အခန်း
၁၀ဒါဝိဒ်ရဲ့
စစ်သူရဲများDavid’s Mighty Men(၁၉၇၀
နောက်ပိုင်းနှစ်များမှသည် – ၁၉၈၀ ပြည့်လွန်နှစ်များအထိ)
၁၉၇၉ ခု၊ တခုသော
စနေညနေ ဓမ္မတေး “sing song service” မစခင်မှာ
ဆံပင်ဂုတ်ဝဲနဲ့ လူဝကြီး တယောက်
MYC ကို
ရောက်လာတယ်။ လမ်းလျှောက်ပုံ၊ စကားပြောပုံကြည့်တာနဲ့ ဒီလူ မူးနေပြီဆိုတာ မြင်သာတယ်။
သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုပြီး နေရာပေးကြတယ်။
ဒီလူကြီးက
ကရင်လူမျိုး၊ အဲဘ်ဘတ်၊ ဟားဝါဒ့် Albert
Howard
လို့ ခေါ်တယ်။ ဆရာ ဦးဒေးဗစ်ရဲ့ အရင်က
အရက်သောက်ဖေါ်၊ လမ်းသရဲ ဂိုဏ်သား။ အိမ်ထောင်ကျပြီး လမ်းသရဲဂိုဏ်းက ထွက်လိုက်ပေမယ့်
အရက်ကတော့ အလွန်အကျွံ သောက်ဆဲပဲ။ သူ့အမေ ခရစ်ယာန် အဖွါးကြီးက သား အရက်ပြတ်ဖို့ အမျိုးမျိုး
ကြိုးစားပေမယ့် မရဘူး။ သားကို စိတ်ပျက်လာပေမယ့် ဒေးဗစ်ရဲ့ အံဩစရာ တဆစ်ချိုး
ပြောင်းလဲသွားတာကို ကြားရတော့ သူ့သားကို ဒီဆရာ ပြုပြင်နိုင်မယ်လို့ သူထင်တယ်။
“MYC ဆိုတဲ့ ဘုရားကျောင်း
တကျောင်းရှိတယ်။ ဦးဆောင်တဲ့ ဆရာက အရင်က အရက်သမား၊ ဆေးသမား။ မင်းသိချင် သိမှာပေါ့။
ဒေးဗစ် ရုံးမိုတဲ့။ ဘုရားကို ဆက်ကပ်ပြီးနောက် လုံးဝ ပြောင်းလဲသွားတယ်။ အရက်
မသောက်တော့ဘူး။ တရားဟောဆရာ ဖြစ်နေပြီ။ သူ့ဆီ သွားလည်ပါလား။ သူ့ကို ကြည့်ပြီး
မင်းဖြတ်ချင်လာလောက်တယ်။” လို့ အမေက ဟားဝဒ်ကို ပြောပြတယ်။
အမေ ပူဆာလွန်းတာနဲ့
ဟားဝဒ် လိုက်လျောလိုက်ရတယ်။ ဘုရားကျောင်းတွေက အရက်သမားဆို သိပ်မကြိုက်တော့
ဒီကျောင်းကတော့ နောက်ဆုံးကျောင်းပဲလို့ တွေးမိတယ်။ ဧည့်ကြိုတွေကလည်း အထဲမှာ
ဘုရားဝတ်ပြုနေတဲ့သူတွေကို အနှောက်အယှက် မဖြစ်အောင် အရက်သမားဆိုရင် တံခါးဝကနေ
မောင်းထုတ်ချင်ကြတယ်။ ဒါမျိုး တခါ နှစ်ခါ ကြုံဖူးတယ်။ နေရာတော့ ပေးပါရဲ့။ ဒါပေမယ့်
သူ့ကိုယ်က အရက်နံ့ နံစော်နေတာနဲ့ အသင်းသားတွေက နှာခေါင်းရှုံ့ပြီး၊ နေရာရွေ့
ထိုင်ကြတယ်။ မလိုတဲ့ အကြည့်တွေ ကြည့်ကြတယ်။ စိတ်ဆိုးတော့ ဟားဝဒ် ထရပ်ပြီး
ပြန်ထွက်လာခဲ့တယ်။ ဒါမျိုး ကြုံရတာ
များလာတော့ ဘယ်တော့မှ ဘုရားကျောင်းထဲ ခြေမချတော့ဘူး လို့ ဆုံးဖြတ်လိုက်တယ်။
သူ့အရက်သမားအဖေါ်တယောက်
MYC ဘုရားကျောင်း
စတက်တဲ့အခါမှာတော့ ဟားဝဒ်က သူ့အမေစကားကို နားထောင်လိုက်တယ်။ အဲဒီသူငယ်ချင်းကလည်း
“မင်း ငါနဲ့ ဘုရားကျောင်း လိုက်တက်ပေါ့ကွာ။ တခြားဘုရားကျောင်းတွေနဲ့ မတူဘူးကွ။
ငါတို့လို လူတွေကို ကြိုဆိုတယ်။ ပြီးတော့ သီချင်းတွေလည်း ကောင်းတယ်။ ပျင်းစရာ
မကောင်းဘူးကွ။” လို့ တိုက်တွန်းနေတယ်။
ဟားဝဒ်က ဘုရားတရား
စိတ်မဝင်စားဘူး။ ဒါပေမယ့် သူငယ်ချင်း တိုက်တွန်းလွန်းတာနဲ့ တခါတော့
လိုက်ခဲ့မယ်လို့ သဘောတူလိုက်တယ်။
“ဒါပေမယ့်
အရင် သောက်ရစေဦးကွ။ ပြီးမှ သွားတာပေါ့။” လို့ ဟားဝဒ်က ပြောတယ်။
အရက်နံ့
တထောင်းထောင်း၊ ကွမ်းစားပါးစပ် ခပ်ရဲရဲနဲ့ ဟားဝဒ်တယောက် MYC ကို
သူငယ်ချင်း နဲ့အတူ ခလုတ်တိုက်ရင်း ၁၉၇၉ ခု စနေညနေခင်းတခုမှာ ရောက်တယ်။ အရက်က
မူးနေတော့ ဟိုယိုင် ဒီယိုင်နဲ့ ရောက်လာတယ်။ တံခါးဝကနေ လှည့်ပြန်ရလိမ့်မယ်လို့
အပြည့်အဝ ယုံကြည်ထားတဲ့ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုပြီး၊ ယဉ်ယဉ်ကျေးကျေး
နေရာပေးတော့ ဟားဝဒ် အံ့ဩမိတယ်။ ဘယ်သူမှ နှာခေါင်း မရှုံ့ဘူး။ မလိုတဲ့အကြည့်တွေနဲ့
မကြည့်ဘူး။ လူတိုင်း ရင်နှီးဖေါ်ရွေနေတာ ထူးဆန်းတယ်။ ဘာကြောင့်ပါလိမ့်?
အရင်က
သောက်ဖေါ်သောက်ဖက် ဒေးဗစ်ကို ကြည့်တော့ လုံးလုံးပြောင်းလဲနေပြီ။ သူ့မျက်နှာက
ကြည်လင်ဝင်းပနေတယ်။ အားရပါးရ ပြုံးပြီး
လာနှုတ်ဆက်တယ်။
“မင်း
လာလည်တာ ဝမ်းသာတယ်ကွာ။”
အရက်သောက်ထားပေမယ့်
တခါမှ မခံစားရဖူးတဲ့ ခရစ်တော်ရဲ့ မေတ္တာကို ခံစားရမိတယ်။ သူ့သူငယ်ချင်းပြောတာ
မှန်တယ်။ ဒီနေရာက ထူးခြားတယ်။ ဂစ်တာတီးတာ၊ ဒရမ်တီးတာလည်း သဘောကျတယ်။ စိတ်ဓါတ်
နိုးကြား တက်ကြွလာတယ်။ ပထမဆုံးအကြိမ် အဖြစ် တရားစကားက သူ့နှလုံးသားကို
တို့ထိလာတယ်။ ဆရာဒေးဗစ်ဟောတာက သခင်ယေရှုဟာ အပြစ်သားတွေကို ကယ်ဖို့ လောကကို
ကြွလာခဲ့တယ်။ အရက်သမား၊ ဆေးသမား၊ ဖဲသမားနဲ့ လမ်းသရဲတွေအတွက် ပါတယ်။ “အော်….
ငါ့အတွက်ပေါ့။” လို့ သေသေချာချာ နားထောင်ရင်း ဟားဝဒ် တွေးမိတယ်။
ဘုရားရှိခိုးပြီးတော့ တမူထူးခြားတဲ့ ဒီအသင်းတော်ကလူတွေက သူ့ကို လာနှုတ်ဆက်ကြတယ်။
လာလည်လို့ ကျေးဇူးတင်ကြသတဲ့။ နောက်လည်း လာပါတဲ့။
ဒီနေရာမှာရှိတဲ့
ချစ်တတ်တဲ့ စိတ်သဘောကြောင့် ဟားဝဒ် ဘုရားကျောင်း မှန်မှန်တက် ဖြစ်သွားတယ်။
လအနည်းငယ်အတွင်းမှာ သူ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံလိုက်တယ်။
အဲဒီနောက်မှာ
သူ့အသက်တာ အံ့ဩစရာ ပြောင်းလဲသွားတယ်။ အရက်မသောက်တော့ လို့ မိသားစုက
အရမ်းဝမ်းသာနေကြတယ်။ သူက သီချင်း အဆိုကောင်းတော့ ဝတ်ပြုကိုးကွယ်ချိန်မှာ သီချင်း
ဦးဆောင် ဆိုဖြစ်လာတယ်။
အလုပ်ကထွက်ပြီး ဆရာဦးဒေးဗစ်နဲ့ နယ်လှည့်ခရီးစဉ်တွေမှာ လိုက်ဖြစ်လာတယ်။
ဂီတပစ္စည်းတွေ ထမ်းရပိုးရ၊ လေဟာပြင် တရားပွဲအတွက် ပြင်ရဆင်ရ၊ သီချင်း ဝင်ဆိုရနဲ့
အပင်ပန်းခံ အလုပ် လုပ်လာတယ်။ အိမ်လှည့် ကျမ်းစာသင်တာတွေ ဦးဆောင်လာနိုင်တယ်။
အဲဒီမှာပဲ သူ့အမျိုးသမီးလည်း born-again ခရစ်ယာန် ဖြစ်လာတယ်။
ဦးဟားဝဒ်ရဲ့ ဘဝဟာ
အဓိပ္ပါယ်ရှိလာသလို၊ ပျော်ရွှင်ကြည်နူးစရာ ကောင်းလာတယ်။ သူ့အသက်တာ သခင်ယေရှုနဲ့
ထိတွေ့လာပြီး ၂ နှစ်အကြာမှာ ဆည်မြောင်းဦးစီးဌာနကနေ အလုပ်ထွက်လိုက်ပြီး၊ MYC မှာ
ဆရာဦးဒေးဗစ်နဲ့အတူ အချိန်ပြည့် အလုပ်လုပ်လာခဲ့တယ်။ အလုပ်မထွက်ခင်မှာတော့ ဆရာ ဦးဒေးဗစ်က သူ့ကို
သေသေချာချာ ဆုတောင်းပြီးမှ ဆုံးဖြတ်ဖို့၊ အကျိုးအပြစ် အရင်တွက်ကြည့်ဖို့
အကြံပေးတယ်။ ခက်ခဲရာကာလ ၇
နှစ်ကို ဖြတ်တုန်း၊ ငွေကြေး အခက်အခဲ ရှိနေတုန်းဆိုတော့ သူ့ကို လစာပေးဖို့
အာမခံချက် မရှိဘူး။ ဒါပေမယ့် ဦးဟားဝဒ်က တားလို့မရဘူး။ ဆရာဦးဒေးဗစ်ရဲ့
ယုံကြည်ခြင်းနဲ့ နာခံခြင်းကို ဘုရား ချီးမြှောက်တာကို မြင်နေရတာမို့
ခေါင်းဆောင်ရဲ့ ခြေရာအတိုင်း လိုက်ခဲ့တယ်။
ဆရာဦးဒေးဗစ်ကို
ဘုရားပေးလာတဲ့ ခေါင်းဆောင် တဒါဇင်ထဲမှာ ဦးဟားဝဒ် ပါတယ်။ အလုပ် တာဝန်တွေကို ကူထမ်းပေးတယ်။
အစမှာတော့ တရားဟောရ၊ အကြံပေး ပြောပြရ ၊ စီမံခန့်ခွဲရ၊ ဆုံးမသွန်သင်ရတဲ့
တာဝန်မှန်သမျှ ဆရာဦးဒေးဗစ်ရဲ့ အပေါ်မှာ ရှိနေတယ်။ ဆရာဦးဒေးဗစ်ရဲ့ သစ္စာရှိမှုကို
ဘုရားက ချီးမြှောက်လာတဲ့အခါ အလုပ်က ကျယ်ပြန့်လာတယ်။ တာဝန်တွေကို ကူညီထမ်းရွက်ဖို့
လူတွေ ခေါ်ရတယ်။ သမ္မာကျမ်းစာထဲမှာ ဒါဝိဒ်မင်းက စစ်သူရဲတွေ ခေါ်သလိုပေါ့။ (ပ
ရာဇဝင်ချုပ် ၁၁း ၁၀- ၁၁)။
ဒီလူတွေက
အခြေအနေကောင်းတဲ့ ခရစ်ယာန်မိသားစုထဲက လာတာ မဟုတ်ဘူး။ ကျမ်းစာကျောင်း မတက်ဖူးဘူး။
သခင်ယေရှုရဲ့ တပည့်တော် ၁၂ ပါး လိုပဲ ခေါင်းဆောင်နဲ့ တွေ့မှ အံ့ဩဘွယ်
ပြောင်းလဲသွားတဲ့ လူဆိုးလူပေတွေသာ ဖြစ်တယ်။ အများစုက ဦးဟားဝဒ်တို့၊
ဇော်နော်တို့လို ဆေးသမား၊ အရက်သမား ဘဝကနေ MYC ကို ရောက်လာ၊ born-again ဖြစ်ပြီး
ဆေးတွေ၊ အရက်တွေ ပြတ်ပြီး၊ ဆရာဦးဒေးဗစ်နဲ့ လက်တွဲလုပ်ဖို့ ဘုရားခေါ်တယ်လို့
သိမြင်လာသူတွေ ဖြစ်တယ်။ တချို့က Peter Ling နဲ့ သူ့ညီ မနားကီးတို့လို
မိဘမဲ့တွေပါ။ ဆရာဦးဒေးဗစ်နဲ့ ဒေါ်ကေသီတို့က မွေးစားပြီး၊ ကြီးလာတော့ MYC ရဲ့ ရည်ရွယ်ချက် vision ကို
သိလာသူတွေပါ။ MYC ရောက်တဲ့လူတွေရဲ့ ဘဝက သခင်ယေရှုကြောင့် အသက်တာ ပြောင်းလဲတဲ့ ထင်ရှားတဲ့
ပုံသက်သေတွေပါ။ သူတို့ရဲ့ စိတ်အားကြီးမှု၊ ဆက်ကပ်မှုနဲ့ သတ္တိရှိတာတွေကြောင့် MYC ရဲ့
ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။
အရက်သမားက
ဦးဟားဝဒ်တယောက်တည်း မဟုတ်ဘူး။ ပီတာဘိုက ဆရာဦးဒေးဗစ်ရဲ့ မူလတန်းတုန်းက
ကျောင်းနေဖက်သူငယ်ချင်း။ အထက်တန်းကျောင်းရောက်တော့ ဆေးလိပ်သောက်၊ အရက်သောက်၊
ပါတီပွဲ ကျင်းပကြတယ်။ ရန်ကုန်တက္ကသိုလ်ကို အတူရောက်ကြတယ်။ အဲဒီမှာ ဖဲရိုက်၊
အရက်သောက်နဲ့ ဆေးခြောက် ရှူတာပဲ လုပ်နေသူတွေ ဖြစ်တယ်။
ဒေးဗစ်
အိမ်ထောင်ကျပြီး၊ လမ်းသရဲဂိုဏ်းထဲ ရောက်သွားမှ အတွဲပျက်သွားခဲတယ်။ ပီတာကတော့
ဒေးဗစ်လို မဟုတ်ဘူး။ ကျောင်းပြီးအောင်နေပြီး၊ အင်္ဂလိပ်စာ ဘွဲ့ရခဲ့တယ်။ နောက်တော့
အိမ်ထောင်ကျပြီး၊ တက္ကသိုလ်နည်းပြဆရာ ဖြစ်လာတယ်။ ဒါပေမယ့် ဒေးဗစ်လိုပဲ
အိမ်ထောင်ကျပြီး အရက်က မဖြတ်နိုင်ဘူး။ နေ့တိုင်း အရက်ပဲ သောက်နေတော့
မိသားစုမှာရော၊ အလုပ်ထဲမှာပါ ပြဿနာတက်လာတယ်။ အရက်ကြောင့် အလုပ်ပြုတ်တယ်။
ဒီအခြေအနေမှာ အရင်က အပေါင်းအသင်းတွေကို လိုက်ရှာပြီး အကူအညီ တောင်းရတော့တယ်။
နှစ်အတော်ကြာ
ကွဲကွာပြီးမှ ၁၉၇၅ မှာ ပီတာ ဒေးဗစ်ကို လာတွေ့တယ်။ အခြေအနေကို ပြောပြရင်း
အရက်သောက်ဖို့၊ ဖဲရိုက်ဖို့ ပိုက်ဆံတောင်းတယ်။ ဒေးဗစ်က အရင်က အမြဲတမ်း ကူညီတတ်တော့
ဒီတခါလည်း သူ့ကို ကူညီမယ်လို့ ပီတာ ယုံတယ်။
“ငါ
မင်းကို ပိုက်ဆံပေးပါမယ်။ ဒါပေမယ့် ငါပြောတာကို သေသေချာချာ နားထောင်ဦး။” ဆိုပြီး
ဆရာဦးဒေးဗစ်က သူ့အကြောင်း ပြန်ပြောပြတယ်။ သခင်ယေရှုခရစ်ကို ယုံကြည်ပြီးတဲ့နောက်
သူ့ဘဝ ပြောင်းလဲသွားတာကို ပြန်ပြောပြတယ်။ သူ့ဘဝကို သခင်ယေရှုက
အရက်ပြတ်အောင်လုပ်ပြီး အသစ်ပြန်စ ပေးနိုင်တယ်လို့ ပြောပြတယ်။
ပီတာကတော့
သူ့သူငယ်ချင်း အရက်သမားဟာ အခုတော့ ဘုရားတရားအကြောင်း ပြောပြနေတဲ့ တရားဟောဆရာကြီး
ဖြစ်နေပါလားလို့ တအံ့တဩ ဖြစ်သွားရတယ်။ သူငယ်ချင်း ပြောပြတဲ့ တရားစကားကို စိတ်မပါပဲ
နားထောင်ရင်း “ကြာရင်တော့ ဒီကောင် ပြန်သောက်မှာပါ” လို့ တွေးနေမိတယ်။ ဆရာဦးဒေးဗစ်
ပြောပြီးတာနဲ့ ပီတာက ပိုက်ဆံယူပြီး အရက်သောက်ဖို့ လစ်ထွက်တယ်။
နောက် ၁၀
နှစ်အတွင်းမှာ ပီတာက ဆရာဦးဒေးဗစ်ထံမှာ ပိုက်ဆံတောင်းဖို့ ရောက်လာတတ်တယ်။
ဆရာဦးဒေးဗစ်ကတော့ ပိုက်ဆံမပေးခင် တရား အရင်ဟောလေ့ရှိတယ်။
“ငါနဲ့
ဒီမှာ လာနေပါလားကွာ။ သခင်ယေရှုက မင်းဘဝကို ပြုပြင်ပေးနိုင်တယ်။ အရက်က
ကိုယ်ခန္ဓာရော စိတ်ဝိညာဉ်ပါ ဖျက်ဆီးနေပြီ။ လာနေကွာ။ ဘယ်လိုလဲ?”
ဒါပေမယ့် ပီတာက
အမြဲတမ်း ငြင်းတယ်။ အရင်လူတွေလိုပါပဲ။ ပီတာက ဒေးဗစ် ပြောင်းလဲတာတွေ၊ သခင်ယေရှု
ကယ်တာတွေ မယုံဘူး။ သူ့ဘဝကတော့ တစထက်တစ ယို့ယွင်းနေပါပြီ။
၁၉၈၅ ခု၊
ဒီဇင်ဘာရဲ့ ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ မနက်ခင်း တခု။ ဆရာဦးဒေးဗစ်ကို ပထမဆုံး
လာတွေ့တဲ့အချိန်ရဲ့ ၁၀ နှစ်အကြာမှာပေါ့။ ပီတာဟာ ရန်ကုန်မြို့ရဲ့ လမ်းမပေါ်မှာ
တယောက်တည်း ခိုက်ခိုက်တုန်အောင် ချမ်းနေရင်း အရက်ဆိုင်ကို သွားဖို့ ကြိုးစားနေတယ်။
ဆရာဦးဒေးဗစ်က ဦးဟားဝဒ်နဲ့ အငှါးကားပေါ်ကနေ
ရုတ်တရက် သတိထားမိလိုက်တယ်။ သူငယ်ချင်းရဲ့ အဖြစ်ကို မြင်လိုက်ရတဲ့အတွက်
တုန်လှုပ်သွားတယ်။ ကားကို ရပ်ခိုင်းလိုက်ပြီး၊ ချက်ချင်း ခုန်ထွက်လိုက်တယ်။
“မင်း
အခြေအနေ တော်တော်ဆိုးပါလားကွာ။ ဒီလိုဆက်နေလို့တော့ မရတော့ဘူး။ အဲဒီလောက်ကြီး
မပေနဲ့တော့ကွာ။ ငါနဲ့ ခဏဖြစ်ဖြစ် လိုက်နေကွာ။ ဒီအဆိပ်ရည်တွေကို ဖြတ်မှ ရတော့မယ်။”
ဒီတခါတော့ ပီတာ
လိုက်လာတယ်။ သူ့ဘဝ ပျက်သွားပြီ။ အသက် ၄၁ နှစ်အရွယ်မှာ အလုပ်၊ မိသားစု၊ ကျန်းမာရေး
အားလုံး ဆုံးရှုံးခဲ့ရပြီ။
ဒါတွေ အားလုံးဟာ အရက်နဲ့ ဖဲကြောင့် ဖြစ်ရတယ်။ အိမ်ထောင်ကွဲပြီး၊ ပစ္စည်းဥစ္စာတွေ
ဆုံးပါးပြီ။ အရက်သမားတွေနဲ့ပဲ နေတဲ့အတွက် ကျန်းမာရေးလည်း ချို့ယွင်းသွားပြီ။
ကြာကြာ မနေရလောက်တော့ဘူးလို့ သိလာတဲ့အတွက် MYC မှာ နေကြည့်ဖို့
သဘောတူလိုက်ရတော့တယ်။
သတင်းပတ်
အတော်ကြာတဲ့အထိ ပီတာဟာ တရားဟောတာတွေကို သေသေချာချာ နားထောင်တယ်။ ဘဝမှာ
ပထမဆုံးအကြိမ်အဖြစ် သမ္မာကျမ်းစာကို စဖတ်ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့
ကယ်တင်ခြင်းဆိုတာ သူ့အတွက်ပါလားလို့ နားလည်လာတယ်။ သခင်ယေရှု ခရစ်တော်က
ကယ်နိုင်တယ်။ ဘဝကို ပြောင်းလဲပေးနိုင်တယ်လို့ သိလာတယ်။ ယုံကြည်လာပြီးတဲ့နောက်
ဆရာဦးဒေးဗစ်ထံမှာ နှစ်ခြင်းမင်္ဂလာ ခံယူလိုက်တယ်။
သုံးလအကြာမှာတော့
ပီတာဟာ အရက်ရော၊ ဆေးလိပ်ပါ ပြတ်သွားတယ်။ သူ့ရဲ့ အဆုတ်နာရောဂါလည်း သက်သာလာတာကြောင့်
အရင်ကလို အသက်ရှုဖို့ ရှုဆေး သုံးဖို့မလိုတော့ဘူး။ သူ့ဘဝမှာ သခင်ယေရှု
ပြုတော်မူတာတွေကို စိတ်လှုပ်ရှားလွန်းလို့ တခြားသူတွေကို ပြောပြချင်လာတယ်။
ဆရာဦးဒေးဗစ်နဲ့ လက်တွဲပြီး MYC ရဲ့ လုပ်ငန်းမှန်သမျှ၊ နယ်လှည့် ခရီးစဉ်နဲ့ တရားဟောပွဲတွေမှာ
ပါဝင်လာတယ်။ လူသစ်တယောက်ဖြစ်ပေမယ့် သူနဲ့ ဆရာဦးဒေးဗစ်က အသက် ၄၀ ကျော်တွေဆိုတော့
အသက်အရွယ်အရ သူက အတူနေသူတွေအတွက် ဒုတိယ အဖေဖြစ်လာတယ်။ သူ့မှာ ပညာရေး အခြေခံလည်း
ကောင်းခဲ့တော့ သူ့ကို MYC
ရဲ့ နောက်လာမယ့် ခေါင်းဆောင်လို့ ဆရာဦးဒေးဗစ်က
မှတ်ယူခဲ့တယ်။ ၁၉၈၇ မှာ ချင်းပြည်နယ်မှာရှိတဲ့ Faith Baptist Bible College ကို
စေလွှတ်ခဲ့တယ်။ အဲဒီအချိန်မှာ ပီတာဟာ ၄၃ နှစ်အရွယ်ပါ။
ဆရာဦးဒေးဗစ်ရဲ့
စစ်သူရဲ့တွေကလည်း တခြားသူတွေလိုပဲ ဆရာဦးဒေးဗစ် ကို “ပါးပါး” လို့ ခေါ်ကြတယ်။
သူ့ထက် ၃ လကြီးတဲ့ ဆရာပီတာကလည်း “ပါးပါး” လို့ပဲ ခေါ်ပါတယ်။ ဝိညာဉ်ဖခင်
ဖြစ်တယ်ဆိုတဲ့ သဘောပါ။ သူတို့အားလုံးဟာ ဆရာဦးဒေးဗစ်ရဲ့ စေတနာ၊ သတ္တိ၊
ပျော်ရွှင်စွာ အနစ်နာခံတတ်မှု စတဲ့ စံနမူနာတွေကို ထိထိတွေ့တွေ့ ခံယူကြရသူတွေ
ဖြစ်တယ်။ အဲဒီလို လိုက်ပြီး အသက်ရှင်သူတွေလည်း ဖြစ်တယ်။ ခရီးစရိတ် မရှိရင်
ဆရာဦးဒေးဗစ်လိုပဲ ပုဆိုးရောင်းပြီး သွားတတ်ကြတယ်။ စားစရာ မရှိရင် ဆရာဦးဒေးဗစ်လိုပဲ
မညည်းမညူ အစာရှောင် ဆုတောင်းကြတယ်။ အတူဆုတောင်း၊ အတူသွားလာ၊ အတူသင်ယူ၊
အတူရုန်းကန်ခဲ့သူတွေ ဖြစ်တယ်။ ဆရာဦးဒေးဗစ်ရဲ့ စစ်သူရဲတွေဟာ အားကြီးပြီး၊
ရဲရင့်သလို၊ အစွမ်းအစလည်း ရှိသူတွေ ဖြစ်တယ်။
နှစ်အတော်ကြာတော့
ဆရာဦးဒေးဗစ်က နောက်ကြောင်းကို ပြန်တွေးကြည့်တဲ့အခါ ဘုရားသခင်က MYC ကို
အကြီးအကျယ် ခိုင်ခံ့စေရင်း နောက်တဆင့်အတွက် ပြင်ဆင်နေတာကို နားလည်လာရတယ်။ အခု
လက်ရှိ အဆင့်မှာတော့ နောက်တဆင့် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုမသိခဲ့ကြဘူး။
No comments:
Post a Comment