာမှာ အိန္ဒိယမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ဆရာပီတာလိန်းကို ကျောင်းအုပ်အဖြစ် ခန့်လိုက်တယ်။

တချိန်တည်းမှာပဲ ဆရာကြီးဦးဒေးဗစ်မှာလည်း လုပ်စရာအလုပ်က ရှိနေတယ်။ အချိန်ပြည့် အမှုတော်ဆောင်ချင်နေတဲ့ ကျောင်းပြီးသွားတဲ့ ဆရာတွေကို လမ်းညွှန်ဖို့ လိုနေတယ်။ ဒါက သူ စိတ်ဝင်စားတဲ့ အလုပ်ပါ။ ကျောင်းပြီးသွားသူတိုင်း ကိုယ့်ရှေ့ရေးအတွက် ဘုရားအလိုတော်သိဖို့ ဆုတောင်းခိုင်းတယ်။ ဆေးသမား မဟုတ်တဲ့ သာမန် ကျောင်းသားတွေကတော့ သူတို့ရဲ့ မိခင် အသင်းတော်မှာ ပြန်ပါဝင်တယ်။ ဒါပေမယ့် ဆေးပြတ်သွားတဲ့ ကျောင်းသားအများစုကတော့ MYC မှာပဲ ဆက်နေပြီး၊ ဘုရားအလုပ်မှာ ပါဝင်ချင်တယ်။ အိမ်မပြန်ချင်ဘူး။ MYC က သူတို့ရဲ့ အိမ်၊ သူတို့ မိသားစု ဖြစ်နေပြီ။

ကျောင်းပြီးသွားတဲ့ ဆရာတချို့က MYC ရုံးချုပ်မှာ ထက်မြက်တဲ့ ဆရာတွေ ဖြစ်လာမယ် ဆိုတာ ဆရာကြီး ဦးဒေးဗစ် ရိပ်မိတယ်။ ဆေးဖြတ်သင်တန်း၊ မိဘမဲ့ဂေဟာ၊ တေးဂီတ အမှုတော် နဲ့ တခြား အလုပ်တွေမှာ ဝင်ကူကြမယ်။ အဲဒီအတွက် ဆုတောင်းပြီး ရွေးချယ်ခံရသူတွေကတော့ ဘုရား အမှုတော် ဆောင်ရင်း၊ ပါးပါးဦးဒေးဗစ်ရဲ့ စောင့်ရှောက်တာလည်း ဆက်ခံစားရမှာမို့ အရမ်း ဝမ်းသာကြတယ်။ ဒီလိုနဲ့ပဲ MYC က ဆရာတွေဟာ အရက်သမား၊ ဆေးသမားတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့အတွက် တခြားအသင်းတော် အဖွဲ့အစည်းတွေနဲ့ မတူပဲ တမူ ထူခြားနေတယ်။

ဒါပေမယ့် တောရွာတွေမှာလည်း အရေးကြီးတယ်၊ လိုအပ်တယ် ဆိုတာ ဆရာကြီး ဦးဒေးဗစ် သိပါတယ်။ နောက်ဆက်တွဲ သင်ကြားပေးစရာတွေ ရှိနေတယ်။ ကျောင်းပြီးစ ဆရာတွေ တောကို သွားချင်ပါ့မလား။ လျှပ်စစ်မီး မရှိ။ ပန်ကာ မရှိ။ အဲကွန်း မရှိ။ တခြား မြို့ပြ အသုံးအဆောင် ဘာမှမရှိ။

ရတယ် ပါးပါး။ ကျွန်တော်တို့ကို လွှတ်ပါ။ သွားမယ်။” လို့ ဆရာအများစုက အားတက်သရော တုန့်ပြန်ကြတယ်။

ဆေးသမားမဟုတ်တဲ့ သာမန် ကျောင်းသားတွေကတော့ “အင်း၊ အရင် ဆုတောင်းရဦးမယ်။” လို့ စိတ်မပါ့တပါ တုန့်ပြန်တတ်တယ်။

ဆရာဦးဒေးဗစ် ပြုံးတယ်။ သူသိတယ်။ ဒီဆေးပြတ်တဲ့သူတွေဟာ သူများ မသွားချင်တဲ့ နေရာတွေကို သွားမယ်။ သူတို့အလုပ်ကို ဘုရား ကောင်းကြီးပေးလိမ့်မယ်။ သူလို ဘိန်းစား၊ လမ်းသရဲကို ဘုရားသခင် အသုံးပြုရင်၊ ဒီဆေးသမားတွေကိုလည်း သုံးမှာပဲ။ ကျောင်းပြီး ကတည်းက MYC မှာ ဆက်နေလာတော့ တရားဟောတာ၊ ကျမ်းစာသင်တာ အတွေ့အကြုံ ရနေပြီ။ သူတို့ဘာသာသူတို့ ရပ်တည်နိုင်ပြီ။ သူတို့ကို အသင်းတော်တွေ အစပြုဖို့ ဝေးလံတဲ့ ဒေသတွေကို စေလွှတ်လိုက်တယ်။

ဆေးပြတ်ပြီးတဲ့ အဲဒီ သတ္တိကောင်းတဲ့ ဆရာတွေကို အရင်က MYC လေဟာပြင် တရားပွဲတွေ လုပ်ခဲ့တဲ့ ဒေသတွေကို လွှတ်လိုက်တယ်။ ဟိုရောက်တော့ စိတ်ဝင်စားသူတွေကို ကျမ်းစာသင်ပေးတယ်။ ကျမ်းစာသင်တဲ့သူ အယောက် ၂၀/၃၀ လောက် ရှိလာတယ်။ အသင်းတော်စုလေး ဖြစ်လာတယ်။ ဆေးပြတ်သွားတဲ့ ဆရာတွေရဲ့ ကြင်ကြင်နာနာနဲ့ ဦးဆောင်တာကြောင့် အသင်းသား ၅၀၊ ၁၀၀ ကနေ ၃၀၀ လောက်အထိ ရှိလာတတ်တယ်။ တချို့ အသင်းတော်တွေကလည်း လူသစ်တွေနဲ့ချည်း ဖွဲ့စည်းထားတာမျိုးလည်း ရှိလာတယ်။

ကျောင်းပြီးစ ဆရာတွေကို နယ်ဒေသတွေကို နှစ်တိုင်း လွှတ်လေ့ရှိတယ်။ အဲဒီအတွက် MYC ရဲ့ အသင်းတော် အစပျိုးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးပွါးလာတယ်။ ဒါကလည်း နောက်ထပ် ပြဿနာတခု အဖြစ် မြင်လာရတယ်။ အသင်းတော်သစ်တွေကို ဦးဆောင်ဖို့ သူ့မှာ ဘာရာထူးမှ မရှိ။ သူ့ကိုယ်ပိုင် ဂိုဏ်းဂဏလည်း မထောင်ချင်။ သူ့ကို ဘုရားခိုင်းတာက Evangelist ဧဝံဂေလိဆရာ၊ အသင်းတော်ကို ဦးဆောင်သူမဟုတ်ဘူး။ ဒါကြောင့် ဆရာ ဦးဒေးဗစ်က Evangelical Baptist Conference (EBC) မှာ မိတ်ဆွေတွေနဲ့ ပြောရတယ်။ သူတို့ကလည်း မိတ်ဆွေသစ်တွေအတွက် ဝမ်းသာအားရ တာဝန်ယူ စဉ်းစားပေးကြတယ်။ ဒါနဲ့ MYC ရဲ့ အသင်းတော်တွေဟာ EBC ရဲ့ ဦးဆောင်မှုနဲ့ အကာအကွယ်ပေးမှုကို ခံယူလာတယ်။

EBC နဲ့ MYC ဟာ အတွဲညီတယ်။ ၂၀၀၂ ခုနှစ်မှာ MYC ရဲ့ ဆေးပြတ်သွားတဲ့ ဆရာတွေအားဖြင့် အသင်းတော် အပါး ၀ ကျော် ရှိလာတယ်။ အများစုကတော့ ဝေးလံတဲ့ ဒေသတွေမှာပါ။ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်မျိုးကို ဆရာဦးဒေးဗစ်ရဲ့ သွန်သင်မှုအတိုင်း လိုက်နာလုပ်ဆောင်နေကြတယ်။ (ကျမ်းစာကျောင်းဆင်း အများစုကတော့ မြို့ပြမှာပဲ နေချင်ကြတယ်။ လူနေမှုအဆင့်အတန်း ပိုမြင့်တယ်။ သက်တောင့်သက်တာ နေနိုင်တယ်။) ဒီဆရာတွေကတော့ သူတို့ရဲ့ အသင်းတော်တွေမှာ သင်းအုပ်ဆရာ ဖြစ်လာတယ်။ သူတို့ အိမ်ထောင်ကျပြီးတဲ့အခါမှာတော့ EBC က သူတို့ကို လက်တင်မင်္ဂလာ ပေးတယ်။ အသင်းတော်က ကြီးလို့ ကူညီဖို့ လိုရင်တော့ ဆရာဦးဒေးဗစ်က ကျောင်းဆင်းစ ဆရာကို လက်ထောက် သင်းအုပ်အဖြစ် လွှတ်ပေးတယ်။ တကယ်ပါပဲ။ ခြင်္သေ့တွေက သိုးသငယ် ဖြစ်သွားကြတယ်။ ဒါတွေဟာ ဘုရားလက်ရာသက်သက်ပါ။

ကျောင်းဆင်းဆရာတွေက တရားဟော ရဲရင့်တယ်။ အသင်အပြ ကောင်းတယ်။ အသင်းတော်တွေ ဖြစ်လာတယ် ဆိုတဲ့ MYC ရဲ့ အောင်မြင်မှု သတင်းပျံ့လာတယ်။ ဆရာပီတာလိန်းနဲ့ စင်္ကာပူက ပြန်ရောက်လာတဲ့ ဆရာ ပီတာဘိုတို့ရဲ့ ဦးဆောင်မှုအောက်မှာ ကျမ်းစာကောလိပ် ကြီးထွားလာတယ်။ ၂၀၀၂ မှာ ကျောင်းသား ၁၅၀ ရှိတယ်။ တဝက်က ဆေးဖြတ်နေသူတွေ။ ကျန်တဝက်ကတော့ အသင်းတော်တွေကပါ။ (အဓိကကတော့ MYC အသင်းတော်တွေကပါ။) ကျောင်းသားတွေကတော့ အစုံပါပဲ။ အများစုက ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ အခါ၊ ဝ၊ နာဂ၊ လားဟူ စတဲ့ တောင်တန်းသားတွေပါ။ ကျောင်းသူ ၂၅ ယောက် ရှိတယ်။

ဘုရားကောင်းကြီး မင်္ဂလာနဲ့ ဆရာတွေရဲ့ သစ္စာရှိမှု၊ နာခံမှုတွေအပြင် တခြားအချက် တခုကြောင့်လည်း ၁၉၉၀ ခုနှစ် နှစ်များမှာ အောင်မြင်ရတာ ဖြစ်တယ်။ ၁၉၇၉ ကတည်းက MYC ဟာ အမေရိကန်ပြည် Christian Aid Mission ကနေ ငွေကြေးအကူအညီ အနည်းအကျဉ်း ရခဲ့တယ်။ အမေရိကန် အလှူရှင်တွေ MYC ကို ပေးလှူဖို့ တဖက်တလမ်းက ဆက်သွယ်ပေးတဲ့ အဖွဲ့ အနေနဲ့ ရပ်တည်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့် ဆရာဦးဒေးဗစ်ရဲ့ အမေရိကားမှာရှိတဲ့ အဓိက အဆက်အသွယ်၊ မိတ်ဆွေဖြစ်တဲ့ Carl Gordon က အဲဒီ အဖွဲ့ကနေ ထွက်လိုက်ပြီး၊ Advancing Native Missions (ANM) ဆိုတဲ့ အဖွဲ့သစ်ကို စတင်လိုက်တဲ့ အတွက် ဆရာဦးဒေးဗစ်လည်း လိုက်ပါဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၉၄ မှာ ANM နဲ့ လက်တွဲလိုက်တယ်။ အဲဒီနောက်ပိုင်း ANM က အများအပြား ကူညီလာတယ်။ ANM အားဖြင့် အမေရိကန် အလှူရှင် လေးဆကျော်အထိ များလာတယ်။ ငွေပိုရတော့ ကျမ်းစာကျောင်းကို အဆင့်မြှင့်နိုင်၊ ဆရာတွေကို ပိုထောက်ပံ့နိုင်၊ အဖွဲ့အစည်းကိုလည်း ပိုတိုးတက်အောင် လုပ်လာနိုင်တယ်။

MYC အားဖြင့် ဘုရားသခင်က ခြင်္သေ့တွေကို သိုးသငယ် ဖြစ်လာစေတယ်။ ဒီလို ဖြစ်စေရာမှာ သူ့ကို အဓိကနေရာက အသုံးပြုတဲ့အတွက် ဆရာဦးဒေးဗစ် ဘုရားသခင်ကို ကျေးဇူးတင်နေမိတယ်။

 

No comments:

Post a Comment