Never Say Die |
အခန်း
၁၁သခင်ယေရှုအတွက်
ခေတ်ပေါ်တေးဂီတRocking for Jesus(၁၉၈၅
– ၁၉၉၅)
“ပါးပါး…
မြန်မြန်လာ။ အထူးဧည့်သည် ရောက်နေတယ်။ စောဘွဲ့မှူးတဲ့။” MYC ဆရာ
တယောက် ရုံးခန်းထဲ ပြေးဝင်လာပြီး အော်ပြောတယ်။ “စောဘွဲ့မှူး?? …. မင်း … ငါ့ကို နောက်နေတာလား?” ဆရာဦးဒေးဗစ် စိတ်လှုပ်ရှားသွားတယ်။
စောဘွဲ့မှူးဆိုတာ
မြန်မာပြည်ရဲ့ နံပါတ်တစ် ရော့အင်ရိုး ဂစ်တာသမား။ မြန်မာပြည်ရဲ့ Elvis Presley (သို့) Hendrix လို့
ဆိုနိုင်တယ်။ အတုမရှိ မြန်ဆန်တဲ့ သူ့လက်ချောင်းတွေနဲ့ ပရိတ်သတ်ကို
ဖမ်းစားနိုင်တယ်။ သူဟာ ထင်ရှားတဲ့ ကရင်လူမျိုး အနုပညာရှင်တယောက်ဖြစ်ပြီး၊
ရော့ခ်စတား တယောက်မှာ ရှိတတ်တဲ့ ကြမ်းမယ်၊ ရမ်းမယ်၊ ဆိုးတယ်ဆိုတဲ့
အရည်အချင်းတွေနဲ့ ပြည့်စုံတယ်။ မုတ်ဆိတ်မွေး ထူပြစ်ပြစ်နဲ့ ခပ်ကြမ်းကြမ်းပုံ၊
မဲမှောင်နေတဲ့ သူ့ဆံပင်က ခါးအထိ ရှိတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ဆေးသမား၊
ဘိန်းဖြူ၊ LSD နဲ့ တခြား ဓါတု ဆေးဝါးတွေ စွဲနေတဲ့သူ။ ဆေးလွန်သွားလို့ သေမလို ခဏခဏ
ဖြစ်ဖူးတယ်။
ဆရာဦးဒေးဗစ်က
နောက်ဆုံးပေါ် တေးဂီတကို စိတ်ဝင်စားသူဖြစ်တော့ စောဘွဲ့မှူးရဲ့ စတိတ်ရှိုးကို တခါ
ကြည့်ခဲ့ဖူးတယ်။ တချက်မှာတော့ စောဘွဲ့မှူးက ရုတ်တရက် ဂစ်တာကို လေထဲ
မြှောက်ပစ်လိုက်ပြီး၊ သူက ထွက်သွားတယ်။ ဂစ်တာ အောက်ပြန်ကျလာပြီး အပိုင်းပိုင်း
ကျိုးပဲ့သွားတယ်။ ပရိတ်သတ်လည်း လန့်သွားတယ်။ သူ့ကိုယ်ခန္ဓာကြီးကို ကြည့်ပြီး
ဘယ်သူမှ ဘာမှ မပြောရဲကြဘူး။ ဒါပေမယ့် မူးယစ်ဆေးကို နှစ်အတော်ကြာ သုံးလာတဲ့ ဒါဏ်တွေ
ပြန်ခံနေရပြီ၊ ကျန်းမာရေး ချို့ယွင်းနေပြီ ဆိုတာတော့ လူတွေ
သိနေကြတယ်။
“စောဘွဲ့မှူးက
ဒီကို ဘာလာလုပ်ပါလိမ့်?” လို့ သိလိုစိတ်နဲ့
ထွက်တွေ့လိုက်တယ်။ ရန်ကုန် ခရစ်ယာန် အသိုင်းအဝိုင်းရဲ့
အပြင်ဖက်မှာနေတဲ့ နာမည်ကြီး တကယ့်အနည်းစုလောက်ကသာ MYC ကို စိတ်ဝင်စားကြတာပါ။
ဆရာဦးဒေးဗစ်နဲ့
တွေ့တော့ စောဘွဲ့မှူးက တည့်တည့်ပဲ ပြောတယ်။ “ဆေးဖြတ်ချင်လို့ လာတာပါ။
တခြားနည်းတွေနဲ့ ဖြတ်ကြည့်ပြီးပြီ။ မရဘူး။ တပ်မတော် ဆေးရုံလည်း အလကားပဲ။ အဲဒီမှာ
ဆေးရုံ သွားတက်ဖူးတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ ဆေးဒဏ် မခံနိုင်လို့ ပြန်ဆင်းလာတာ။
လူတွေက ပြောကြတယ်။ ဘုရားဖြတ်မှ ခင်ဗျား ပြတ်တော့မယ်တဲ့။ အဲဒါကြောင့် ဒီကို
လာခဲ့တာပဲ။ ဘုရားသခင် ဆေးဖြတ်ပေးစေချင်တယ်။ ဖြတ်ပေးလို့ ရမလား?”
ဆရာဦးဒေးဗစ်
အံ့ဩသွားတယ်။ နာမည်ကြီးတယောက် MYC ကို ဆေးလာဖြတ်မယ်လို့ ထင်မထားဘူး။ ဒီလို နာမည်ကြီးတယောက်ကို
ယုံကြည်စိတ်ချလို့ ဘုရားက သူ့လက်အပ်လိုက်တာကို သိလိုက်ရတဲ့အတွက် စိတ်ထဲ
အတော်နှိမ့်နှိမ့်ချချ ဖြစ်သွားတယ်။ စောဘွဲ့မှူးကို ဆေးဖြတ်ဖို့ ကူညီမယ်လို့
ပြောရင်း ဘုရားသခင် ပညာပေးတော်မူပါလို့ ဆုတောင်းလိုက်တယ်။
MYC ရောက်ပြီး သီတင်းပတ်
အနည်းငယ်အကြာ၊ ၁၉၈၅ ခုနှစ်မှာ စောဘွဲ့မှူး သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံပြီး၊
ဆေးလည်း လုံးဝ ပြတ်သွားတယ်။ ဒီလို ရုတ်တရက် ဆေးပြတ်တဲ့ သတင်းက အများ စိတ်ဝင်စားစရာ
ဖြစ်လာတယ်။ ဂီတ အပေါင်းအသင်းတွေက ဆေးပြတ်တာကို ဝမ်းသာအားရ ချီကျူးစကား
လာပြောကြတယ်။ သီချင်းထုတ်ဝေသူ တယောက်ကလည်း နောက်တခွေ ထုတ်ချင်တယ်လို့ ချက်ချင်း
လာပြောတယ်။ ဆေးပြတ်တဲ့အကြောင်း စာနယ်ဇင်းကို ပြောပြထားတော့ အခွေက ပေါက်မှာ
သေချာတယ်လို့ ပြောကြတယ်။
“ဆောရီး၊
ငါ အခု မင်းတို့နဲ့ အလုပ် မလုပ်တော့ဘူး။ ဘုရားအတွက်ပဲ လုပ်တော့မယ်။” လို့
စောဘွဲ့မှူးက အပြတ်ကြေညာတယ်။
ဂီတအသိုင်းအဝိုင်းက
ဒီအဖြစ်အပျက်ကို မယုံနိုင်ကြဘူး။ ဒါပေမယ့် တကယ်လည်း ဖြစ်နေတယ်။ ဘုရင်တကာတို့ရဲ့
ဘုရင်က ရော့ခ်ဘုရင် စောဘွဲ့မှူးကို တကယ် ပြောင်းလဲစေခဲ့ပြီ။ စောဘွဲ့မှူးကတော့
ဘုရားသခင်ကို ကျေးဇူးတင်လွန်းလို့ အိမ်မပြန်ချင်တော့ဘူး။ သူ့ရဲ့ တခုတည်းသော ဆန္ဒက MYC မှာနေမယ်။
ဂီတနဲ့ ဘုရားအမှုတော်မှာ ပါဝင်မယ်။ သူ့ရှေ့က လူတွေလိုပါပဲ၊ စောဘွဲ့မှူးဟာ တခြားမှာ
မရနိုင်တဲ့ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို MYC မှာ ခံစားခဲ့ရတယ်။
ဆရာဦးဒေးဗစ်ဟာ
ထိပ်တန်းရော့ဂီတသမားကြီးက သူနဲ့ လက်တွဲ အလုပ်လုပ်မယ် ဆိုတော့ ဝမ်းသာအားရဖြစ်ပေမယ့်
စောဘွဲ့မှူးရဲ့ ဇနီးနဲ့ သားသမီးတွေအတွက်တော့ မသင့်တော်ဘူးလို့ သိပါတယ်။
အိမ်ပြန်ပြီး မိသားစုကို ပြုစုဖို့ ပြောပေမယ့်လည်း စောဘွဲ့မှူးက ခေါင်းမာမာနဲ့
ငြင်းဆန်တယ်။ ဆက်ပြောလည်း မရတာနဲ့ စောဘွဲ့မှူးရဲ့ ဇနီးကို လာလည်ခွင့်ပေးပြီး၊
လိုတာ ဖြည့်ဆည်းပေးဖို့
ပြောရတော့တယ်။
“ကျွန်မတို့အတွက်
မပူပါနဲ့။ ကျွန်မက သူ့ကို ပြန်မလာစေချင်ဘူး။” လို့ စောဘွဲ့မှူးရဲ့ ဇနီးက ညည်းတယ်။
နှစ်ပေါင်းများစွာ မိသားစုအပေါ် တာဝန်မကျေခဲ့တော့ စိတ်ပျက်နေပြီပေါ့။ “တကယ်ပါ
ဆရာရယ်၊ သူ့ကို တသက်လုံး ခေါ်ထားပါ။ ကျေးဇူးတင်ပါတယ်။”
စောဘွဲ့မှူးက MYC မှာ
တသက်လုံးနေတော့မယ်ဆိုတော့ ဆရာဦးဒေးဗစ် စဉ်းစားရပြီ။ ခေတ်ပေါ်တေးဂီတက လူငယ်တွေအပေါ်
ဩဇာကြီးတယ်ဆိုတာကို တခြားဆရာတွေထက် ဆရာ ဦးဒေးဗစ်က ပိုနားလည်တယ်။ ဂီတက
ကောင်းအောင်လည်း တတ်နိုင်တယ်။ ဆိုးအောင်လည်း လုပ်နိုင်တယ်။
ပြီးခဲ့တဲ့ ၁၀
နှစ်တာ ကာလအတွင်းမှာ လောကီသီချင်းတွေကြား အရည်အသွေးကောင်းတဲ့ ခေတ်ပေါ် ဓမ္မတေးတွေ
ဝင်ရောက်လာဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုတနေရာပဲ ရထားတာလို့
နားလည်မိတယ်။ အဲဒီအချိန်ထိတော့ MYC က country-jazz
Gospel
သီချင်းတွေပဲ ရေးကြတယ်။ ဒါပေမယ့် ခေတ်လူငယ်တွေရဲ့ ဂီတအကြိုက်က
ရော့ခ်ဂီတဖက်ကို မြန်မြန် ရွေ့သွားကြပြီ။ ဒီလိုင်းအသစ်ကိုတော့ ခရစ်ယာန်အဖွဲ့တွေက
မလှမ်းရဲသေးဘူး။ ဒီနယ်ထဲကို ဆရာဦးဒေးဗစ်က လှမ်းလိုက်ချင်တယ်။ ဒါပေမယ့်
ဒီလိုလှမ်းဖို့ ခေါင်းဆောင် အစစ်အမှန် တယောက်လိုနေတယ်။ စောဘွဲ့မှူး ရောက်လာတော့
ဘုရားသခင်က သူ့ဘုန်းတော်အတွက်၊ ဧဝံဂေလိတရားအတွက် တေးဂီတ နယ်ပယ်သစ်ရဲ့ တံခါးကို MYC အတွက်
တွန်းဖွင့်လိုက်ပြီဆိုတာ ဆရာဦးဒေးဗစ် နားလည်လိုက်တယ်။
ဆရာဦးဒေးဗစ်
ဒုတိယအခေါက် အမေရိကားက ပြန်လာတော့ “Petra, DeGarmo and Key, Amy Grant နဲ့
တခြား နောက်ဆုံးပေါ် ခရစ်ယာန် ရော့ခ်အယ်လ်ဘမ်တွေ တထပ်ကြီး ဝယ်ခဲ့တယ်။
စောဘွဲ့မှူးကို သူ့ရုံးခန်းထဲခေါ်ပြီး ဒီသီချင်းခွေတွေ ပေးလိုက်တယ်။
“ဒီသီချင်းတွေကို
သေသေချာချာ နားထောင်ကြည့်ပါ။ အမေရိကန်တွေ ခရစ်ယာန် ရော့ခ်သီချင်းတွေ ဘယ်လို
ဖန်တီးသလဲ ဆိုတာ သိရအောင်ပေါ့။ ပြီးရင်တော့ ဘုရားဘုန်းတော် ထင်ရှားဖို့
ကိုယ်ပိုင်သံစဉ် ခရစ်ယာန် ရော့ခ် သီချင်းတွေ ရေးကြတာပေါ့။” လို့ ပြောင်းလဲစ
ဂီတပညာရှင်ကို ပြောလိုက်တယ်။
စောဘွဲ့မှူးက
ဒီအလုပ်သစ်အတွက် သိပ်ပျော်သွားတယ်။ ၁၉၈၅- ၁၉၉၅ အထိ ဆယ်နှစ်တာ၊ MYC ရဲ့
တေးဂီတကို ဦးဆောင်ရင်း မြန်မာ Gospel ရော့ခ်သီချင်းတွေ
အများကြီး ရေးခဲ့တယ်။ နောက်ပိုင်း တချို့သီချင်းတွေကတော့ heavy metal သီချင်းတွေပါ။
ရော့ခ်တေးသွား ရိုက်ချက်နဲ့ ဆူညံသံတွေ ကြားမှာ တရားစကား
စာသားတွေကို ထည့်ထားတယ်။ “ငါ ဘယ်သူလဲ? ငါ
ဘယ်ကို သွားနေသလဲ? သေရင် ဘယ်ရောက်မလဲ? လူ့ဘဝ ဆိုတာ ဘာလဲ?” ဆိုတဲ့ မေးခွန်းတွေ
သီချင်း စာသားမှာ စဉ်းစားစရာ ပေးထားတယ်။ လူငယ်တွေက သိပ်ကြိုက်တယ်။ စောဘွဲ့မှူးက
တေးသီချင်း ၅ ခွေ ဦးစီးခဲ့ပြီး၊ ဂီတလောကမှာ အဆင့်တနေရာအထိ အရောက်လှမ်းနိုင်ခဲ့တယ်။
ဆရာဦးဒေးဗစ်ရဲ့
အားပေးမှု၊ မစမှုနဲ့ စောဘွဲ့မှူးဟာ Iron Cross ဆိုတဲ့ ရော့ခ် တေးဂီတ
အဖွဲ့ကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့တယ်။ နောက်တော့ Iron Cross က
မြန်မာပြည်ရဲ့ အကောင်းဆုံး ရော့ခ်ဂီတအဖွဲ့ ဖြစ်လာတယ်။ Iron Cross ကို
အကောင်းဆုံး ဂီတသမားတွေနဲ့ စုစည်းခဲ့ပြီး၊ သူတို့ထဲက တဝက်က born-again ခရစ်ယာန်တွေ
ဖြစ်တယ်။ သူ့ရည်ရွယ်ချက်ကတော့ ဓမ္မတေးတီးရင်း၊ တဖက်က သူ့အတွက်ရော MYC အတွက်ပါ ဝင်ငွေ
ရစေချင်တာပါ။ သူ့ရည်ရွယ်ချက်ကို ဘုရား ကောင်းကြီးပေးပါတယ်။ နှစ်အနည်းငယ်
အတွင်းမှာပဲ Iron Cross အားဖြင့် MYC ရဲ့ ဓမ္မတေး ဖျော်ဖြေပွဲတွေ အများကြီး လုပ်ဆောင်နိုင်ခဲ့တယ်။
စောဘွဲ့မှူး MYC ကို
ရောက်မလာခင်ကလည်း ဆရာဦးဒေးဗစ်က ဆေးပြတ်သွားသူတွေနဲ့ MYC ရဲ့
လေဟာပြင် တရားဟောပွဲတွေ တီးခတ်ခဲ့တယ်။ အစမှာတော့ MYC ခြံရှေ့မှာ
စဉ်ထိုးတယ်။ တရားဟောချိန်၊ သီချင်းဆိုချိန်မှာ ပရိတ်သတ်က လမ်းပေါ်က ကြည့်ရတယ်။
နောက်တော့ အနယ်နယ် အရပ်ရပ်က အသင်းတော်တွေက ဖိတ်ခေါ်လာတဲ့အတွက် ဂီတ တရားပွဲတွေ
ကျင်းပခဲ့ရတယ်။
ဒီတရားပွဲတွေက
ထူးခြားချက် ၃ ချက်ရှိတယ်။ ပထမအချက်က စစ်အစိုးရ လက်ထက်မှာ တခြား ခရစ်ယာန်အဖွဲ့တွေက
လေဟာပြင် တရားပွဲတွေ မလုပ်ရဲဘူး။ ဆရာဦးဒေးဗစ်ကတော့ ဘာမှ မကြောက်တတ်တဲ့သူ။
နှစ်ပေါင်းများစွာ လမ်းသရဲ ခေါင်းဆောင် ဖြစ်ဖူးတော့ အာဏာပိုင်တွေနဲ့ ရင်ဆိုင်ရတာ
သူ့အတွက် အခက်အခဲ မဟုတ်ဘူး။
ဒုတိယက MYC ရဲ့ပွဲတွေက
ခေတ်နဲ့အညီ အကောင်းဆုံး သီချင်း အမျိုးအစားတွေ ဖျော်ဖြေတာဆိုတော့ လူတွေ ကြိုက်တယ်၊
စိတ်ဝင်စားကြတယ်။ ခရစ်ယာန် ဓမ္မတေးဆိုတော့ တခြားသူတွေတော့ မဆိုင်သလိုပဲပေါ့။
ဒါပေမယ့် သီချင်းကောင်းရင် ဘယ်သူမဆို ကြိုက်ကြပါတယ်။
တတိယက ဆေးပြတ်၊
အရက်ပြတ်သူတွေရဲ့ သက်သေခံတာတွေပါတယ်။ ဆေးသမား၊ အရက်သမား၊ အပြစ်သားတွေကို သခင်ယေရှု
ဘယ်လို ကယ်တင်တယ်၊ ပြောင်းလဲစေတယ် ဆိုတာ ပြောပြကြတယ်။ အရက်သမား၊ ဆေးသမားကလည်း
တကယ်ပေါများတဲ့အတွက် လူတွေ ရင်မှာ လှုပ်ခတ်စေတယ်။ တရားဟောပြီးတာနဲ့ လူတွေ
ရှေ့ရောက်လာပြီး၊ ဆေးဖြတ်၊ အရက်ပြတ်ဖို့ အသက်တာ သခင်ယေရှုထံ ဆက်ကပ်ချင်လာတယ်။
အစောပိုင်း
ခက်ခဲရာကာလတွေမှာတော့ ဆရာဦးဒေးဗစ်ဟာ သူ့တရားပွဲတွေကို ငွေကြေး နဲနဲပါးပါးနဲ့
လုပ်ဆောင်ခဲ့ရတယ်။ ရိုးရိုးဂစ်တာ နည်းနည်း၊ ဈေးပေါတဲ့
အမ်ပလီဖိုင်ယာတွေ၊ ငှါးထားတဲ့ မီးစက်တလုံးနဲ့ စရတယ်။ Country jazz သီချင်းတွေရဲ့
ဆွဲဆောင်မှုကြောင့် လူတွေ ရာနဲ့ချီပြီး စိတ်ဝင်တစား ဝိုင်းအုံ နားထောင်လာကြတယ်။
နည်းပညာနဲ့ ငွေကြေး နည်းပါးတာကြောင့်
တနှစ်ကို ပွဲ ၂၀ ပဲ လက်ခံနိုင်ခဲ့တယ်။ ၂ ပတ် တခါ၊ ၃ ပတ် တခါ ဆိုပါတော့။ လမ်းစရိတ်
ပြတ်တာလည်း အခါခါ ဆိုတော့ အဝတ်အစားတွေ ရောင်းပြီး ဖြေရှင်းရတတ်တယ်။
ဒါပေမယ့်
ဘုရားသခင်က MYC ရဲ့ ဂီတအလုပ်ကို ပုံမှန် ကောင်းကြီးပေးပါတယ်။ ပထမအကြိမ် ၁၉၈၁ ခုနှစ်
သီချင်းခွေ အရမ်း အောင်မြင်တယ်။ ဒုတိယ စောဘွဲ့မှူး ရောက်လာတယ်။ ဆရာဦးဒေးဗစ်က
တရားပွဲ လုပ်ပုံ နည်းစနစ်ကို လုံးလုံး ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။
တနှစ်ကို တရားပွဲ အငယ်စား ပွဲ ၂၀ လက်ခံရာက၊ တနှစ်ကို ဆောင်းတွင်းမှာ ပွဲအကြီးစား ၃
ပွဲ (သို့) ၄ ပွဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်။ စောဘွဲ့မှူးနဲ့ သူ့ရဲ့ Iron Cross လည်း
ပါတယ်ဆိုတော့ ပရိတ်သတ် တသောင်းတော့ လာတာပေါ့။
ဒီအစီအစဉ်က အရင်ထက်
ပို အလုပ်ဖြစ်ပါတယ်။ ဒီဇင်ဘာမှာ စပါးရိတ်သိမ်းပြီးပြီ ဆိုတော့ လယ်ကွင်းလည်း
လွတ်နေပြီ။ တောက လယ်သမားတွေလည်း အားပြီ။ MYC အဖွဲ့သားတွေက
လယ်ကွင်းကျယ်ကျယ် ရွေးလိုက်ကြတယ်။ ငှါးလာတဲ့ ကားတွေနဲ့ မောင်းဝင်လာတယ်။ ယာယီ
စဉ်မြင့်ပေါ်မှာ ဂီတပစ္စည်းတွေကို ချထားလိုက်ကြတယ်။ ရွာသားတွေ ဝိုင်းလာကြည့်တဲ့အခါ
MYC အဖွဲ့သားတွေက
ရှင်းပြတယ်။ ရန်ကုန်ကနေ ခရီးအဝေးကြီး ရောက်လာကြတယ်။ Iron Cross စတိတ်ရှိုးနဲ့
MYC တရားပွဲ
၃ ည အခမဲ့ ကြည့်ရမယ်။ သူတို့ ကြေညာတာက ဒါပဲ။
နောက်တနေ့
နေ့ခင်းမှာ ရွာသားတွေ ထောင်နဲ့ချီပြီး ရောက်လာပြီ။ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမတွေ
တဘက်ရောင်စုံကို ခေါင်းမှာ ပေါင်းကြပြီး လယ်ကွင်းထဲမှာ လာထိုင်နေကြပြီ။
သူတို့အများစုမှာ T.V မရှိ။ ရုပ်ရှင် မကြည့်ရ။ တခြား ခေတ်ပေါ် ဖျော်ဖြေရေး အသုံးအဆောင်လည်း
ဘာမှမရှိတော့ စတိတ်ရှိုး အလကားကြည့်ရတယ်ဆိုတာ တကယ့် ပွဲကြီးပွဲကောင်းပဲ။ ဝေးလံတဲ့
တောအရပ်မှာ လယ်ယာ အလုပ်ကလွဲလို့ ဘာမှမရှိ။ စားမယ်၊ တောအရက် သောက်မယ်၊ ဒေသထွက်
ဘိန်းကို ရှူမယ်ဆိုတော့ ဒီပွဲမျိုးက အလွတ်ခံလို့ မဖြစ်ဘူး။
ပွဲက ၃ ရက်။ ည ၇ နာရီမှာ အမြဲစတယ်။
ညသန်းခေါင်မှာ ပြီးတယ်။ ပရိတ်သတ် အတွက်တော့ အချိန်တွေက အကုန်မြန်လွန်းတယ်။ ပွဲကို
အပြောင်းအလဲလေးတွေနဲ့ မရိုးရအောင် တင်ဆက်တယ်။ Country jazz, light pop/rock, မျှအောင်
တင်ဆက်တယ်။ နောက်ပိုင်းမှာ heavy metal ပါ ပါလာတယ်။
တရားဟောတာပါသလို၊ ဆေးပြတ်သွားသူတွေရဲ့ သူတို့ဘဝအကြောင်း ပြန်ပြောပြ
သက်သေခံတာတွေပါတယ်။ ဂီတက ဆွဲဆောင်သလို၊ ဘုရားတရား ဆာငတ်တောင့်တနေတဲ့ ခံယူချင်နေတဲ့
နှလုံးသားတွေအတွက်လည်း တရားစကားက အကျိုးရှိပါတယ်။ ပရိတ်သတ်က တညထက် တည
ပိုများလာတယ်။ သတင်းက တနယ်လုံးကို ပြန့်နှံ့ သွားတယ်။
နောက်ဆုံးညမှာတော့
ပရိတ်သတ်က ၅ သောင်းကနေ
တသိန်းကြားမှာ ရှိတတ်တယ်။ ဒီအထဲမှာမှ ထောင်နဲ့ချီတဲ့ လူတွေက အရင်လို အပြစ်ထဲမှာ
မကျင်လည်တော့ဘဲ ယေရှုခရစ်တော်နဲ့အတူ အသက်တာသစ်မှာ အသက်ရှင်ဖို့ ဆုံးဖြတ်လာကြတယ်။
ရနိုင်တဲ့အခါ သမ္မာကျမ်းစာအုပ်နဲ့ ဝေစာတွေကို စာဖတ်တတ်သူတွေကို ဝေပေးကြတယ်။
ဘုရားကျောင်း မှန်မှန်တက်ဖို့လည်း တိုက်တွန်းရတယ်။ စိတ်ဝင်စားသူတွေကို
သမ္မာကျမ်းစာ စာပေးစာယူ သင်တန်း တက်ဖို့လည်း ပြောရတယ်။
နေ့ခင်းဖက်မှာတော့
ဆရာဦးဒေးဗစ်နဲ့ အဖွဲ့ဟာ ဘိန်းခင်းပိုင်ရှင်တွေကို သွားတွေ့ပြီး၊ ဘိန်းအစား
ကော်ဖီတို့၊ လက်ဖက်တို့ စိုက်ဖို့ ပြောရတယ်။ အစမှာတော့ ဘိန်းစိုက်သူ အများစုက
စိတ်မဝင်စားဘူး။ တရားပွဲအပြီးမှာတော့ အများအပြားက ရှေ့ထွက်လာပြီး၊
ဘိန်းမစိုက်တော့ဘူး လို့ ပြောလာကြတယ်။ ဒီပွဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့
ဘိန်းစိုက်သူတွေက ဘိန်းခင်းကို မီးတင်ရှို့တဲ့ ဖြစ်ရပ်ပါပဲ။
ဘုရားသခင်က
ဦးဒေးဗစ်ကို စစ်အစိုးရအမြင်မှာလည်း မျက်နှာရစေတယ်။ အစိုးရက လေဟာပြင် တရားပွဲတွေ၊
လူစုလူဝေးတွေကို နှစ်အတော်ကြာ ခွင့်မပြုခဲ့ဘူး။ MYC ရဲ့ အစပိုင်းနှစ်တွေမှာ
ပွဲအငယ်ကလေးတွေ ကျင်းပခွင့်ရဖို့ အခက်ကြုံခဲ့တယ်။ လေဟာပြင်တရားပွဲ
လုပ်နိုင်တာကလည်း ခပ်ရှားရှားဆိုတော့ ဘာသာရေးပဲ ကိစ္စ မရှိပါဘူးလို့
သဘောထားခဲ့တယ်။ နောက်တော့ ဘာသာဆွယ်တယ် ထင်ပြီး၊ ပိတ်လိုက်ကြတယ်။
ဒါပေမယ့် MYC ကတော့
ဘိန်းဖြတ်တာ အောင်မြင်တဲ့ နာမည်ကောင်း ရထားတယ်။ ဒီနှစ်တွေ အတွင်းမှာပဲ အစိုးရ
ထိပ်တန်းအရာရှိကြီးတွေဟာ သားတွေ မူးယစ်ဆေးဖြတ်ဖို့ ဆရာဦးဒေးဗစ်ကို တိတ်တဆိတ်
အကူအညီ တောင်းကြရတယ်။ သူတို့သား အများစုကလည်း MYC ရောက်ပြီးနောက်ပိုင်း
ဆေးပြတ်သွားကြတယ်။ အစိုးရ အရာရှိကြီးတွေကလည်း သူတို့သားတွေ ဆေးပြတ်ပြီး
အိမ်ပြန်လာတဲ့အခါ ဝမ်းသာကြရတယ်။ ကျေးဇူးတင်လွန်းတော့ အစိုးရအဖွဲ့ထဲမှာ MYC ဖက်က
ပြောပေးတတ်ကြတယ်။
ဒီ့အပြင်
မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးမှာ MYC ဟာ ထင်တာထက်ပို
အောင်မြင်နေတာကို အစိုးရ ခေါင်းဆောင်တွေ သိလာကြတယ်။ MYC ကို
အတုယူပြီးတော့ အစိုးရက တိုင်းပြည်အနှံ့ “မူးယစ်ဆေးဝါး၊ တို့ ရှောင်ရှား” ဆိုပြီး
ဟောပြောပွဲတွေ ကျင်းပတယ်။ တက်ရောက်သူတွေကို ခေါက်ဆွဲခြောက်တွေ၊ ငါးသေတ္တာတွေ
ဝေတယ်။ လူကြီးတွေကတော့ ဟန်ပြ လာနားထောင်ကြပါတယ်။ လူငယ်တွေကတော့ အိမ်မှာပဲ နေကြတယ်။
မအောင်မြင်တော့ အစိုးရက မူးယစ်ဆေး အန္တရာယ် သတိပေးဖို့အတွက် MYC ရဲ့
တေးဂီတနဲ့ တရား တွဲဖက် ဟောပြောတာကို စိတ်မပါပဲ ခွင့်ပြုခဲ့ရတယ်။ ဒါကြောင့်
အစိုးရတားတဲ့ကြားက ခွင့်ပြုမိန့်တွေတော့ အမြဲရခဲ့တယ်။
ဘုရားသခင်က MYC ကို
တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေကြားမှာလည်း ကွယ်ကာခဲ့တယ်။ တိုင်းပြည်ရဲ့ တချို့
ဒေသတွေမှာ ကချင်၊ ကရင်၊ ကယားနဲ့ ရှမ်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်။
အဲဒီဒေသတွေမှာ လေဟာပြင် တရားပွဲ ကျင်းပရတာ အန္တရာယ် တကယ်များတယ်။ MYC နဲ့
လက်နက်ကိုင် အဖွဲ့တွေ ကြားမှာဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့နဲ့ စစ်အစိုးရကြားမှာ ဖြစ်စေ
တိုက်ခိုက်မှုတွေ ရှိနိုင်တယ်။ တခြားသူတွေ ဒီလိုနေရာကို ရှောင်ပေမယ့်
ဆရာဦးဒေးဗစ်ကတော့ မကြောက်တတ်ဘူး။ သူ့စေတနာက နေရာတိုင်းကို ဘုရားစကား
ရောက်စေချင်ခဲ့တာပါ။
“ဘုရားသခင်
တံခါးဖွင့်ရင်တော့ သွားရမှာပဲ။ တရားစကားကြားရမှ မြော်လင့်ခြင်းတွေ ရှိလာမယ်။” လို့
သူ့အဖွဲ့သားတွေကို ပြောတတ်တယ်။
လက်နက်ကိုင်
ဒေသတွေကိုတော့ လူကြိုလွှတ်လေ့ရှိတယ်။ MYC နဲ့ Iron Cross ကို
လေဟာပြင် တရားပွဲ
ခွင့်ပြုဖို့ တောင်းခံတတ်တယ်။ သူတို့ ခွင့်ပြုရင် ဆက်လုပ်တယ်။ လက်နက်ကိုင်
တပ်ဖွဲ့ဝင်တွေလည်း တရားပွဲ ပါဝင်တတ်ကြတယ်။ ဒါပေမယ့် အစိုးရကို လက်နက်ကိုင်
ဆန့်ကျင်မှုတွေ လျော့ပါးမှာ စိုးတဲ့အတွက် တရားစကားကြားပြီး ဆက်ကပ်တာတွေ မလုပ်ဖို့
အထက်က တားမြစ်တယ်။ (လက်နက်ကိုင် တပ်ဖွဲ့က တယောက်ကတော့ တရားစကားကို
သူအရမ်းထိတွေ့တယ်။ သူ့တာဝန် သက်တမ်းပြီးရင် တရုတ်ပြည်ကို သွားတရားဟောမယ်လို့
ဆရာဦးဒေးဗစ်ကို တိတ်တဆိတ် လာပြောပြတယ်။)
အကြီးမားဆုံး
စိန်ခေါ်မှုကတော့ အစိုးရလည်း မဟုတ်သလို၊ လက်နက်ကိုင် အဖွဲ့တွေလည်း မဟုတ်ပဲ၊
တောင်တန်းဒေသကို သွားတဲ့ ခရီးစဉ်တွေသာ ဖြစ်တယ်။ တောင်တွေက မတ်စောက်လွန်းတာကြောင့်
ကားလမ်း မပေါက်ဘူး။ လမ်းပေါက်တဲ့ အထိပဲ သွားပြီး၊ လမ်းဆုံးတဲ့အခါ ဂီတပစ္စည်းတွေ
ချထားရတယ်။ ခြေလျင် ဆက်လျှောက်ရတာ တခါတရံ ၄/၅ ရက် ကြာတတ်တယ်။ ပစ္စည်းသယ်ဖို့
နွားလှည်းတွေ၊ ဆင်တွေလည်း ငှါးရတတ်တယ်။ တခါတလေတော့ မတတ်နိုင်ဘူး။ ကိုယ့်ပစ္စည်း
ကိုယ်ထမ်းပြီး လမ်းလျှောက်ကြရတယ်။
တောနက်ထဲမှာ
ခြေလျင်သွားရတာက မလွယ်ဘူး။ အန္တရာယ် မကင်းဘူး။ တောထဲမှာ တောရိုင်းတိရစ္ဆာန်တွေ
ရှိတယ်။ ဆင်တွေ၊ မျောက်တွေ၊ ကျားတွေ၊ မြွေတွေ ရှိတယ်။ လူခြေရာ လတ်လတ်ဆတ်ဆတ်တွေကို
နေ့ခင်းမှာ မြင်သွားနိုင်တယ်။ ညဆို သူတို့အသံ ကြားနေရတယ်။ တခါတရံ နွားတွေက
လှည်းကို ချက်ချင်း ရပ်ပစ်လိုက်ကြတယ်။ ရှေ့လေးမှာပဲ ကျားဖြတ်သွားတဲ့ အနံ့ကို
ရကြတယ်။ ဘယ်လောက်ပဲ တွန်းတွန်း ရိုက်ရိုက် နွားတွေ မသွားတော့ဘူး။ အဲဒီတော့
လှည်းသမားက ငရုတ်ရွက်တွေ ချေပြီး နွားမျက်စိမှာ ထည့်တော့မှ ပြေးကြပေတော့တယ်။
တခါတရံမှာတော့
လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရုတ်တရက် ကြုံရတယ်။
အစိုးရ သတင်းပေးတွေ လို့လည်း ထင်သွားနိုင်တယ်။ သေချာရှင်းပြမှ တရားဟောဆရာတွေပါ၊
သူလျှိုတွေ မဟုတ်ဘူး ဆိုမှ သွားခွင့်ပြုကြတယ်။
ညဖက်ဆို
သိပ်ခက်တယ်။ အဖွဲ့သားတွေက သစ်ပင်အောက်၊ ငှက်ပျောပင်အောက်မှာ အိပ်ဖို့ နေရာယူတယ်။
အမှောင်ထဲမှာ သူတို့ဖက် ဖြတ်လာနေတဲ့ မြွေတွန်သံကို ကြားရတယ်။ ချက်ချင်း ဓါတ်မီးနဲ့
ထိုးကြည့်လိုက်မှ လျှောကနဲ့ ပြေးသွားတော့တယ်။ တခါတရံ မိုး အကြီးအကျယ် ရွာတော့
တဖွဲ့သားလုံး အိပ်ရာထဲမှာ ရွှဲရွှဲစိုကြရတယ်။ သိပ်အေးတော့ စောင်လည်း
မလောက်နိုင်ဘူး။ လူငယ်တွေက လူကြီးတွေကို စောင် ပိုပေးကြရတယ်။ တခါတရံ တညလုံး
ခိုက်ခိုက်တုန်ရင်း၊ ဆုတောင်းကြ၊ သီချင်းဆိုကြရတယ်။
လမ်းတလျှောက်အတွက်
အစာနဲ့ ရေကလည်း ခက်ပါတယ်။ စမ်းချောင်းရေ သောက်ရင်း ဝမ်းလျှော၊ ဝမ်းပျက်
ဖြစ်ရတတ်တယ်။ စားစရာကတော့ မြို့က ဝယ်လာတာကို ချွေတာ စားကြရတယ်။ လမ်းမှာ
တောငှက်ပျော နဲ့ တောအသီးအနှံကို ထပ်ဖြည့်ရတယ်။ တခါတရံ အိမ်ရှင် အသင်းတော်က
လူလွှတ်ပြီး အစားအသောက် ပို့ပေးတတ်တယ်။ တခါတော့ ကချင်ပြည်နယ်က အသင်းတော်တပါးက
ရိက္ခာ ၇
ရက်စာနဲ့ အဖွဲ့တဖွဲ့ လွှတ်လိုက်တယ်။ လမ်းမှာ ၇ ရက်ကြာမယ်။ ရိက္ခာကို
ငှက်ပျောရွက်တွေနဲ့ ထုပ်ထားတယ်။ ဆရာဦးဒေးဗစ်နဲ့ အဖွဲ့သားတွေ ခဏတာ
အရမ်းပျော်ကြရတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဖါးတွေ၊ မြွေတွေ၊ ကြွက်တွေ၊
ငါးရှည့်တွေနဲ့ ခွေးသားတွေ ဖြစ်နေတယ်။
ဘုရားက သူတို့ကို
အံ့ဩဘွယ်ရာ ကွယ်ကာပါတယ်။ ဒီနှစ်တွေအတွင်း ဘယ်သူမှ အသက်မသေခဲ့ဘူး။ လမ်းခရီးမှာ
ငှက်ဖျားမိကြ၊ ဝမ်းလျှောကြပေမယ့် ခရီးတော့ ဆက်ရတာပဲ။ မတော်တဆ အန္တရာယ်လည်း ကြုံရတတ်တယ်။ တခါက
တောင်စောင်းကနေ ကား ကျွမ်းပြန်ပြီး တောင်ခြေအထိ ကျသွားတယ်။ ကားကတော့ ရစရာမရှိဘူး။
ဒါပေမယ့် လူတော့ တယောက်မှ မသေဘူး။
တခါက ပြဿနာ တခု ကြုံရတယ်။
အဖွဲ့သားတွေ တည်းစရာအရပ်ကို ရောက်ကြပြီ။ ဒေသထွက် စားစရာတွေ။ ဆရာဦးဒေးဗစ်က
မှာတတ်တယ်။ ရှေ့မှာချရင် ဘာဖြစ်ဖြစ် စား။ လူတွေ ခင်လိမ့်မယ်။
“ရောမ
ရောက်ရင် ရောမလို ကျင့်။ ကျမ်းစာထဲမှာ ပြောတယ် မဟုတ်လား။ လူအားလုံးအတွက် ဖြစ်ရမယ်။
သူတို့ကျွေးတာ မစားရင်၊ သူတို့ကို မခင်လို့ဘဲလို့ ထင်သွားမယ်။ ကိုယ့်ကိုလည်း
မခင်ချင်တော့ဘူး။ တရားစကား မပြောခင် သူတို့ ကျွေးတာ စားပါတယ်လို့တော့ ပြရမယ်။”
ပြောတာကတော့
လွယ်ပါတယ်။ တိုင်းရင်းသားတွေကြားမှာ ဒါက မလွယ်လှဘူး။ ဥပမာ၊ ကရင်လူမျိုးတွေက
မြွေတွေ၊ ဖါးတွေ၊ ကြွက်တွေ၊ မျောက်သား၊ ခွေးသားတွေနဲ့ ဧည့်ခံမယ်။ ဆီမရှိတော့
ရေနဲ့ပဲ ပြုတ်ထားမယ်။ ခွေးတကောင်လုံးကို ခေါင်းပါ ပြုတ်ထားမယ်။ ခွေးသွား
ဖွေးဖွေးတွေနဲ့ မာန်ဖီနေသလိုမျိုးနဲ့ ဧည့်ခံမယ်။ အရသာကလည်း စိတ်ပျက်စရာ။
မာန်ဖီနေတဲ့ ခွေးခေါင်းကြီးကို ကြည့်ပြီး စားရမယ်။ ဒါပေမယ့် ဘယ်သူမှတော့
စိတ်ပျက်ဟန်မပြဘူး။ ကရင်တွေက မျောက်ကင်၊ ကြွက်ကင်တွေ နဲ့လည်း ဧည့်ခံတတ်တယ်။
MYC အဖွဲ့သားတွေဟာ
ပျို့အံချင်လာပေမယ့် အိမ်ရှင်တွေ မရိပ်မိအောင် ထိန်းရရှာတယ်။ အိမ်ရှင်ကို
အရှက်မရအောင် နေတယ်။ ဘုရားကျေးဇူးတော် ချီးမွမ်းရင်း အပြုံးနဲ့ အမြန် မျိုချရတယ်။
အဲဒီဒေသတွေကို
သွားပါများလာတော့လည်း အဲဒီလို ထူးထူးဆန်းဆန်း အစားအစာတွေကို စားတတ်လာတယ်။
အဖွဲ့ထဲမှာ အနေကြာသူတွေကတော့ ကြွက်သား၊ ခွေးသား၊ ကြောင်သား၊ မြွေသား၊ ဖွတ်၊ ပဒတ်
အစုံ စားတတ်လာတယ်။
ကြွက်သားထက် မျောက်သားက ပိုကောင်းတယ်လို့လည်း ပြောတတ်လာတယ်။ သူတို့ ဘယ်လိုမှ
စားလို့မရတဲ့ တမျိုးကတော့ ရှမ်းပြည်နယ်က အင်းသားတွေ ဧည့်ခံတဲ့
ကြွက်ပေါက်ကလေးတွေပဲ။ ထုံးစံအရ သူတို့ စားလိုက်ကြရတယ်။ စိတ်ထဲမှာတော့ နောက်ဒါမျိုး
ဘယ်တော့မှ မစားရပါစေနဲ့တော့ လို့ ဆုတောင်းကြတယ်။
ဆရာဦးဒေးဗစ်
ကိုကိုးကျွန်းမှာ မြင်ခဲ့တဲ့ အိပ်မက်ရူပါရုံက ပြည့်စုံလာတယ်။ အိပ်မက်ထဲမှာ
တေးဂီတနဲ့ လေဟာပြင် တရားဟောပွဲကြီးမှာ လူအများကြီးကို ဖျော်ဖြေတာ မြင်ခဲ့ရတယ်။
သူတော်လို့၊ သူကြိုးစားလို့ ဒါတွေ ဖြစ်လာတယ်လို့တော့ သူမယူဆဘူး။
ဘုရားကျေဇူးတော်ကြောင့်ပါ။ သူ့လို ဆေးသမားကို ဘုရားက နယ်စွန်နယ်ဖျားအထိ ပို့ပြီး
အသုံးပြုစေခိုင်းတာကို မကြာခဏ အံ့ဩမိတယ်။ တကယ်တော့ ဘုရား သနားလို့ပါ။ ဒီအသိက
သူ့ကို စိတ်နှိမ့်ချစေသလို၊ ပိုလည်း ဆက်ကပ် လုပ်ဆောင်သွားစေတယ်။
အသက်ကြီးတဲ့
ခရစ်ယာန်တွေက မေးကြတယ်။ “လူငယ်တွေကတော့ ဆရာတို့ သီချင်းတွေကို ကြိုက်ကြပါရဲ့။
လူကြီးတွေက ရော့ခ်သီချင်းကို နားမခံသာဘူး။ ဆရာတို့လည်း လူတော်တွေပဲ။ လူကြီးတွေ
ဆိုလို့ရမယ့် သီချင်းတွေလည်း ရေးပါဦး။” လို့ ညည်းပြကြတယ်။
သူဖြေလေ့ရှိတာကတော့
“လူကြီးတွေထက် အသက် ၃၀ အောက် လူငယ်တွေက ပိုများတာပဲ။ လူငယ်တွေရဲ့ နှလုံးသားကို
တို့ထိဖို့လိုတယ်။ လူငယ်တွေက ဂီတကို သဘောကျကြတယ်။ ဓမ္မတေးကို ကောင်းကောင်း
လုပ်မပြနိုင်ရင် လောကီသီချင်းတွေပဲ ဆိုနေကြမှာပေါ့။ တရားစကားကတော့ မပြောင်းလဲဘူး။
သူ့ရဲ့ အဆင်တန်ဆာကတော့ country
jazz, rock (သို့)
heavy metal လည်း
ဖြစ်နိုင်တာပေါ့။”
ဒေသအသီးသီးက လူတွေ
ကယ်တင်ခြင်းခံရကြတော့ ရေရှည် ကူညီဖို့ တောင်းဆိုလာတယ်။ ဒီလူတွေကို ဆက်ပြီး
တရားစကား သွန်သင်ဖို့ ဆရာတွေ လိုလာတာကို သိမြင်လာရတယ်။ ရန်ကုန်မှာ သူ့ကို ကူဖို့
ဆရာ တဒါဇင် (သို့) အမာခံ ခေါင်းဆောင်တွေ ဘုရားက သူ့ကို ပေးပြီးသားပါ။ ဒါပေမယ့်
ဝေးလံတဲ့ တောင်တန်းဒေသက လူတွေကို ဝိညာဉ်ရေးမှာ ကူမဖို့ ဆရာတွေ ဘယ်ကရမလဲ?
ဒီမေးခွန်းကို ဘုရားသခင် မကြာခင် အဖြေပေးပါလိမ့်မယ်။
No comments:
Post a Comment