Never Say Die |
အခန်း
၈ခက်ခဲရာကာလ
၇ နှစ် (၂)The Seven Lean
Years (II)(၁၉၇၉-
၁၉၈၁)
“အမေရိကားဆိုတာ
နေဖို့ သိပ်ကောင်းတဲ့ နေရာပဲ” လို့ အမေရိကန်ပြည် ရောက်တာနဲ့ တပြိုင်နက် ဆရာဒေးဗစ်
သဘောပေါက်သွားတယ်။ “မြန်မာပြည်ကလူတွေ အမေရိကား ရောက်ချင်တာလည်း မပြောနဲ့။ လွတ်လပ်တယ်၊
အခွင့်အလန်းရှိတယ်၊ ချမ်းသာခွင့်ရှိတယ် ဆိုတဲ့ တိုင်းပြည်ပဲ။” လူကုံတန် မိသားစုမှာ
ကြီးပြင်းလာရတော့ ချမ်းသာတာက သူ့အတွက် အထူးအဆန်း မဟုတ်ပေမယ့် အမေရိကားရဲ့
လူနေမှုအဆင့်အတန်းကိုတော့ စိတ်ထဲ ထိထိတွေ့တွေ့ဖြစ်မိတယ်။ အဲဒီအပြင်
ဧဝံဂေလိစိတ်ဓါတ်ရှိတဲ့ အသင်းတော်တွေ၊ လုပ်ငန်းတွေကလည်း ဒေသတိုင်းလိုလိုမှာ
အများကြီး ရှိနေတော့ စိတ်ထဲအတော် ကြည်နူးမိတယ်။ မြန်မာပြည်မှာတော့ သူ့ကို
ခပ်ကြောင်ကြောင် ဘာသာရေးသမားလို့ သဘောထားကြတာ။ ဒါပေမယ့် ဒီအမေရိကားမှာတော့ သူဟာ
ထောင်သောင်းချီတဲ့ born-again ခရစ်ယာန်
ဆရာတွေထဲက တယောက်ပေါ့။
ရက်အတော်ကြာတော့
ဆွေမျိုးတွေ ကောင်းမှုနဲ့ U.S green card ရလာတယ်။
လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မျက်စိမှတ်ပြီး ဘုရားသခင်ကို ကျေးဇူးစကား
ဆိုမိတယ်။ “ကဲ- ကေသီနဲ့ ကလေးတွေကို အမေရိကားကို ခေါ်လိုက်လို့ ရပြီ။ ဘဝရှေ့ရေး
ရင်အေးရမယ်။ မိသားစုအတွက်ရော၊ အမှုတော်အတွက်ပါ ခက်ခဲရာကာလဆိုတာ မရှိတော့ဘူး။ ငါ
အလုပ်ကြိုးစား လုပ်မယ်။
ယုံကြည်စ ဆေးသမားတွေကို ကူညီဖို့ မြန်မာပြည်ကို ပိုက်ဆံတွေ အများကြီး
ပြန်ပို့မယ်။”
ဒါပေမယ့်
အမေရိကားမှာ အနေကြာလာလေလေ၊ သူ့စိတ်က မငြိမ်လေလေ ဖြစ်လာတယ်။ ဘုရားသခင်က မောရှေကို
နန်းတော်ထဲမှာ အေးအေးဆေးဆေး နေမလား? သို့မဟုတ်၊
သူ့လူမျိုးနဲ့အတူ တောထဲမှာ အဆင်းရဲခံမလား? လို့
စုံစမ်းသလို သူ့ကို စစ်ဆေးနေတယ်ဆိုတာ ရိပ်မိလာတယ်။ ကိုယ့်တိုင်းပြည်က ပျက်စီးနေတဲ့
လူတွေအကြောင်း တွေးမိတဲ့အခါ ဘုရားက မြန်မာပြည်အတွက် ငွေပို့ပေးဖို့
တောင်းဆိုနေတာမဟုတ်ဘူး။ ဒီထက်တန်ဖိုးကြီးတဲ့ သူ့အသက်၊ သူ့ဘဝကို တောင်းဆိုနေတာကို
သိလိုက်ရတယ်။
ဆရာဒေးဗစ်
ဝန်ခံလိုက်တယ်။ “ဘုရားသခင်၊ ကျွန်တော် ကောင်းစားချင်လို့ ဒီနိုင်ငံကို လာတာပါ။
ဒါပေမယ့် ဒီလမ်းကို ဆီးတားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့ တိုင်းပြည်ကို
ကျွန်တော်ပြန်မယ်။ အရူးလို့ ပြောချင် ပြောကြပါစေ။ သူများမလုပ်ချင်တဲ့ အလုပ်တွေ
ကျွန်တော် လုပ်ပါမယ်။” ဒါနဲ့ ၆ လကြာတဲ့အခါ သူ့ရဲ့ green card ကို
ပြန်အပ်ပြီး၊ မြန်မာပြည်ကို ပြန်လာခဲ့တယ်။ အမျိုးတွေကတော့ အံ့ဩလို့။
ဒါပေမယ့်
အမေရိကားသွားတာ အကျိုးတော့ မမဲ့ဘူး။ မပြန်ခင်မှာ Virginia ပြည်နယ်၊ Lynchburg
မြို့မှာရှိတဲ့ Liberty တက္ကသိုလ်ကို
သွားလည်ခဲ့တယ်။ အဲဒီမှာ သမ္မာကျမ်းစာလေ့လာတဲ့ စာအုပ်တွေ၊ ဘာသာပြန်စရာ စာပေးစာယူ
သင်ခန်းစာတွေ အများကြီး ရလိုက်တယ်။ ရလာတဲ့ စာအုပ်တွေက MYC ရဲ့
ကျမ်းစာသင်ကြားမှုတွေကို အတော် အထောက်အကူ ဖြစ်စေတာတွေ့ရတယ်။ စာပေးစာယူ
သင်ခန်းစာတွေကလည်း တကယ့် ကောင်းချီးမင်္ဂလာပါပဲ။ စိတ်ဝင်စားသူတွေကို အခမဲ့
သင်ပေးနိုင်ခဲ့တယ်။
Virginia ပြည်နယ်၊ Charlottesville မြို့မှာ
ရှိတဲ့ Christian Aid Mission ကိုလည်း
သွားလည်ခဲ့တယ်။ အဖွဲ့ရဲ့ ပြည်ပဒါရိုက်တာ Carl Gordon နဲ့ တွေ့ခဲ့တယ်။ တသက်တာ
မိတ်ဆွေ ဖြစ်သွားပြီး၊
သိပ်တန်ဖိုးရှိတဲ့ မိတ်ဆွေရင်းလည်း ဖြစ်တယ်။ ဆရာဒေးဗစ်ရဲ့ သက်သေခံ ပြောပြချက်ကို
ထိတွေ့တဲ့အတွက် Christian Aid က MYC ကို
လစဉ် ဒေါ်လာ ၁၀၀ ကူညီတယ်။ ဒါဟာ ပထမဆုံး ပြည်ပအကူအညီဖြစ်ပြီးတော့
ဘုရားကောင်းချီးပေးနေတာကို မြင်သာစေတဲ့ အချက်လည်း ဖြစ်တယ်။
အမေရိကားက ပြန်ရောက်ပြီးနောက်
ဆရာဒေးဗစ်ဟာ မြန်မာပြည် မြောက်ပိုင်းက ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို
ခရီးထွက်ခဲ့တယ်။ ဒီခရီးရဲ့ ထူးခြားချက်ကတော့ ရန်ကုန်အပြန်မှာ ကချင် မူးယစ်ဆေးသမား
၁၉ ယောက် ပါလာတယ်။ သူတို့အထဲက ၁၆ ယောက်က ပြန်လဲပေမယ့် သုံးယောက်ကတော့ ဘုရားဖက်မှာ
သစ္စာရှိစွာ ရပ်တည်ခဲ့ကြတယ်။
သူတို့
သုံးယောက်ထဲက တယောက်ကတော့ ဇော်နော်ဆိုတဲ့ လူငယ်ကလေးပါ။ သူက ဆရာဒေးဗစ်ရဲ့
တရားဟောပွဲကို လာနားထောင်တယ်။ တရားပွဲအပြီးမှာ သူ့အဖေက ဆရာဒေးဗစ်ကို အိမ်မှာ
တည်းခိုဖို့ ခေါ်တယ်။
သူ့သား ဇော်နော်က ဆေးဖြတ်ဖို့ အရမ်းကြိုးစားနေပေမယ့် မပြတ်နိုင်ဘူး ဖြစ်နေတယ်။
ရန်ကုန်ကို ခေါ်သွားပေးနိုင်မလား၊ ဆေးဖြတ်ပေးနိုင်မလားလို့ ဆိုတယ်။
ဆရာဒေးဗစ်က
ကောင်လေးကို “မင်း အခုကစပြီး ဆေးတကယ်ဖြတ်ချင်ရင်၊ ရန်ကုန်ကို ခေါ်မယ်။ ငါ
ဒီမှာရှိတုန်း မင်း ဆေးပြန်ချရင်တော့ မလိုက်တော့နဲ့။” လို့ ပြောထားတယ်။
နောက်တနေ့ မနက်
ဝေလီဝေလင်းမှာ အညောင်းအညာဆန့်ဖို့ အိမ်ပြင်ထွက်လိုက်တယ်။ ရုတ်တရက် ခြေသံကြားလို့
ကြည့်လိုက်တော့ – ဇော်နော်။ တခြားသူတွေ အိပ်တုန်း မူးယစ်ဆေးသုံးဖို့
အိမ်ပြင်ထွက်လာတာ။ ကောင်လေးက ဆေးထိုးအပ်ကို သစ်ပင်ထဲက ဆွဲထုတ်ပြီး၊ လက်မောင်းမှာ
သွေးကြောရှာနေပြီ။ တိတ်တိတ်ကလေး စောင့်ကြည့်ရင်း ဇော်နော်ရဲ့ မျက်လုံးတွေ
မှိတ်သွားတာ တွေ့လိုက်ရတယ်။ ဆေးအရှိန်တက်နေပြီ။
ဆရာဒေးဗစ်က
မှောင်ရိပ်က ထွက်ပြီး သူ့ကို သွားတွေ့လိုက်တယ်။ “ဘယ်လိုဖြစ်တာလဲကွ၊ မင်း
မျက်လုံးတွေ မှိတ်လို့ပါလား။”
လူမိသွားတဲ့
ဇော်နော်ဟာ ကဗျာကယာနဲ့ “ဆရာရေ… ကျွန်တော်တို့ ကချင်တွေက မျက်စိမှေးတယ် မဟုတ်လား။
ဒါကြောင့် ကျွန်တော့မျက်စိလည်း မှိတ်ထားတယ် ထင်ရတာ။” လို့ လက်ချောင်းတွေနဲ့
မျက်လုံးကို အတင်းဖွင့်ဖို့ ကြိုးစားရင်း စကား အထစ်ထစ် အငေါ့ငေါ့နဲ့ ဆိုတယ်။
နောက်တော့ ဇော်နော်က တောင်းပန်ပြီး၊
နောက်ထပ်တခါ အခွင့်အရေး ပေးဖို့ အသနားခံတယ်။ သနားတတ်တဲ့ ဆရာဒေးဗစ်က
လက်ခံလိုက်ပါတယ်။ ဇော်နော်ဟာ သူ့လို တခြားဆေးသမား ၁၈ ယောက်နဲ့အတူ ရန်ကုန်အထိ
ခရီးဝေးကို လိုက်ပါလာတယ်။ MYC ရောက်ပြီး၊ သခင်ဘုရားကို လက်ခံသည်သာမက၊
အိမ်ထောင်ကျပြီး သားသမီး ၄ ယောက် ထွန်းကားတယ်။ နောက်တော့ MYC ရဲ့
ဆေးဖြတ်သင်တန်းမှာ ဆရာတယောက် ဖြစ်လာတယ်။
ရုတ်တရက် လူ ၂၀
လောက် စုပြုံရောက်လာတော့ အတူနေလူက ၂၀ ကနေ ၄၀ ဖြစ်သွားတယ်။ နဂိုကမှ ခက်ခဲနေတဲ့ MYC
ဟာ ပိုကြပ်တည်းလာတယ်။ မနက်ဆို ဒေါ်ကေသီက လူငယ်လေးတွေနဲ့
ဈေးကိုသွားပြီး ဟင်းသီးဟင်းရွက် တောင်းရတယ်။ အများအားဖြင့် ဈေးပေါတဲ့
ကန်စွန်းရွက်နဲ့ ဂေါ်ဖီထုပ်
တခြမ်းပုပ်တွေ ရတတ်တယ်။ နေ့တိုင်းလိုလို ဟင်းရွက် ရေလုံပြုတ်ကို အရသာပေါ်အောင်
ဆားခပ်ပြီး ဟင်းလုပ်ရတယ်။ အသားဟင်းကတော့ သူဌေးစာဆိုတော့ ဈေးပေါတဲ့
အမဲအရွတ်ကို တပတ်တခါ စားရတယ်။ တခါတလေတော့ စေတနာထားသူတွေ၊ ဆေးသမားတွေရဲ့
ဆွေမျိုးတွေက စားစရာတွေ ယူလာပေးတတ်တယ်။
တခါတလေမှာတော့ ဆန်က
မရှိ။ ဝယ်ဖို့ ငွေလည်း မရှိ။
အခြေအနေကို ဘယ်သူ့ကိုမှ ပြောပြမနေဘဲ ဆရာဒေးဗစ်က အစာရှောင် ဆုတောင်းရာနေ့လို့
ကြေညာလိုက်တယ်။ တခါတလေတော့ အဲဒီလိုနေ့မျိုးမှာ ဘုရားသခင်က သနားတတ်တဲ့ စေတမန်ကို MYC အရောက်
လွှတ်လိုက်ပါတယ်။ အစားအသောက်တွေ ယူလာတာပေါ့။ တချို့နေ့တွေမှာတော့ ဆရာဒေးဗစ်က MYC ရှေ့မှာ
ဒီညနေ ခရစ်ယာန် ရုပ်ရှင်ပြမယ်လို့ ကြော်ညာစာ ရေးလိုက်တယ်။ ငှါးလာတဲ့ T.V ခပ်သေးသေးကို
သုံးပြီး ရုံဝင်ခ တယောက် ၂ ကျပ်၊ ၃ ကျပ်လောက် ကောက်တတ်တယ်။ T.V ငှါးခပေးပြီးလို့
ပိုတဲ့ ငွေနဲ့ ညစာ ဝယ်၊ ချက်ရတယ်။ အံ့ဩစရာကောင်းတာကတော့ ဒေါ်ကေသီရဲ့ မီးဖိုဟာ
မချက်ခဲ့ရတဲ့နေ့ရယ်လို့ မရှိခဲ့တာပါပဲ။ ဘုရားဘုန်းတန်ခိုးတော်ကြောင့်ပါ။
စုပြုံရောက်လာတဲ့
ဆေးသမားတွေကြောင့် ဆရာဒေးဗစ်ရဲ့ မိသားစုအတွက်လည်း ကန့်သတ်မှုတွေ အတော်ဖြစ်လာတယ်။
နေစရာမရှိတော့ ကလေးတွေက ဆေးသမား၊ အရက်သမားတွေနဲ့ အတူနေရတယ်။ တခါတရံ ဆေးသမားတွေ
ဆေးဖြတ်တဲ့ဒဏ် အလူးအလဲ ခံနေရချိန်မှာ မထိန်းနိုင်တော့ဘဲ အိမ်အနှံ့ ချေး၊ သေးတွေ
ပေကျံနေတတ်တယ်။ တခါတလေ မိသားစုပိုင် ပစ္စည်းတွေကို ခိုးရောင်းတတ်တယ်။
အမ်ပလီဖိုင်ယာ၊ နာရီ၊ ဂစ်တာ၊ ကစားစရာတွေအပြင် ဆရာရဲ့ ဂျာကင်အင်္ကျီကိုပင် အရက်သောက်ဖို့
ခိုးခဲ့ဖူးတယ်။ တခါတော့ အိမ်က စက်ဘီး သေးသေးလေးကို ဆိုက်ကားပေါ်တင်ပြီး
အတင်းစီးပြေး၊ ရောင်းစားဖို့ကြိုးစားတဲ့ ဆေးသမားတယောက်ကို ဆရာ့သားက
စောင့်ဖမ်းခဲ့ရဖူးတယ်။ ဒီအထဲမှာ စိတ်ပျက်စရာ အကောင်းဆုံးကတော့ အရက်သမားတယောက်က
သူရတာ နည်းလို့ဆိုပြီး အစားအသောက် ဝေပေးနေတဲ့ ဒေါ်ကေသီရဲ့ မျက်နှာကို
ထိုးကြိတ်ခဲ့တဲ့ ဖြစ်ရပ်ပါပဲ။
ဒီလိုတွေ
ဖြစ်နေတဲ့အခါ တခြားသူတွေကို ကူညီဖို့ တံခါး ကျယ်ကျယ်ဖွင့်ရင်း ကိုယ့်မိသားစုကို
ဒုက္ခပေးသလိုများ ဖြစ်နေပြီလားလို့ တွေးမိလာတယ်။ သူများတွေ ပြောသလို ရူးများနေသလား?
ဒီအလုပ်တွေ ရပ်လိုက်ရတော့မလား? “သားသမီးတွေက
အသားဟင်းလည်း မစားရတော့ဘူး။ ဒီဆေးသမား၊ အရက်သမားတွေ ဒီမှာမရှိရင် ကလေးတွေက
ကောင်းကောင်း စားသောက်ရမှာပဲ။ အခုတော့ အိမ်အနှံ့ ချေးပါတဲ့သူ၊ ကစားစရာအရုပ်
ရောင်းစားပစ်တဲ့သူတွေနဲ့ အတူနေရတယ်။ ငါ့အမျိုးသမီးလည်း နေ့တိုင်း ဟင်းသီးဟင်းရွက်
တောင်းရမ်းပြီး၊ ပူလောင်တဲ့ မီးဖိုချောင်ထဲမှာ တနေကုန် ချက်ပြုတ်ရရှာတယ်။ သူကျွေးမွေးပြုစုနေတဲ့
အရက်သမား ရိုက်တာလည်း ခံရသေးတယ်။ ငါတော့ လမ်းလွဲနေပြီနဲ့ တူတယ်။”
ဒီအခြေအနေတွေ
ကြားထဲမှာ စာတန်က သူ့ခေါင်းထဲကို အတွေးတွေ ထည့်နေပြီဆိုတာ ဆရာဒေးဗစ် ရိပ်မိတယ်။
“အဲဒီတော့ ဘာဖြစ်လဲ?” လို့ ပြန်မေးချင်လာတယ်။
သူ့ကို ဘုရားသခင် မကယ်ခင်က သူလည်း ဒီလို ဆိုးဆိုးဝါးဝါး သူ့မိသားစုအပေါ်
ဆိုးခဲ့ဖူးတာပဲ။
“သူတို့က
ဆေးသမား၊ အရက်သမားတွေပဲ။ ဆေးသမား၊ အရက်သမားလိုပဲ ပြုမူမှာပေါ့။ သူတို့ထဲက အရက်တွေ၊
ဆေးတွေ ထွက်သွားပြီး၊ သခင်ယေရှု ဝင်လာတဲ့အခါ သူတို့ ပြောင်းလဲလိမ့်မယ်။ သခင်ယေရှုက
ငါ့ကိုတောင် ပြောင်းလဲအောင် လုပ်နိုင်ရင် ဒီလူတွေကိုလည်း ပြောင်းလဲအောင်
လုပ်နိုင်ပါတယ်။” လို့ မိသားစုကို အားပေးရတယ်။
မိသားစုကို
နှစ်သိမ့်ပြီးတဲ့အခါ တိတ်တိတ်ကလေး ဆုတောင်းမိတယ်။ “ဘုရားသခင်၊ သိပ်တော့ မလွယ်ဘူး။ ဒါပေမယ့်
ကျွန်တော့ဂတိအတိုင်း ဘယ်သူမှ မလုပ်ချင်တဲ့အလုပ်ကို ကျွန်တော် ဆက်လုပ်ပါမယ်။”
ဆရာဦးဒေးဗစ်နဲ့
ဒေါ်ကေသီတို့က ဆေးသမားတွေကို သားသမီးအရင်းလို သဘောထားတယ်။ အားလုံးက ဆရာဦးဒေးဗစ်ကို
“ပါပါး”၊ ဒေါ်ကေသီကို “မာမား” လို့ ခေါ်ကြတယ်။ အခက်အခဲတွေ ကြားမှာ ရုန်းကန်ရင်း သားရင်းသမီးရင်းတွေအတွက်
စဉ်းစားမပေးနိုင်ဘဲ၊ ဆေးပြတ်၊ အရက်ပြတ် သွားတဲ့သူတွေအတွက် စဉ်းစားနေရတယ်။
မိသားစုအကြီးကြီးရဲ့ အိမ်ထောင်ဦးစီး ဖခင်တယောက် အနေနဲ့ ဆရာဦးဒေးဗစ်ရဲ့
ပုခုံးပေါ်မှာ တာဝန်ဝတ္တရားတွေ အများကြီးရှိနေတယ်။ တခါတရံမှာတော့ စိတ်ထဲ တအား
ခံစားရတယ်။ “မိသားစုကို ပြုစုကျွေးမွေးရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီတာဝန်တွေကို
ကျွန်တော် တယောက်တည်း မတတ်နိုင်ပါဘူး။ ကိုယ်တော် မ,စတော်မူပါ။”
ဆေးသမားတွေကို
ဂရုစိုက်ရတာဟာ တကယ်မလွယ်တဲ့အလုပ်ပါ။ ဘာသင်တန်းမှ တက်ထားတာလည်း မရှိ။ အရင်
မှားဖူးတဲ့အမှားတွေကို သင်ခန်းစာယူပြီး၊ ဆုတောင်းပြီးတော့ပဲ ဆေးဖြတ်ပေးရတယ်။
သင်ရိုးစာအုပ်ကောင်းကောင်း မရှိတုန်းကဆိုရင် သခင်ယေရှုကို လက်ခံပြီးသူတွေကိုသာ
လက်ခံတယ်။ သခင်ယေရှုမပါရင် ပြောင်းလဲဖို့က မြော်လင့်ချက်နည်းနည်းပဲ ရှိတယ်ဆိုတာ
သူသိတယ်။ ဒါတောင် MYC မှာနေတဲ့သူ
တဝက်လောက်က အရင်လမ်းဟောင်းအတိုင်း ဆေးပြန်စွဲကြတယ်။ ဖြတ်နည်းအမျိုးမျိုးကို
စမ်းသပ်လေ့လာရင်း နောက်ဆုံးတွေ့ရတာက “ကျမ်းစာလေ့လာပါ၊ ကျမ်းစာလေ့လာပါ။” ကျမ်းစာ
များများ လေ့လာတာ အကောင်းဆုံးဆိုတာ သိလာရတယ်။
ဆရာဦးဒေးဗစ်နဲ့
သူ့ရဲ့ ဆေးပြတ်ပြီး ဆရာပြန်ဖြစ်နေသူတွေက ဆေးသမားတွေကို မနက်တခါ၊ ညနေတခါ၊ တနေ့ ၂
ခါ ကျမ်းစာသင်ပေးကြတယ်။ နေ့လည်ခင်းဖက် ဆရာတွေက နောက်သင်ခန်းစာအတွက်
ပြင်ဆင်နေချိန်မှာ သင်တန်းသားတွေက သန့်ရှင်းရေး လုပ်ကြရတယ်။ ဆရာတွေကိုယ်တိုင်က
ကျောင်းဆင်းတွေ မဟုတ်ကြတော့ အားလပ်ချိန်တွေမှာ ကိုယ့်သင်ခန်းစာ ကိုယ်ပြင်ကြရတယ်။
လူကို
ပြောင်းလဲဖို့ရာ သန့်ရှင်းသော ဝိညာဉ်တော်က ဘုရားစကားတော်အားဖြင့်သာ
အလုပ်လုပ်တာကြောင့် သင်တန်းသားတိုင်း ကျမ်းစာပိုဒ်တွေ အလွှတ်ကျက်ကြရတယ်။ “ကျမ်းစာ
မကျက်ရင် ထမင်းမစားနဲ့။ ကတုံးပါ တုံးပစ်မယ်။” လို့ ဆရာဦးဒေးဗစ်က သတိပေးထားတယ်။
ခြောက်တာ မဟုတ်ဘူးနော်။ ထမင်း တခါ၊ နှစ်ခါလောက်
ငတ်ဖူးတဲ့အခါ သင်တန်းသားတွေ ကျမ်းစာကို အထစ်အငေါ့မရှိရအောင် တကယ်ကျက်လာကြတယ်။
ပြီးတော့ ကတုံးတုံး ခံရတာလည်း
ရှက်စရာ ဆိုတော့
တနင်္ဂနွေနေ့ ဘုရားကျောင်းလာတက်တဲ့ မိန်းကလေးတွေရှေ့မှာ အရှက်မကွဲအောင် ဦးထုပ် ဆောင်းထားကြရတယ်။
ဒါမျိုးဆို ဆရာဦးဒေးဗစ်က မိန်းကလေးတွေ ခိုးခိုးခစ်ခစ် ဝိုင်းရီအောင် ဦးထုပ်ကို
ဆတ်ကနဲ ဆွဲချွတ်ပစ်လေ့ရှိတယ်။
ကျမ်းစာသင်၊
ကျမ်းစာကျက်ရတဲ့အပြင် သင်တန်းသားတွေဟာ ဆုတောင်းစည်းဝေး ပုံမှန်တက်ပြီး၊ ဧဝံဂေလိ
ခရီးတွေမှာ ပါဝင်ရလေ့ရှိတယ်။ လက်တွေ့ လမ်းဘေးမှာ သွားရောက် ဟောပြောခြင်းဟာ
ကိုယ့်ရဲ့ ယုံကြည်မှုကို ပိုခိုင်မာစေတယ်ဆိုတာကို ဆရာဦးဒေးဗစ်က သူ့အတွေ့အကြုံအရ သိထားတယ်။ ကိုယ့်အပေါ်ပြုတဲ့
ဘုရားလက်ရာအကြောင်းကို ပြန်သက်သေခံခြင်းဟာ ဆေးသမားတွေကို ယုံကြည်ခြင်း
တိုးလာစေတယ်။
MYC ကို စနစ်တကျဖြစ်စေဖို့
ဘယ်လို စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ထားရမယ်ဆိုတာကို ဆရာဦးဒေးဗစ်က သူ့အတွေ့အကြုံအရ သိထားတယ်။
အစပိုင်းမှာဆို သင်တန်းသားတွေက ညဆို လစ်ထွက်တတ်ပြီး၊ မနက်စောစော ပြန်လာတတ်တယ်။
တချို့က ခြံထဲကို ဆေးလိပ် ခိုးသွင်းပြီး၊ လူမမြင်အောင် မန်ကျည်းပင်ကြီးပေါ်
တက်ပြီး ခိုးသောက်ကြတယ်။ ဒီတော့ ဆရာဦးဒေးဗစ်က မန်ကျည်းပင်ကြီးကို
ခုတ်ပစ်လိုက်ပြီး၊ စည်းကမ်း ထုတ်လိုက်တယ်။ (၁) မူးယစ်ဆေး မသုံးရ။ (၂) အရက်မသောက်ရ။
(၃) ဆေးလိပ် မသောက်ရ။ (၄) ဆရာတွေ မသိဘဲ ဆေးမသောက်ရ။ (၅) ရန်မဖြစ်ရ။ (၆) ကျား/မ
အရှုပ်အထွေး မရှိရ။
ပထမအကြိမ်
စည်းကမ်းဖေါက်ရင်
ကတုံးတုံးခံရတယ်။ ဒုတိယအကြိမ်ဆိုရင် ကျောင်းထုတ်တယ်။ ဒါပေမယ့် ဆရာဦးဒေးဗစ်က
သနားတတ်တော့ အစစ်အမှန် နောင်တရဖို့ အခွင့်အရေး ပေးလေ့ရှိပါတယ်။
MYC ရဲ့
ဖြတ်နည်းအသစ်က အဆင်ပြေလာတော့ အရက်၊ဆေးလိပ်နဲ့ မူးယစ်ဆေး ဆိုတာ ချက်ချင်းဖြတ်လို့
မရဘူးလို့ ထင်သူတွေပင်လျှင် အံ့အားသင့်လာကြတယ်။ MYC က
သူရဲ့ ကျမ်းစာ သင်ခန်းစာတွေကို ပိုကောင်းအောင် ပြင်လာတယ်။ သိပ်အဆင်မပြေတဲ့
နည်းတွေကို မသုံးဘူး။ အောင်မြင်မှု ရာနှုန်း တက်လာတော့ အပြင်လူတွေ
သတိပြုမိလာကြတယ်။
ဝိုင်းဝန်း
ပြစ်တင်ဝေဖန်မှုတွေ ခံရသလို၊ ပင်ပင်ပန်းပန်း ရုန်းကန်ရ၊ စွန့်လွှတ်
အနစ်နာခံခဲ့ရတဲ့ ခက်ခဲရာကာလ ၇
နှစ် အပြီးမှာတော့ ထိုးဖေါက်အောင်မြင်လာဖို့ ဆရာဦးဒေးဗစ် အသင့်ရှိနေပါပြီ။
အရှုံးပေး၊ လက်လျှော့ရတာကို မကြိုက်တာနဲ့အမျှ၊ သူ့ဘဝမှာ “quit” “ရပ်လိုက်ရတယ်”
ဆိုတဲ့စကားကို မသုံးခဲ့ဘူး။ ဒါပေမယ့် ဘုရားသခင်ရဲ့ အားပေး မ,စခြင်း ရမှဖြစ်မယ်လို့တော့ စိတ်ဝိညာဉ်မှာ ခံစားမိနေတယ်။
“ဘယ်သူမှ
မလုပ်ချင်တဲ့ ဒီအလုပ်ကို ကျွန်တော် ဆက်လုပ်ပါမယ်။ ဒါပေမယ့် လမ်းခရီးတလျှောက်မှာ
ကျွန်တော်ကို တွန်းအားပေးဖို့တော့ မမေ့ပါနဲ့ ကိုယ်တော်။”
အဲဒီဆုတောင်းက
မကြာခင်မှာပဲ ထူးထူးခြားခြား ပြည့်စုံလာပါလိမ့်မယ်။
No comments:
Post a Comment