အခန်း
၉ရိတ်သိမ်းစပြုပြီStarting to Reap(စတင်ချိန်မှသည်
– ၁၉၈၀ ပြည့်လွန်နှစ်လယ်များထိ)
“ဘယ်လိုလုပ်မလဲ
.. ပါးပါး။ အခွေတွေ ရောင်းကုန်သွားပြီ။ မြန်မြန် ထပ်ကူးမှ၊ လူတွေ အရမ်း
ကြိုက်နေပြီ။” လို့ MYC မှာ အခွေကူရောင်းပေးတဲ့သူက ပြောလာတယ်။
ပထမအခွေ “ဘုရားသခင်
သင့်ကိုချစ်လို့ သင့်အတွက် အသေခံတယ် ” (၁၉၇၆) ထွက်ပြီးကတည်းက တနှစ်တခွေ
မှန်မှန်ထုတ်မယ်လို့ ဆုံးဖြတ်ထားတယ်။ နောက် ၄ နှစ်အတွင်း MYC က ၄ ခွေ
ထုတ်တယ်။ ဒါပေမယ့် ပထမအခွေကို မမှီဘူး။ စာသားနဲ့ တေးသွားက ပထမအခွေနဲ့ ဆင်တူနေတော့
အဝယ်မလိုက်ဘူး။ အခွေတွေ တန်းစီ ထုတ်တာဟာ အချိန်ကုန်၊ ငွေကုန်နေပြီလားလို့
ဆရာဦးဒေးဗစ် စဉ်းစားလာမိတယ်။
ဒါပေမယ့် ၁၉၈၁
ခုနှစ်မှာ MYC ရဲ့ ၆ ခွေမြောက် တေးစီးရီး “နေရောင်အောက်က အနတ္တတရားများ” အခွေ
ထွက်တော့ ထူးထူးခြားခြား ပြောင်းလဲသွားပြီ။ လူငယ်တွေကြားမှာ ရောင်းမလောက် ဖြစ်လာတယ်။
နေရာတိုင်းမှာ အရောင်းသွက်ပစ္စည်း ဖြစ်လာတယ်။ ဆန်းသစ်တဲ့ Country jazz တေးသွားနဲ့
ရှင်းလင်းပြတ်သားတဲ့ စာသားတွေက အဲဒီကာလမှာ တကယ့်ခေတ်ရှေ့ပြေး သီချင်းခွေ
ဖြစ်ခဲ့တယ်။ သခင်ယေရှုရဲ့ မေတ္တာနဲ့ နှိုင်းယှဉ်ကြည့်ရင် လောကီအရာတွေဟာ ဘာမှ
မဟုတ်ဘူး ဆိုတဲ့ သီချင်းခွေရဲ့ အဓိကအချက် theme က သီချင်းအားလုံးထဲမှာ
ပါနေတယ်။ အခွေရဲ့ ကာဗာကလည်း လိုက်ဖက်တယ်။ အရိုးတွေ ပြန့်ကျဲနေတဲ့ လွင်ပြင်ထဲမှာ
လူတယောက် ရပ်နေတဲ့ ပုံ။ တရားစကားတွေ ထင်ထင်ရှားရှား ပါနေပါလျက် လောကီဈေးကွက်အထိ ပေါက်သွားတဲ့အတွက်
အံ့ဩရတယ်။
ခွေထွက်ပြီး
တလအတွင်းမှာ ရောင်းအားက ထွက်ပြီးသမျှ ၆ ခွေစာ ငွေပြန်ရတယ်။ ခွေရောင်းရငွေ
ဆက်တိုက်ဝင်လာနေတဲ့အတွက် MYC ဟာ ဂီတပစ္စည်းတွေ ဝယ်နိုင်လာတယ်။ ပိုကောင်းတဲ့ ဂစ်တာတွေ၊ ဒရမ်တွေ၊ mixer တွေ၊
အသံချဲ့ အမ်ပလီဖိုင်ယာတွေ ဝယ်တယ်။ MYC ရဲ့ တေးဂီတကို
အဆင့်မြှင့်ဖို့ ဒါတွေ တကယ်လိုနေတာပါ။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ပိုက်ဆံက
ပိုနေသေးတော့ နောက်ထပ် အခွေတွေ ထုတ်ဖို့ ဖယ်ထားလိုက်တယ်။
“ကျေးဇူးတင်ပါတယ်
ဘုရားသခင်၊ ကျေးဇူးတင်ပါတယ်။” နှစ်ပေါင်းများစွာ ရုန်းကန်၊ စွန့်လွှတ် ပြီးတဲ့နောက် ရလာတဲ့
အံ့ဩစရာ အောင်မြင်မှုဟာ ဘုရားပေးမယ့် ကောင်းကြီးမင်္ဂလာနဲ့စာရင် ဘာမှ
မဟုတ်သေးဘူးဆိုတာ ဆရာဦးဒေးဗစ် သိလို့ ဒီရက်တွေအတွင်း ခဏခဏ ဆုတောင်းတယ်။
MYC ရဲ့သီချင်းခွေကို
ရန်ကုန်မှာ လူသိများလာတယ်။ ရန်ကုန်မှာရှိတဲ့ အဓိက အသင်းတော်ကြီးတွေက လူငယ်တွေဟာ
ဓမ္မတေးသစ်တွေ နားထောင်ဖို့ MYC ကို ရောက်လာတတ်တယ်။
အကျိုးဆက်ကတော့ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံကြတယ်။ အသင်းတော်အသီးသီးကို
ပြန်ရောက်တဲ့အခါမှာ ခရစ်တော်ရဲ့ သံတမန်၊ MYC ရဲ့ သံတမန်တွေ ဖြစ်လာတယ်။
ဥပမာ၊ ဦးဗင်ဂျမင် Benjamin နဲ့
သူ့မိသားစုပေါ့။ ဘုရားကျောင်းတက်လေ့ရှိတဲ့ သူ့သမီး နှစ်ယောက်က MYC ရဲ့
ဓမ္မတေးတွေကို သဘောကျပြီး၊ သီချင်းနားထောင်ဖို့ MYC ကို
ဘုရားကျောင်း လာတက်တယ်။ ဒါကို ဦး ဗင်ဂျမင် Benjamin သိတော့ သိပ်စိတ်ဆိုးတယ်။
“ဘိန်းစားတွေ
ဦးဆောင်နေတဲ့ အဲဒီ နတ်ဆိုးဂိုဏ်းကို ထပ်သွားရင်၊ ငါ မင်းတို့ နှစ်ယောက်ကို
ကျောင်းထုတ်ပစ်မယ်။”
ဒါပေမယ့်
ညီအမနှစ်ယောက်ကတော့ ဘုရားကျောင်း ဆက်တက်တယ်။ တခြားနေရာမှာ မရနိုင်တဲ့
ကယ်တင်ခြင်းတရားရဲ့ တန်ခိုးကို MYC မှာ ဘုရားကျောင်းတက်ရင်း ရနိုင်လို့ပါပဲ။ ဒီညီအမနှစ်ယောက် ဘာကြောင့် MYC ကို
သဘောကျနေသလဲ? ဦး ဗင်ဂျမင် သိချင်လာတယ်။ ကိုယ်တိုင်
သွားပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ သူလည်း သခင်ယေရှုကို လက်ခံလာတယ်။
(နောက်တော့ သူဟာ MYC မှာ စာရေးကြီး ဖြစ်လာတယ်။)
MYC ရဲ့ ဓမ္မတေးတွေကို
လူငယ်တွေ နားထောင်လာလေလေ၊ သူတို့ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံလာကြလေလေ
ဖြစ်တယ်။ သူတို့ လက်ခံလေလေ၊ သူတို့ မိသားစုတွေ၊ အမျိုးတွေလည်း ခရစ်တော်ကို
လက်ခံလာလေလေ ဖြစ်လာတယ်။ တကယ်တော့ MYC ရဲ့ သုံးပုံ နှစ်ပုံဟာ
သာမန်ခရစ်ယာန် မိသားစုဝင်တွေပါ။ ဆေးသမားတွေ မဟုတ်ဘူး။ ဒီလိုလူသစ်တွေ
ပါဝင်လာတဲ့အတွက် အများအမြင်မှာ MYC ကို လေးစားစရာတော့
ဖြစ်လာစေတယ်။
လူတွေများလာပေမယ့်
ဆရာဦးဒေးဗစ်ဟာ သူ့ကို ဘုရားပေးထားတဲ့ အဓိကတာဝန်ဖြစ်တဲ့ မူးယစ်ဆေးသမားတွေကိုတော့
စိတ်ဝင်စား မပျက်ခဲ့ဘူး။ MYC မှာ ဆေးဖြတ်တာ အောင်မြင်တယ် ဆိုတဲ့
သတင်းပျံ့လွင့်လာတာနဲ့အမျှ ဆေးသမားတွေလည်း နောက်ထပ် ရောက်လာနေတယ်။ အထူးသဖြင့် ရဲက
လမ်းပေါ်မှာ အရက်သမား၊ ဆေးသမားတွေ လိုက်ဖမ်းနေတယ်လို့ သတင်းကြားရရင်၊ MYC မှာ
ဆေးဖြတ်ဖို့ တနေ့ သုံးယောက်လောက် ရောက်လာတတ်တယ်။
ဆရာဦးဒေးဗစ်က
ဘယ်ဆေးသမားကိုမှ မငြင်းချင်ဘူး။ ယေရှုခရစ်တော် မပါရင် အရက်သမား၊ ဆေးသမားအတွက်
ဖြတ်ဖို့ ခက်တယ်ဆိုတာ သူသိတယ်။ အစိုးရ ဆေးဖြတ်ဌာနတွေကလည်း ဘာမှ သိပ်မအောင်မြင်ဘူး။
အဲဒီအချိန်မှာ MYC ကတော့ တတ်နိုင်တာထက် ကူညီမှုတွေ ပေးနေရတယ်။ ရှိပြီးသား
ဆေးပြတ်စလူတွေကို ပြန်မလွှတ်ရင် လူသစ်အတွက် နေရာမရှိ ဖြစ်လာတယ်။
ခက်တာက
ဘယ်လူဟောင်းမှ MYC ကနေ မပြန်ချင်ကြဘူး။ သူတို့အတွက်က MYC ဟာ
သူတို့ရဲ့ မိသားစုအသစ်ပဲ။ ဆရာဦးဒေးဗစ်က သူတို့ရဲ့ ပါပါး။ ဒေါ်ကေသီက သူတို့ရဲ့
မာမား။ အတူနေသူ အားလုံးက သူတို့ကို ရင်းရင်းနှီးနှီး နက်နက်ရှိုင်းရှိုင်း
နားလည်ပေးနိုင်တဲ့ ညီအကိုတွေ။ တခြားမှာထက် MYC မှာ ပိုချစ်တတ်၊
ပိုနားလည်ပေးတတ်၊ ပိုခွင့်လွှတ်တတ်တာ သိကြတယ်။ ဘယ်လိုလုပ် ထွက်သွားချင်မလဲ?
ဘယ်ကိုရော သွားရမလဲ? အများစုက အရင်နေရာ၊
လမ်းဆုံးနေတဲ့နေရာ၊ အရင် အသိုင်းအဝိုင်းကို မပြန်ချင်ကြဘူး။ MYC မှာပဲ
အချိန် အကန့်အသတ်မရှိ နေချင်၊ ပါဝင်ချင်ကြတယ်။
တခြား အခက်အခဲတခုက
ဆရာဦးဒေးဗစ် အမေရိကားက ယူလာတဲ့ သမ္မာကျမ်းစာ စာပေးစာယူ သင်ခန်းစာက ၆ လနဲ့
ပြတ်နေတယ်။ သင်တန်းသားတွေက နောက်ထပ် သင်ချင်သေးတယ်။ သင်စရာ နောက်ထပ် မရှိတော့ဘူး။
၁၉၈၁ ခုနှစ် အမေရိကားကို ဒုတိယအခေါက် သွားတော့ Liberty University ကနေ စာအုပ်
အများကြီး ယူလာတယ်။ ဆရာက ဒါတွေကို ဘာသာပြန်ပြီး၊ Christian Aid Mission အကူအညီနဲ့ ပုံနှိပ်တယ်။ ဒါပေမယ့် သင်ခန်းစာက လိုနေတုန်းပဲ။
“အိုး….
ဘယ်လိုလုပ်ပါ့မလဲ… ကိုယ်တော်။ ကျွန်တော့ လက်ထဲမှာ လူအပြည့်၊ အိမ်မှာလည်း အပြည့်။
ဒီလူတွေကို ကိုယ်ကာယအစာရော၊ ဝိညာဉ်အစာရော ဘယ်လို ဆက်ကျွေးနိုင်ပါ့မလဲ….
လမ်းပြတော်မူပါ ကိုယ်တော်။” လို့ ဆရာဦးဒေးဗစ် ဆုတောင်းတယ်။
သူ့ဆုတောင်းကို
ဘုရားက မမြော်လင့်တဲ့နည်းနဲ့ အဖြေပေးတယ်။ တနေ့မှာ မြန်မာပြည် အနောက်မြောက်ပိုင်းက
ချင်းဆရာတယောက်က သူ့ကို လာတွေ့တယ်။ ဒီဆရာက ချင်းပြည်နယ်မှာ ရုံးစိုက်တဲ့ နှစ်ခြင်း
အုပ်စုတစုဖြစ်တဲ့ Evangelical
Baptist Conference ရဲ့ သင်းအုပ်ဆရာတယောက်။
“ဆရာ
ဒေးဗစ်၊ ဆရာတို့ရဲ့ သီချင်းခွေနဲ့ ဧဝံဂေလိအဖွဲ့အကြောင်း ကြားရတယ်။ ဆရာ့
သက်သေခံချက်လည်း ကြားရတယ်။ ဆရာပြောင်းလဲတာ တကယ်အစစ်အမှန်ပဲ။ ချင်းတောင်ကိုလည်း
လာပြီး တရားဟောဦးလေ။ ဆရာ တရားဟောရင်တော့ ကျွန်တော်တို့ဆီမှာ နိုးထလာမှာပဲ။
ဆရာလာရင် ကျွန်တော်တို့ အသင်းတော်တွေမှာ တရားဟောဖို့ စီစဉ်ပေးမယ်လေ။ လမ်းစရိတ်လည်း
တာဝန်ယူမယ်။ ဆရာ လာနိုင်မလား?”
ဒီအခွင့်အရေးကတော့
လက်လွတ်မခံသင့်ဘူး။ ချင်းတောင်မှာ သုံးလကြာ သက်သေခံ ဟောပြောခဲ့တယ်။ ဟောပြောရတာ
အဆင်ပြေပေမယ့် အစားအသောက်က တော်တော်ဆိုးတယ်။ အနံ့ဆိုးတဲ့ ပဲချဉ်ဖတ်ကိုပဲ နေ့တိုင်း
စားရတယ်။ ဒေသခံတွေကို ချစ်တဲ့စိတ်နဲ့ အတင်းမြိုချရတယ်။ ဒါမှ ပိုရင်းနှီးလာမယ်လေ။
လူတွေနဲ့ ခင်မင်ရင်းနှီးဖို့ သူတို့ကျွေးတာ ပုပ်ပုပ်၊ နံနံ စားရမယ်ဆိုတဲ့ အချက်ကို
သင်ယူလိုက်ရချိန် ဖြစ်တယ်။
ဆရာဦးဒေးဗစ်ရဲ့
ခရီးစဉ်ကို ဘုရားသခင် ကောင်းကြီးအမျိုးမျိုး ပေးပါတယ်။ တခုက သူ့သက်သေခံချက်ကြောင့်
လူတွေ ဘုရားကို ဆက်ကပ်လာတယ်။ နောက်တခုက Evangelical Baptist Conference (EBC) နဲ့
တသက်တာ မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်။ EBC ကလည်း ဆရာဦးဒေးဗစ်ကို
တသက်တာ ဒုဥက္ကဌ ခန့်ဖြစ်သွားလို့ စိတ်လှုပ််ရှားကြတယ်။ အဲဒီအတွက် MYC ဟာ independent အသင်းတော်တပါး
ဖြစ်လာသလို၊ နောင်မှာ MYC က
တည်ထောင်မယ့် အသင်းတော်တွေလည်း EBC အသင်းတော်တွေ ဖြစ်လာမယ်။
ဒီလို မိတ်ဆွေဖွဲ့လိုက်တော့ MYC အသင်းတော်တွေဟာ
ခိုင်မာလာသလို၊ အသိအမှတ်ပြုလည်း ခံရလာတယ်။
အကောင်းဆုံးရလိုက်တဲ့
ကောင်းကြီးမင်္ဂလာကတော့ ချင်းပြည်နယ်၊ တီးတိန်မှာ
EBC ရဲ့ Faith Baptist Bible College ကို
တွေ့လိုက်ရခြင်းပါပဲ။ ပြည်မကျောင်းတွေက လက်မခံတဲ့ ဆရာဦးဒေးဗစ်ရဲ့ ဆေးပြတ်စ
သင်တန်းသားတွေကို အဲဒီကျောင်းက ၄ နှစ် ကျမ်းစာကျောင်းတက်ဖို့ လိုလိုလားလား
လက်ခံပေးတယ်။ ဒါနဲ့ သင်တန်းသား တချို့ကို ကျမ်းစာကျောင်း စလွှတ်တယ်။ ၆ လ
ဆေးဖြတ်သင်တန်း တက်ပြီးရမယ်။ ဘုရား အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားရမယ်။ လေးနှစ်တာ
ဘုရားနှုတ်ကပတ်တော် လေ့လာပြီးတဲ့အခါ ဆရာဦးဒေးဗစ်ကို ကူညီနိုင်မယ်။
“ဒါဆို
ကျန်တဲ့သူတွေကို ဘယ်လိုလုပ်မလဲ? သူတို့ကို ကျွေးမွေး
ပြုစုဖို့ တခြားနည်းတနည်း ရှာရမှာပဲ။”
သူမနိုင်လောက်အောင်
လူဦးရေက များလာနေတယ်။ တချို့ကိုတော့ ဘုရားပြင်ဆင်ပေးလို့ ကျမ်းစာကျောင်း
တက်ခွင့်ရကြပြီ။ ကျန်တဲ့သူတွေကို ပိုအာရုံစိုက်ခွင့် ရလာတယ်။ တနင်္ဂနွေနေ့တိုင်း
ဘုရားကျောင်း ပုံမှန်တက်သူတွေကလည်း တရားတပုဒ် ကြားနာရရုံနဲ့ မလုံလောက်တော့ဘူး။
ကျမ်းစာအခြေခံ ပြည့်ဖို့လိုတယ်။ MYC ရဲ့ သက်သေခံချက်တွေကြောင့် သခင်ဘုရားကို သိလာတဲ့ ရာချီ၊
ထောင်ချီတဲ့သူတွေကိုလည်း ဆက်လက် မသွန်သင်နိုင် ဖြစ်ခဲ့တယ်။ ဘယ်လိုလုပ်မလဲ? ဝိညာဉ်ရေးရာ မိဘမဲ့တွေလို မထားချင်ဘူး။
ဒါနဲ့ ဧပြီလလယ်
သင်္ကြန်ရက်မှာ ဆယ်ရက်တာ ခေါင်းဆောင်မှုသင်တန်း စလိုက်တယ်။ အဓိကကတော့ ဆေးဖြတ်သူတွေ
မဟုတ်ဘဲ၊ အပြင်က ဝိညာဉ်ရေး ဆာငတ်သူတွေ အတွက်ပါ။ အမျိုးသမီးတွေ၊ အသင်းသားတွေ၊
ပြောင်းလဲစလူတွေ အတွက် ဖြစ်ပါတယ်။
ကျမ်းစာကျောင်း
မတက်ဖူးသူတယောက်အနေနဲ့ ဒီလိုအလုပ်တွေ လုပ်တာဟာ နည်းနည်း ရည်မှန်းချက် ကြီးလွန်းနေတယ်။ လူ ၁၅၀
လောက် ရောက်လာမယ်။ တရားစကား ဆာငတ်နေကြတယ်။ သင်ခန်းစာက ကုန်နေပြီ။ သူနဲ့ ဆရာတွေ
အားလုံး အချိန်ပြည့် ကျမ်းစာလေ့လာနေဖို့ သင်ခန်းစာ ပြင်နေဖို့ လိုတယ်ဆိုတာ
နားလည်လာတယ်။ ညဖက်ဆိုရင် ၄/၅ နာရီလောက်ပဲ အိပ်ဖြစ်တော့တယ်။ ကျန်တာကတော့ ကျမ်းစာပဲ
လေ့လာနေတော့တယ်။
“မီးမှိတ်၊
အိပ်တော့။ ကြာရင် ရူးတော့မယ်။” လို့ ဒေါ်ကေသီက ပြစ်တင်လာတယ်။
ဒါပေမယ့်
ဆရာဦးဒေးဗစ်နဲ့ ဆရာတွေကို
ဘုရားက မ,စ တယ်။ သင်တန်းက အတော် အောင်မြင်တယ်။ လူတွေ ကယ်တင်ခြင်းရလာတယ်။ ဒီတော့
ဒီသင်တန်းကို နှစ်တိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဆရာဦးဒေးဗစ်က
သူ့အလုပ်အတွက် ငွေကြေး အခက်အခဲနဲ့ ရုန်းကန်နေရချိန်မှာ ဒေါ်ကေသီက
အိမ်ထောင်တာဝန်ကို တိတ်တိတ်ဆိတ်ဆိတ် ပြုစုရှာတယ်။ သားသမီး ၅ ယောက်ကို ပြုစုရတဲ့ တာဝန်အပြင် အတူနေ လူ ၅၀
လောက်ကို နေ့စဉ် ချက်ပြုတ်ကျွေးမွေးရတယ်။ ဒီတာဝန်ကို လုံလောက်တဲ့ ငွေကြေးမရှိဘဲ
နေ့နေ့ညည လုပ်ဆောင်ရတာဟာ အမျိုးသမီးအများစုအတွက်ဆို ရူးသွားနိုင်တယ်။
ဒေါ်ကေသီကတော့ မညည်းတွားဘူး။ စိတ်မပျက်ဘူး။ MYC က လူတွေ အားလုံးအတွက်တော့
သူတို့အတွက် မာမား ရှိမှဖြစ်မယ်။ မာမားက နူးညံ့တဲ့ အပြုံးပိုင်ရှင်လေ။
၁၉၈၀ မှာ
ချင်းတောင်က သင်းအုပ်-ဧဝံဂေလိ ဆရာတယောက် ရန်ကုန်မှာ သင်တန်း လာတက်တယ်။ အဲဒီဆရာနဲ့အတူ
ကောင်လေး တယောက်ပါလာတယ်။ ဘုရားသခင်ဖက်မှာ စိတ်အားကြီးပုံရတယ်။ ဆရာက MYC ခြံထဲမှာတည်းတာဆိုတော့
ဒေါ်ကေသီက အဲဒီကလေးအကြောင်း မေးကြည့်တယ်။ ကောင်လေးက သူ့သားကြီးနဲ့
ရွယ်တူလောက်ရှိမယ်။
“မနားလိန်းက
မိဘမဲ့ပါ။ သူ့အသက် ၄ နှစ်အရွယ်မှာ မိဘတွေ ဆုံးသွားတယ်။ သူ့ဦးလေးထံမှာ သွားနေရတယ်။
သူ့ဦးလေးက ရွာမှာ ဘာသာရေးအကြီးအကဲပါ။ နောက်တော့ ဦးလေးက ဘာသာရေး လုပ်စေချင်တယ်။ ၄
တန်းအောင်တော့ ကျောင်းထွက်ပြီး၊ ဘာသာရေးကို ၃ နှစ်လောက် လေ့လာရတယ်။
၃ နှစ်ပြီးတော့ သူ
ရွာကို ပြန်လာတယ်။ အဲဒီမှာ ဆရာတယောက်ထံကနေ ကယ်တင်ခြင်းတရား ကြားရတယ်။ ဘုရားက
သူ့စိတ်ကို တို့ထိတယ်။ သူ ဘုရားသခင်ကို ယုံကြည်လာတယ်။ အမျိုးတွေက လက်မခံတော့ဘူး။
ဒါနဲ့ ကျွန်တော့ထံမှာ လာနေရတယ်။ အခု ရှစ်တန်းရောက်ပြီ။” လို့ သင်းအုပ်ဆရာက
ပြောပြတယ်။
“ပွင့်ပွင့်လင်းလင်း
ပြောရရင်တော့ သူက လိမ်မာပေမယ့် ကျွန်တော် တာဝန် ဆက်မယူနိုင်တော့ဘူး။ ကျွန်တော့မှာ
သားသမီး အရင်း ၄ ယောက်ရှိတယ်။ သူ့ကို မွေးစားမယ့်သူ ရှာနေတာ။ သူက တကယ်လိမ်မာတယ်။
ဘုရားတရားလည်း ဆာငတ်တယ်။ ဘာလုပ်ရင် ကောင်းမလဲ .. အကြံပေးပါဦး။”
ဒေါ်ကေသီရဲ့ ရင်ထဲ
ထိခိုက်သွားတယ်။ သူ့မှာ မနိုင်မနင်းနဲ့ လူတွေ အများကြီး ရှိနေပေမယ့် ဒါဟာ
ဘုရားပေးတဲ့ အထူးအခွင့်အရေးပဲလို့ ခံစားမိတယ်။ ဒီအကြောင်း ဆရာဦးဒေးဗစ်ကို
ပြောပြလိုက်တယ်။
“ကောင်လေးက
ကြီးနေပြီပဲ။ မင်းက ဘာလို့ မွေးစားချင်ရတာလဲ? ဒီမှာ လူတွေ
ဒီလောက် များနေတာကွာ”
လို့ ဆရာဦးဒေးဗစ်က တားတယ်။
“တယောက်တိုးလာတာနဲ့တော့
ဘာမှ ထူးမသွားပါဘူး။ ကလေးတယောက်ကို ထိန်းရတာက ဆေးသမား ထိန်းရတာထက်တော့
လွယ်ပါသေးတယ်။” လို့ ဒေါ်ကေသီက အပြုံးနဲ့ ပြန်ချေတယ်။
ဒါနဲ့
ဆရာဦးဒေးဗစ်နဲ့ ဒေါ်ကေသီတို့က ပထမဆုံး ကလေးကို ၁၉၈၀ မှာ မွေးစားလိုက်ကြတယ်။
ကျမ်းစာထဲကနာမည် “Peter” လို့ နာမည်ပေးကြတယ်။
နာမည်အတိုင်း အသက်ရှင်စေချင်လို့ပါ။ မကြာပါဘူး။ ကောင်လေးက အရက်သမားလေးမှန်း
သိလာရတယ်။ အဲဒီတော့ ပထမဆုံးအလုပ်က ကောင်လေးအတွက် ဆုတောင်းပေးကြ၊ သွန်သင်ပေးကြရတယ်။
(သူတို့ရွာမှာက ကလေးကအစ လူတိုင်း ကောက်ညှင်းနဲ့ လုပ်တဲ့ ခေါင်ရည်ကို သောက်ကြတယ်။)
အသက်တာ ဆက်ကပ်ပြီးနောက် ပီတာ အရက်ပြတ်လာတယ်။ ဝိညာဉ်ရေးလည်း ထူးထူးခြားခြား
တိုးတက်လာတယ်။
(အထက်တန်းကျောင်းပြီးတော့
ပီတာလိန်း Peter
Ling
ဟာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းပြီးတယ်။
ပါးပါးထံကနေ တရားစကား ပြောပြနည်း သင်ယူပြီး၊ ထက်မြက်တဲ့ တရားဟောဆရာ ဖြစ်လာတယ်။
သူရတဲ့ ဆုကျေးဇူးတွေကို ရိပ်မိတဲ့အတွက် MYC ရဲ့ ပထမဆုံးသော သင်းအုပ်/ ဧဝံဂေလိဆရာအဖြစ်
ခန့်လိုက်တယ်။ နောက်တော့ MYC ရဲ့ သင်တန်းကျောင်း ဒါရိုက်တာ ဖြစ်လာတယ်။ နောက်တော့ ဓမ္မပညာ
မဟာဘွဲ့ရဖို့ အိန္ဒိယကို လွှတ်လိုက်တယ်။ ကျောင်းပြီးတော့ မြန်မာပြည်ကို ပြန်လာတယ်။
ဆရာဦးဒေးဗစ်က သူ့ကို MYC ရဲ့ ကျမ်းစာကောလိပ် ကျောင်းအုပ်အဖြစ် ခန့်တယ်။)
ဒါပေမယ့် ဒေါ်ကေသီက
ပီတာလောက်နဲ့ မရပ်ဘူး။ နောက်တစ်နှစ်အကြာမှာ ပီတာက ဆယ်နှစ်အရွယ် သူ့ညီလေးကို
ခေါ်လာချင်တယ်လို့ မာမားကို တောင်းဆိုတယ်။ ဒေါ်ကေသီက သဘောတူတော့ ၁၉၈၁ ခုနှစ်မှာ
မနားကီးရောက်လာတယ်။ သူ့အကိုလိုပဲ သူလည်း အရက်စွဲနေတယ်။ ဒါပေမယ့် ရောက်ပြီး မကြာခင် အရက်ပြတ်သွားတယ်။
သူ့အစ်ကိုလိုပဲ ဘုရားအမှုတော်ဆောင်ဖြစ်ဖို့ ကြီးပြင်းလာတယ်။ (ဆရာဦးဒေးဗစ်က သူ့ကို MYC အသင်းတော်များရဲ့
အတွင်းရေးမှူးအဖြစ် ခန့်ခဲ့တယ်။)
တနေ့တော့
တရက်သားသာရှိသေးတဲ့ ကလေးငယ်ကို ပွေ့ချီပြီး အမျိုးသမီးတယောက် ရောက်လာတယ်။ MYC က
သနားကြင်နာတတ်တယ်လို့ သူကြားဖူးတယ်။ မန္တလေးပြန်ဖို့ စရိတ်ပေးပါ။ ကလေးကို ထားခဲ့မယ်လို့ ဆိုတယ်။
လမ်းစရိတ်လောက် ငွေလေးအတွက် သားသမီးကိုရောင်းစားတဲ့ အမျိုးသမီးကို
အံ့ဩတုန်လှုပ်မိသလို သဘောလည်းမကျဘူး။ ဒေါ်ကေသီက သူ့ကို ပိုက်ဆံရာချီပေးပြီး
ကလေးကို မွေးစားလိုက်တယ်။
အဲဒီနောက်ပိုင်းမှာလည်း
လူတယောက် MYC ခြံထဲကို နှစ်နှစ်အရွယ်သားငယ်နဲ့ ရောက်လာတယ်။ သူက မိန်းမနဲ့ အမြဲတမ်း
ရန်ဖြစ်တယ်။ ကွာရှင်းပြီး ဘဝသစ် ထူထောင်ချင်ကြတယ်။ အသက် ၅ နှစ်၊ ၃ နှစ်၊ ၂ နှစ်နဲ့
၁နှစ်အရွယ် ကလေး ၄ ယောက်ကတော့ အပိုဝန်ထုပ်တွေပေါ့။ အဲဒီတော့ အဖေက ကလေးတွေကို
တယောက်ပြီးတယောက် ရောင်းစားနေတယ်။
“ပိုက်ဆံတော့
မပေးနိုင်ဘူးကွာ။ ကလေးကိုတော့ ထားချင်ရင်ထားခဲ့လို့ရတယ်” လို့ ဦးဒေးဗစ်နဲ့
ဒေါ်ကေသီက ပြောတယ်။
“စက်ဘီးတစ်စီးဆိုရင်ကော
စက်ဘီးတစ်စီးနဲ့ လဲမလား” လို့ အဖေလုပ်သူက တောင်းတယ်။
“လုံးဝမပေးဘူးကွာ
ကလေးကိုထားခဲ့ သွားတော့” လို့ ဆရာဦးဒေးဗစ်က ပြန်ပြောတယ်။
ဒေါ်ကေသီကတော့
“ဒီလိုလုပ်ပါလား ကလေးလေးယောက်ခေါ်ခဲ့။ ရှင်ဘာလုပ်လုပ် သူတို့
ညီအစ်ကိုမောင််နှမတွေကို ခွဲမပစ်ပါနဲ့။” မိဘတွေမရှိတော့တဲ့အခါ ညီအစ်ကိုမောင်နှမ
သံယောဇဉ်ဟာ သိပ်အရေးကြီးတယ်လို့ ဒေါ်ကေသီနားလည်ထားတယ်။
အဲဒီလူက
ကလေးကိုခေါ်ပြီး ထွက်သွားတော့တယ်။ နောက်ပိုင်းမှာ ကလေးသုံးယောက်နဲ့ ပြန်လာတယ်။
အရင်ပါလာတဲ့ ကောင်ကလေးအပြင် ၃ နှစ်သားညီလေးတယောက်နဲ့
၅ နှစ်အရွယ်
သူ့အစ်မပါလာတယ်။
“အငယ်ဆုံးကလေးကော?
အငယ်လေးလေ?” လို့ ဒေါ်ကေသီက မေးတယ်။
စက်ဘီးပေးတဲ့လူ ရှိလို့
လဲလိုက်ပြီ” လို့ အဲဒီလူကဖြေတယ်။
ဆရာဦးဒေးဗစ် မျက်လုံးပြူးသွားပြီး
အော်တော့တယ်။ “မင်း.. အရှက်မရှိတဲ့ကောင် မင်းနဲ့ မင်းမိန်းမ ဒီနေရာကို
နောက်ဘယ်တော့မှ ခြေလာမချနဲ့၊ သွား။”
ဆရာဦးဒေးဗစ်
စိတ်ငြိမ်သွားတော့မှ ဒေါ်ကေသီကို လှည့်ပြောလိုက်တယ်။ “ကဲ ထမင်းစားဖို့
ပါးစပ်ပေါက်သုံးပေါက် တိုးလာပြီ။ အင်္ကျီလိုတယ်။
ကျောင်းထားရမယ်။ မင်းက လူတိုင်းကို သနားနေတာ။
မကောင်းဘူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါတို့ဘယ်လို ကျွေးကြမလဲ?”
“ဘုရားသခင်
ကျွေးမှာပေါ့။ အရင်ကလည်း ကျွေးတယ်။ နောင်လည်း ကျွေးနေဦးမှာပဲ။” လို့ ဒေါ်ကေသီက
အေးမြတဲ့အပြုံးနဲ့
နှစ်သိမ့်စကား ဆိုတယ်။
ဒေါ်ကေသီပြောတာမှန်တယ်။
MYC ဟာ
ခက်ခဲရာကာလ ခုနှစ်နှစ်ကို ဖြတ်ခဲ့ပြီ။ တိုးပွါး ရင့်ကျက်လာပြီ။
အထင်သေးခံရတာတွေလည်း နည်းလာပြီ။ သူဟောတဲ့တရားက စစ်မှန်တယ်။ ကျမ်းစာနဲ့ညီတယ်လို့
လူတွေ တဖြည်းဖြည်းသဘောပေါက်လာပြီ။ ဆေးသမားတွေ အံ့ဩဘွယ်ရာ ပြောင်းလဲလာတာကလည်း
ငြင်းမရတဲ့အချက်ပဲ။ အယူသည်းဂိုဏ်းလို့ အရင်က ကဲ့ရဲ့ပြစ်တင်ခဲ့တဲ့ အသင်းတော်တွေလည်း
သဘောကျစ၊ ကူညီစပြုလာတယ်။
ဒီလိုသဘောထားပြောင်းလဲတာဟာ
MYC အတွက်
ကောင်းကြီးတခုဖြစ်တယ်။ အနီးအနား ယုံကြည်သူတွေက ငွေကြေး၊ ဆန်၊ ဆီ၊
ဟင်းသီးဟင်းရွက်စသဖြင့် တတ်နိုင်သမျှ နည်းနည်းစီ ပေးလှူ ကူညီလာကြတယ်။
စေတနာကောင်းတဲ့သူတယောက်ကတော့ နေ့တိုင်း အာလူး လာလှူတယ်။ တချို့က MYC ကိုရောက်စ
အင်္ကျီမပါတဲ့
ဆေးသမားတွေအတွက် အဝတ်အထည်ဟောင်းတွေ ယူလာတယ်။ ကူညီချင်သူ တချို့ကလည်း ဒေါ်ကေသီကို
ထမင်းကူချက်ပေးကြတယ်။ အံ့ဩစရာကောင်းတာက MYC မှာ လူများလာပေမယ့်
ဘုရားက ဆက်ကျွေးနေတာပါပဲ။
တိုးတက်သမျှအတွက်
ဆရာဦးဒေးဗစ် ဝမ်းမြောက်နေတယ်။ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ပြီးတဲ့ နောက်မှာတော့
“တရားဟောဆရာယောင်ဆောင်တဲ့ ဆေးသမား လမ်းသရဲ” လို့ အရင်က ပစ်ပယ်သူတွေရဲ့ အမြင်ကို
ဘုရားသခင်က ကြည်လင်စေခဲ့ပြီဆိုတာ သိလိုက်ရပြီ။
“နှစ်ပေါင်းများစွာ
စိုက်ပျိုးခဲ့ပြီ။ နောက်ဆုံးတော့ ဘုရားသခင် ကောင်းမြတ်လို့ နည်းနည်းလောက် စပြီး
ရိတ်သိမ်းရပြီ” လို့ ကေသီကို ပြောလိုက်တယ်။ ဆေးသမားတွေက အခု
ကျမ်းစာကျောင်းတက်နေပြီ။ ဓမ္မတေးလည်း အောင်မြင်တယ်။ မိဘမဲ့ကလေးတွေလည်း
သခင်ယေရှုကို သိလာပြီး၊
အခု ကျောင်းနေကြပြီ။
ရူးကြောင်ကြောင်အသင်းတော် အပေါ်မှာ ဘုရားလက်တော် ရှိနေတာကို ပြည်တွင်း
ခရစ်ယာန် အသိုင်းအဝိုင်းက သတိပြုမိလာပြီ။ ဒါတွေအားလုံးဟာ ဆရာဦးဒေးဗစ်
နှစ်သက်မြတ်နိုးတဲ့ အသီးအပွင့်တွေပါပဲ။
ဒါပေမယ့်
ဆရာဦးဒေးဗစ်အတွက် ထိုင်ပြီးနားနေဖို့ အချိန်မရှိဘူး။ လုပ်စရာ အလုပ်တွေ အများကြီး
ရှိနေတယ်။ အားအင်သစ်နဲ့အတူ MYC ကို နောက်တဆင့်ဖြစ်တဲ့ ဧဝံဂေလိနဲ့ အသက်တာ တည်ဆောက်ခြင်းအတွက်
မျက်နှာမူလိုက်တယ်။ သူ့မှာလိုတာက စိတ်ရင်းကောင်းတဲ့ လူတချို့လိုတယ်။ သစ္စာရှိမယ်။
ယုံကြည်ရတယ်။ တည်ကြည် ခိုင်ခံ့တယ်။ ဘုရားပေးတဲ့ ရူပါရုံကို ပြီးပြည့်စုံအောင်
ကူညီမယ့်သူတွေပေါ့။
ဘုရားသခင်က အံ့ဩစရာပါ။ ဆရာဦးဒေးဗစ်အတွက်
အနာဂတ်ခေါင်းဆောင်တွေကို ရွေးပေးလိုက်တယ်။
No comments:
Post a Comment