Never Say Die |
အခန်း
၇ခက်ခဲရာကာလ
၇ နှစ် (၁)The Seven Lean Years (I)(၁၉၇၆-
၁၉၇၉)
နွေးထွေးတဲ့
ပင်လယ်လေညှင်းက မျက်နှာကို တို့ထိ တိုက်ခတ်လာတဲ့အတွက် အပန်းပြေလာတယ်။
ကိုကိုးကျွန်းရဲ့ ကမ်းခြေ ကျောက်တုံးကြီးပေါ်မှာ ထိုင်ရင်း၊ ကျမ်းစာသင်တန်း
နားချိန်လေးအတွင်း ဆရာဒေးဗစ် သမ္မာကျမ်းစာ ဖတ်နေတယ်။ စည်းချက်ကျတဲ့
လှိုင်းခတ်သံကြောင့် စိတ်အပန်းဖြေရင်း အိပ်ပျော်သွားတော့တယ်။
အိပ်မောကျရင်း
အံဩစရာကောင်းတဲ့ အိပ်မက်ကို မြင်တယ်။ အိပ်မက်ထဲမှာ ခေတ်ပေါ် ဓမ္မတေး သီချင်းတွေကို
ဂစ်တာတီးပြီး၊ တီးဝိုင်းနဲ့ သီချင်းဆိုနေတယ်။ ဆရာဒေးဗစ်နဲ့ သူ့မိတ်ဆွေတွေရဲ့
ဖျော်ဖြေပွဲကို လူထောင်ချီပြီး နားထောင်နေကြတယ်။
အိပ်မက်ကနိုးတော့
စိတ်ရှုပ်သွားတယ်။ ဘာဆိုလိုပါလိမ့်? အဲဒီအချိန်တုန်းက
ပြည်တွင်းမှာ ဓမ္မသီချင်းစာအုပ်ထဲက သီချင်းတွေပဲ ဆိုလေ့ရှိတယ်။ ခေတ်ပေါ်
ဓမ္မတေးရယ်လို့ မရှိဘူး။ ဂစ်တာတွေ၊ ရော့ခ်တေးဂီတပွဲတွေက ဘုရားအတွက်
အလုပ်လုပ်လို့ရသလား? မဖြစ်နိုင်ဘူး၊ သဘာဝလည်း မကျဘူး။
ဒါကြောင့် ဒီအတွေးကို ဘေးဖယ်ပြီး၊ ကျမ်းစာပဲ ဆက်ဖတ်နေလိုက်တယ်။
၂ လတာ
ကျမ်းစာသင်တန်းပြီးတော့ ရန်ကုန်ကို သင်္ဘောနဲ့ ပြန်ခဲ့တယ်။ ဆိပ်ကမ်းရောက်တော့
အရင်က မမြင်ခဲ့ဖူးတဲ့ လူငယ် သုံးယောက်က သူ့ကို စောင့်ကြိုနေတယ်။
“အန်ကယ်လ်၊
ကျွန်တော်တို့က ခရစ်ယာန် ဂီတသမားတွေပါ။ ဂစ်တာတီးတယ်။ ဒရမ်တီးတယ်။ ဓမ္မတေး တခွေ
ထုတ်ချင်တယ်။ Pop ပုံစံပေါ့။ နှစ်ခုလိုနေတယ်။ သီချင်းကောင်းကောင်းဆိုတတ်တဲ့သူနဲ့
ငွေရေးကြေးရေး ကူညီမယ့်သူပဲ။ အန်ကယ်လ် သီချင်းဆိုတော်တယ်လို့ ကျွန်တော်တို့
ကြားဖူးတယ်။ ဒါကြောင့် အန်ကယ်လ် ပြန်အလာကို စောင့်နေကြတာ။ ကျွန်တော်တို့အဖွဲ့ထဲမှာ
ပါစေချင်တယ်။ ဘယ်လိုလဲ?” လို့ မိတ်ဆက်လာကြတယ်။
အံ့အားသင့်သွားတယ်။
ဒါဟာ ကိုကိုးကျွန်းအိပ်မက်နဲ့ ဆက်စပ်နေသလား? “အေး၊
သီချင်းတော့ ဆိုတယ်လေ။ ကြာပါပြီကွာ။” သူ့စကားက ခပ်လေးလေး ဖြစ်နေတယ်။
“ခေတ်ပေါ်ဓမ္မတေးဆိုတာ ငါ သိပ်မရင်းနှီးဘူးကွ။ ကြားလည်း မကြားဖူးဘူး။ ပြီးတော့
မင်းတို့သိတဲ့အတိုင်း သီချင်းတခွေ ထုတ်ဖို့ဆိုတာ ပိုက်ဆံ အရမ်းကုန်တာ။ ငါ့မှာလည်း
ပိုက်ဆံ သိပ်မရှိတာလည်း ပါတာပေါ့လေ။”
ဒါပေမယ့်
သူတို့ကလည်း စိတ်အားထက်ထန်နေတော့ ဘုရားအလိုတော် ဖြစ်မယ်လို့ သဘောရပြီး၊
အလုပ်တွဲလုပ်ဖို့ သဘောတူလိုက်တယ်။ ဂီတ အစွမ်းအစရှိတဲ့အပြင် ဒီလူငယ်တွေက
သိပ်စွန့်စားချင်နေတယ်။ ဆရာဒေးဗစ်က ဒါကို သဘောကျတယ်။
ပထမဆုံး အသံချဲ့တဲ့
အမ်ပလီဖိုင်ယာတလုံး ဝယ်မယ်။ အခွေထုတ်ဖို့ ငွေအရင်းအနှီး လိုတယ်။ အဖွဲ့သားတွေက
ရှိသမျှ ကိုယ်ပိုင် ပစ္စည်းကလေးတွေ စုပြီး၊ ရောင်းလိုက်ကြတယ်။ ဒါပေမယ့် ပိုက်ဆံက
အများကြီး လိုနေသေးတယ်။
အမြဲတမ်း
စွန့်စားတတ်၊ ထိုးဖေါက် လုပ်ဆောင်တတ်သူဆိုတော့ အိမ်ပြန်ပြီး၊ ပိုနေတဲ့ အဝတ်တွေ
ယူပြီး ရောင်းလိုက်တယ်။ ပြီးမှ မီးဖိုးချောင်ထဲသွားပြီး၊ စင်ပေါ်က အိုးခွက်တွေကို
ယူတယ်။
“ဒါ ဘာလုပ်တာလဲ?”
ကေသီက စိုးရိမ်တကြီး မေးတယ်။
“သီချင်းခွေ
ထုတ်ဖို့ ငွေလိုနေလို့ကွာ” လို့ ရှက်ကိုးရှက်ကန်း ဖြေတယ်။ “ဒီအိုးတွေကို လောလောဆယ်
မသုံးဘူး မဟုတ်လား?”
“ရပါတယ်။
ရောင်းလိုက်ပါ။” ကေသီက ယောက်ျားဖြစ်သူ
စိတ်ထက်သန်နေတာကို မပျက်စေဖို့ သတိထားရင်း နူးညံ့တဲ့အပြုံးနဲ့ ဖြေတယ်။
မူးယစ်ဆေးဝါး ဝယ်ဖို့ ယောက်ျားက
အိမ်ကပစ္စည်းတွေ ယူရောင်းခဲ့တာကို နှစ်အတော်ကြာ မြင်ခဲ့ဖူးပြီပဲ။ အခုကတော့
ဘုရားအတွက် ရောင်းတာပဲ။ စိတ်ထဲကနေ ဘုရားသခင်ကို တိတ်တိတ်ကလေး ကျေးဇူးစကား ဆိုရုံပဲ
ရှိတာပေါ့။ အံ့ဩစရာ ကောင်းလောက်အောင်
ပြောင်းလဲသွားတာကိုး။
ခဏကြာတော့
ပြန်ရောက်လာတယ်။ ပရိဘောဂတချို့ကို ရောင်းဖို့ ကြံတယ်။ “ဒါတွေလည်း ရောင်းမှ
ဖြစ်မယ်ကွာ။ ဒါပေမယ့် ပိုက်ဆံရှိတဲ့အခါ အသစ်ပြန်ဝယ်ပေးမယ်လို့ ငါကတိပေးပါတယ်။”
လို့ ရှင်းပြတယ်။
“ရောင်းလိုက်ပါ။”
ကေသီက အားပေးတယ်။
“ဒီကုလားထိုင်တွေကိုလည်း
ရောင်းလို့ ရလား? မင်း စိတ်ဆိုးမလားဟင်?” လို့ ကုလားထိုင်တွေကို မြှောက်ပြရင်း မေးလာတယ်။
“ရတယ်၊
မဆိုးဘူး။ ကြမ်းပြင်မှာ ဖျာခင်းပြီး၊ ထမင်းစားရင် ရသားပဲ။”
ဒါပေမယ့်လည်း
ပိုက်ဆံက လိုနေတုန်းပဲ။ ဘာလုပ်ရမလဲ? အိမ်မှာရှိတာတွေတော့
ရှာကြံ ရောင်းပြီးပြီ။
တခုပဲ ကျန်တော့တယ်။ ဆရာဒေးဗစ် လက်ထဲက လက်ထပ် လက်စွပ်ကလေး။ တခြား ရောင်းစရာ
ဘာမှမမြင်တော့တဲ့အခါ ဒါလေးပဲ တိုးတိုးတိတ်တိတ် ရောင်းလိုက်မယ်လို့
ဆုံးဖြတ်လိုက်တယ်။ နောက်တော့ လက်ထဲမှာ လက်စွပ်ကလေး မရှိတော့တာကို ကေသီ
ရိပ်မိသွားပြီး၊ မေးလာတယ်။
“သီချင်းခွေအတွက်
ငွေလိုတာနဲ့ ရောင်းလိုက်တယ်ကွာ။ ရွှေလက်စွပ်က မတည်မြဲပါဘူးကွာ။ ဘုရားသခင်အတွက်
လုပ်တဲ့ ငါတို့အလုပ်တွေကသာ တင်ကျန်ခဲ့မှာပါ။”
စကားအဆုံးမှာတော့
ကေသီက သူ့လက်ထဲက နောက်ဆုံးလက်ကျန် ရွှေစကလေးဖြစ်တဲ့ လက်စွပ်ကလေးကို
ချက်ချင်းချွတ်ပြီး၊ ဆရာဒေးဗစ်ရဲ့လက်မှာ စွပ်ပေးလာတယ်။ “ဒါလေး ဝတ်ထားနော်။
နောက်လည်း ဘုရားအလုပ်အတွက် လိုရင် သုံးလိုက်ပါ။” ဒီစကားကြောင့်
အံ့အားသင့်သွားရတယ်။
စွန့်စွန့်စားစား
လုပ်ချင်မိတဲ့အရာတခုအတွက် အိမ်မှာရှိတဲ့ ပစ္စည်းရှိသမျှ တခုပြီးတခု
ထုတ်ရောင်းလိုက်ရတဲ့အတွက် စိတ်ထဲမသက်မသာ ခံစားလိုက်ရပေမယ့် ဘုရားသခင်အတွက်
ကောင်းတာလုပ်တာပဲဆိုတဲ့ စိတ်ငြိမ်သက်မှုကလည်း နက်နက်ရှိုင်းရှိုင်း ခံစားရနေတယ်။
သခင်ယေရှုအတွက် ရှိသမျှ တင်လှူပူဇော် လိုက်ရသလို၊ ကေသီကလည်း နဘေးမှာ
ခိုင်ခိုင်မာမာ ရပ်တည်ပေးနေတဲ့အတွက် စိတ်လှုပ်ရှားရတယ်။ ကြည်နူးရတယ်။
သီချင်းခွေက ၁၉၇၆
မှာ “ဘုရားသခင် သင့်ကိုချစ်၍ အသေခံခဲ့ပြီ။” ဆိုတဲ့ နာမည်နဲ့ MYC ရဲ့
အမှတ်တံဆိပ်သဖွယ် ထွက်လာခဲ့တယ်။ စာသားတွေက ကျမ်းစာသွန်သင်ချက်တွေ အပြည့်၊
တေးဂီတကတော့ ဂစ်တာနဲ့ ဒရမ်အသားပေးထားတဲ့ Country Jazz ပါ။ ဆရာဒေးဗစ်လည်း
ဝင်ဆိုတယ်။ အဲဒီကာလမှာ ဒီသီချင်းခွေက အပြောင်းအလဲ၊ အသစ်အဆန်း တခုကို စ, လိုက်တာပါပဲ။ ပြည်တွင်း ခရစ်ယာန်အသိုင်းအဝိုင်းထဲမှာ ဒါမျိုး
မရှိဖူးသေးဘူး။ (အဲဒီကာလက ဘုရားကျောင်းတွေမှာ ဒရမ် သုံးတာဟာ အတော်ကြောင်တဲ့
အပြုအမူလို့ သဘောထားကြတယ်။)
MYC သီချင်းခွေဟာ
မမြော်လင့်ပဲ၊ ရုတ်တရက် လျင်လျင်မြန်မြန် ပျံ့နှံ့သွားတယ်။ အသင်းတော်တွေ ကြားမှာ တောမီးပမာ
ပျံ့နှံ့သွားတယ်။ ပြည်တွင်းက ခရစ်ယာန် ခေါင်းဆောင်တွေက MYC ဟာ
အယူသည်းဂိုဏ်း တဂိုဏ်း ဖြစ်တဲ့အကြောင်း နောက်ထပ်သက်သေတခုအဖြစ် ဒီသီချင်းခွေကို
ထောက်ပြ စွတ်စွဲလာကြတယ်။ “လမ်းသရဲတွေ၊ ဆေးသမားတွေ အခုတော့ ဒရမ်တီးလာကြပြီ။”
“လမ်းလွဲတဲ့ ဂီတ” လို့ သူတို့ စွတ်စွဲလေလေ၊ လူတွေက နားထောင်ချင်လေလေ ဖြစ်လာတယ်။
ခရစ်ယာန်လူငယ်တွေအတွက် အော်ဂင်၊ ပီယာနိုနဲ့ ဓမ္မသီချင်းတွေ ဆိုနေရာကနေ အသစ်အဆန်း
အပြောင်းအလဲအဖြစ် ဂစ်တာနဲ့ ဒရမ် နေရာယူလာတယ်။
သူ့ကို
ဝေဖန်နေတဲ့သူတွေကို “သခင်ယေရှုက အော်ဂင်ကို သဘောကျပါတယ်။ ဒါပေမယ့် ဒရမ်ကိုလည်း
အပြစ်တင်မယ် မထင်ဘူး။ ဘုရားမပါရင် ကျွန်တော်တို့ အလုပ်လည်း မကြာခင် ရပ်သွားမှာပါ။”
လို့ ဆရာဒေးဗစ် ပြန်ချေလေ့ရှိတယ်။
ဒါပေမယ့်
ဘုရားသခင်က MYC ကို ပိတ်မပြစ်ခဲ့ဘူး။ မပိတ်တဲ့အပြင်၊ ပိုကြီးထွားလာတယ်။ သူ့အလုပ်ကို country jazz တေးဂီတနဲ့
တွဲလိုက်တော့ ခြံထဲက မန်ကျည်းပင်ကြီးအောက်မှာ လူ ၅၀ လောက် စုမိတတ်ရာကနေ ၆ ဆ
ခုန်တက်သွားပြီး၊ တနင်္ဂနွေနေ့ ဘုရားရှိခိုးရင် လူ ၃၀၀ လောက် ရှိလာတယ်။
စနေနေ့တွေမှာတော့ “Sing Song” Service“
ကို ဂစ်တာတွေ၊ ဒရမ်တွေ တီးပြီး ဦးဆောင်တယ်။ အဲဒီအတွက် ဈေးပေါတဲ့ အမ်ပလီဖိုင်ယာ
အသံချဲ့စက်တလုံး ဝယ်လိုက်တယ်။ အသံက ပြတ်တောင်း ပြတ်တောင်းနဲ့ပါ။
တချက်တချက် သွားထုလိုက်မှ အသံပြန်လာတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဆရာဒေးဗစ်က
ဆုတောင်းစည်းဝေးကို ဦးဆောင်တယ်။ သူ့အလုပ်က သင်းအုပ်ဆရာ၊ ကျမ်းစာသင်တဲ့ ဓမ္မဆရာ၊
ဆေးဖြတ်ပေးတဲ့ ဆရာနဲ့ တီးဝိုင်းခေါင်းဆောင်ပါ။ အလုပ်ကြောင့် မောနေတတ်ပေမယ့် သူ့ဘဝက
အခုမှ တကယ့်ပျော်စရာ။
MYC သီချင်းခွေကို
အံ့ဩစရာကောင်းလောက်အောင် အားပေးကြတဲ့အတွက် အားတက်လာပြီး၊ ခေတ်ပေါ်ဓမ္မတေးကို
တွဲဖက်လုပ်ကိုင်လာတယ်။ ရှိုးပွဲတွေမှာ “မင်္ဂလာပါ” လို့ မိုက်ကရိုဖုန်းကိုင်ပြီး
နှုတ်ဆက်လာတယ်။ “အားလုံးအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ။ လူသားအားလုံးအပေါ်၊
မိတ်ဆွေတို့အားလုံးအပေါ်မှာ ထားတဲ့ ဘုရားရဲ့မေတ္တာအကြောင်းကို သီချင်းလေးတပုဒ်နဲ့
သီဆို ပြောပြချင်ပါတယ်။”
ဈေးတန်းတွေ၊
ဘူတာရုံတွေ၊ ကျောင်းဝင်းတွေ၊ သင်္ဘောပေါ်မှာ
သပ်သပ်ရပ်ရပ် လူငယ်ကလေးတွေ ဂစ်တာတွေနဲ့ တမ်ဗိုရင်း တီပြီး နားထောင်ချင်စရာ
တေးသီချင်းသံစဉ်လေးတွေ သီဆိုနေတာကို လူတွေက မတ်တပ်ရပ်ရင်း စိတ်ဝင်တစား
နားထောင်ကြတယ်။ သီချင်းပြီးမှ ခဏလေး တရားတိုတို ဟောတယ်။ သူ့အကြိုက်ဆုံး
ကျမ်းချက်တချက်ဖြစ်တဲ့ ၂ကော ၅း ၁၇ ကို ပြောပြလေ့ရှိတယ်။ “လူမည်သည်ကား၊
ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍
ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။”
အဲဒီနောက်မှာတော့ MYC လူငယ်တွေက
MYC ရဲ့လိပ်စာ
“၁၀၈၊ အင်းစိန်လမ်း၊” ပါတဲ့ ဝေစာတွေကို ဝေတယ်။ ဝေစာဖတ်ပြီးတဲ့နောက်
မူးယစ်ဆေးသမားတွေ အပါအဝင် တခြား စိတ်ဝင်စားသူတွေ MYC ကို
ရောက်လာပြီး ပြောင်းလဲသွားကြသူတွေ ရှိလာတယ်။
ဒီအချိန်မှာ
ဆေးသမားတွေ၊ အရက်သမားတွေ ဆရာဒေးဗစ်ကြောင့် ပြောင်းလဲလာတယ်။
အကြောင်းကြောင်းတွေကြောင့် သူတို့ထဲက အများစုဟာ ဆရာဒေးဗစ်နဲ့ နှစ်ကာလ အတော်ကြာ MYC ခြံထဲမှာပဲ
နေဖို့ ဖြစ်လာတယ်။ တချို့က ပြန်စရာ အိမ်မရှိဘူး။ မူးယစ်ဆေးဝယ်ဖို့ ခဏခဏ
ခိုးခဲ့ဖူးတော့ မိဘတွေက အိမ်က နှင်ထုတ်ခဲ့ကြပြီ။ တချို့ကလည်း သူတို့ MYC ကနေ
ပြန်ရင် အရင်ဘဝဟောင်းမှာ ဇာတ်သိမ်းမှာ သိနေကြတယ်။ ဒါထက်မက ဘုရားမေတ္တာကို MYC မှာ
ခံစားကြရတယ်။ အထူးသဖြင့် တခြားအသင်းတော်တွေ၊ အဖွဲ့အစည်းတွေက သူတို့ကို လက်ခံမှာ
မဟုတ်ဘူးဆိုတာလည်း သိနေကြတယ်။
ဒါနဲ့
နှစ်နှစ်တာအတွင်း ဆေးပြတ်သွားသူ အယောက် ၂၀ လောက် MYC မှာပဲ အိမ်သားတွေလို
နေသွားကြတယ်။ ညဖက်မှာ အိပ်ယာလိပ်တွေ ဖြန့်ပြီး ခန်းမကြီးရဲ့ ကြမ်းပြင်မှာ
အိပ်ကြရတယ်။ မနက်မှာတော့ အိပ်ယာတွေ ပြန်လိပ်ပြီး ခန်းမကို စာသင်ခန်းအဖြစ်
ပြန်ပြင်ရတယ်။
ဆေးဖြတ်တာနဲ့
ပတ်သက်လို့ ဆရာဒေးဗစ်က သင်တန်းတက်ဖူးတာ မဟုတ်ဘူး။ ဒါကြောင့် ဆေးဖြတ်ပေးဖို့ကို
ဘုရားအပေါ်မှာပဲ လုံးလုံး အားကိုရတယ်။ အစပိုင်းနှစ်တွေမှာ ဆေးဖြတ်တဲ့
သင်ခန်းစာတွေ၊ နည်းစနစ်တွေ မရှိဘူး။ MYC ခြံဝင်းဟာ အရက်သမား၊
ဆေးသမားဟောင်းတွေ အတွက် ခရစ်ယာန်ဆုံဆည်းရာ အသိုင်းအဝိုင်းလေး ဖြစ်ခဲ့တယ်။
အတူနေသူတွေလည်း သင့်တင့်မျှတတဲ့ လွတ်လပ်မှု ရတယ်။ သူတို့တွေ အရက်ပြတ်၊
ဆေးပြတ်ကြဖို့၊ ယုံကြည်ခြင်းတိုးပွါးဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး
ကျမ်းစာသင်ခန်းစာတွေကို ပြင်တယ်။ ထင်ကြတဲ့အတိုင်းပါပဲ၊ ပြောင်းလဲပြီးစ လူသစ်
တဝက်ကျော်လောက်ဟာ ထပ်မှားပြီး လမ်းဟောင်းကို ပြန်လှည့်သွားတယ်။
ဒီနှစ်ကာလတွေထဲမှာ
ပင်ပန်းတာ ဆရာဒေးဗစ်တယောက်တည်းတော့ မဟုတ်ဘူး။ ကေသီက တိုးလာတဲ့ MYC ရဲ့
စားအိုးကြီးကို နေ့စဉ်ချက်ပြုတ်ဖို့ တာဝန်ကို သူ့ဟာသူ ယူရှာတယ်။ တခါတလေ
နောက်တနပ်စာ ဘယ်ကလာမလဲ မသိရဘူး။ တခါတရံ ဆန်က ပြတ်နေပြီ။ ချက်စရာ ဆန်မရှိတဲ့
အကြောင်း ဆရာဒေးဗစ်ကို တိုးတိုးလေး ကပ်ပြောရတယ်။ ဒီတော့ ဆရာက သူ့လူတွေကို
ပြောရတယ်။ “ဒီနေ့ တို့ အစာရှောင် ဆုတောင်းကြမယ်ဟေ့။”
ဒါပေမယ့်လည်း
ဘုရားသခင်က MYC ကို မ,စ ဖို့ မပျက်ကွက်ခဲ့ဘူး။ ဥပမာတခု
ပြရရင်၊ အစာရှောင် ဆုတောင်းကြတဲ့ တနေ့မှာ မလာဖူးတဲ့ ဂျစ်ကားတစီး MYC ခြံထဲကို
ရုတ်တရက် ဝင်လာတယ်။ ကားပေါ်ကနေ ဆရာဝန်မတယောက် ဆင်းလာပြီး၊ ကားနောက်တံခါး ဖွင့်ဖို့
သူ့ဒရိုက်ဘာကို ပြောတယ်။ ဆရာဒေးဗစ် အံဩသွားတယ်။ ကားထဲမှာက ဆန်အိတ်တွေ၊
ငါးခြောက်တွေနဲ့ အာလူးတွေပါလား။ ဒေါက်တာက ရှင်းပြတယ်။ ဒီမနက်စောစော ဘုရားသခင်က
သူ့ကို ဒီအစားအစာတွေ ဝယ်ပြီး ဒီကို လာလှူဖို့ နိုးဆော်တယ်။
လူငယ်တွေက အထဲမှာ ဘာမှမရှိတော့တဲ့ မီးဖိုချောင် စတိုခန်းထဲကို ဆန်အိတ်တွေ
သယ်သွားကြတယ်။ ဘုရားသခင်ကတော့ အချိန်မှီ ပို့ပြန်ပြီ။
ဒီလိုအမှတ်မထင်
အဖြစ်အပျက်ကလေးအားဖြင့် “ခက်ခဲရာ ကာလ ရ နှစ်” အတွင်း ဘုရားက MYC ကို ယုံကြည်မှု
တိုးပွါးစေခဲ့တယ်။ ဒီကာလအတွင်း ဆရာဒေးဗစ်နဲ့ ကေသီတို့ ငွေကြေး အခက်အခဲ အကြီးအကျယ်
တွေ့ခဲ့ရတယ်။ တခါတရံ မနက်စာအတွက် ဘယ်ကလာမယ် မသိခဲ့ဘူး။ လိုရင် အိမ်က
ပစ္စည်းကလေးတွေ ရောင်းပြီး ဖြည့်ဆည်းရတယ်။ ပြုစုကျွေးမွေးဖို့ ဇနီးနဲ့ကလေး ၅
ယောက်အပြင် အရက်သမား၊ ဆေးသမား တဖွဲ့ကြီးရဲ့ တာဝန်ကလည်း သူ့အပေါ်မှာဆိုတော့
ဒီကာလတွေဟာ တကယ်စွန့်စားရတဲ့ နှစ်တွေပါပဲ။ ဆရာဒေးဗစ်ရဲ့အမေကလည်း သူတတ်နိုင်သလောက်
ကူညီပါတယ်။ ဒါပေမယ့် လူ ၃၀ နီးပါးကို ကျွေးမွေးရတာဆိုတော့
ဘယ့်ပြည့်မှီနိုင်ပါ့မလဲ။ ဘုရားရဲ့ အံဩဖွယ်ရာ မ,စ
မှုတွေကတော့ တခုပြီးတခု တွေ့ရတယ်။ ဘုရားသခင်ကို ပိုနားလည်လာတယ်။ ဘုရားသခင်
အသက်ရှင်တယ်။ သိနေ၊ ကြည့်နေတယ်။ ဒီအခက်အခဲ စုံစမ်းခြင်းတွေအားဖြင့် ဘုရားသခင်က ဆရာ ဒေးဗစ်ကို ပုံသွင်းနေခဲ့၊
ယုံကြည်မှု တိုးပွါးစေခဲ့တယ်။
အိမ်မှာ လူတွေ
ပြည့်လျှံနေပေမယ့်လည်း ဘုရားက သူ့ကို ရန်ကုန် အပြင်ဖက်ကိုလည်း အသုံးပြုချင်တယ်လို့
ခံစားမိလာတယ်။ “ဘုရားကတော့ ငါတို့အလယ်မှာ အံ့ဩဖွယ်ရာတွေ ပြုနေပြီ။ ဒါပေမယ့် ဒါကို
ငါတို့ ကျေနပ်မနေသင့်ဘူး။” လို့ တွေးမိလာတယ်။ တိုင်းပြည်တဝန်းက သောင်းချီတဲ့
မူးယစ်ဆေးသမားတွေ ဆေးပြတ်ဖို့ သခင်ယေရှုအကြောင်း ကြားရဖို့လိုတယ်လို့
ခံစားမိလာတယ်။ တရားစကားနဲ့အတူ သက်သေပြစရာလည်း ဘုရားပေးထားပြီ။ ဒါကို
ဂီတအစွမ်းနဲ့လည်း ပံ့ပိုးပေးနိုင်တယ်ဆိုတာ သိလာတယ်။
ဒါနဲ့
တခြားဒေသတွေမှာ ရှိုးပွဲတွေလုပ်ဖို့ ကားနဲ့ ရထားနဲ့ ခရီးသွားစပြုလာတယ်။ ဝေးလံတဲ့
ဒေသတွေမှာ ဆေးသမား၊ အရက်သမားတွေ အများကြီးရှိမယ်ဆိုတာ သူသိတယ်။ (ဝေလံတဲ့ ခေါင်တဲ့
တောင်တန်း ဒေသတွေမှာ
ဘိန်းစိုက်ကြတယ်။ လူကြီးလူငယ် အားလုံးက ခေါင်အရက်သောက်၊ မူးယစ်ဆေး သုံးရုံကလွဲပြီး
တခြားအလုပ် မရှိကြဘူး။) တခြားဒေသကလူတွေ ဂစ်တာတွေ၊ ဒရမ်တွေနဲ့ ရှိုးပွဲလာကြတယ် ဆိုတော့ ရွာသားတွေက
ဆရာဒေးဗစ်နဲ့ သူ့လူတွေရဲ့ သီချင်းဆို တီးခတ်တာ၊ တရားဟောတာကို အပြေးအလွှား
လာနားထောင်တယ်။ ပွဲအပြီးမှာ ဆရာဒေးဗစ်က ဖိတ်ခေါ်တာနဲ့ လူအများအပြားဟာ
ရှေ့ထွက်လာပြီး သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံလာတယ်။
အိမ်မှာ
ငွေကြေးအခက်အခဲ ရှိနေတဲ့ကြားက နယ်လှည့်ခရီးတွေ ဘယ်လိုထွက်နိုင်ခဲ့သလဲ?
တခါတလေ အိမ်ရှင် အသင်းတော်တွေက လမ်းစရိတ်ပေးပါတယ်။ တခါတလေတော့
ရှိတဲ့ ပုဆိုးတွေ၊ အသုံးအဆောင်တွေ ရောင်းပြီး ခရီးစရိတ်ရှာရတယ်။ အဲဒီလို
အချိန်မျိုးဆိုရင် အဖွဲ့သားတွေ ခရီးဝေး လမ်းလျှောက်ကြရင်း ရှိတဲ့အဝတ် ဝေဝတ်ရတယ်။
ဒါပေမယ့် စိတ်မပျက်ကြဘူး။ ရှေးယုံကြည်သူ တပည့်တော်တွေလိုပဲ သခင်ဘုရားရဲ့
အမှုတော်မှာ ပါဝင်ရတယ်ဆိုပြီး ပျော်နေတယ်။
အလုပ်ကျယ်ပြန့်လာတော့
ဝေဖန်တာလည်း တိုးလာတယ်။ အဓိက အသင်းတော်ကြီးတွေက ဆရာဒေးဗစ်ကို လက်မခံဘူး။
မိတ်မဖွဲ့ချင်ဘူး။ သူတို့က ဒီလူတွေဟာ လိမ်ညာနေတာ၊ ခရစ်ယာန်ကို နာမည်ဖျက်နေတာလို့
ထင်တယ်။ သူတို့တွေ့ဖူးသလောက် ဆေးသမားတွေကလည်း ဘုရားတရား စိတ်ဝင်စားလာရင် ခဏပဲ။
နောက်တော့ လမ်းဟောင်းကို ပြန်သွားတတ်ကြတယ်။
ဆရာသမားတွေက MYC ဟာ
လမ်းလွဲနေတဲ့ အယူသည်းအဖွဲ့လို့ စာတွေ ဖြန့်တယ်။ ပါးစပ် တပေါက်တည်းကနေ
သခင်ယေရှုအကြောင်း ပြောလိုက်၊ လမ်းသရဲအကြောင်း ပြောလိုက်၊ ပြောလို့ရသလား?
ကျမ်းစာကျောင်း မပြောနဲ့၊ တက္ကသိုလ်က ဘွဲ့တခုတောင် မရဘဲနဲ့
ဘုရားတရား သင်ပြဟန်ဆောင်တယ်။ သူကိုယ်တိုင်ကလည်း အရင်က လမ်းသရဲဂိုဏ်းခေါင်းဆောင်၊
ဆေးသမားပဲ လို့ ဆိုကြတယ်။ တချို့ကလည်း တရားဟောတယ်ဆိုတာ ဘုရားကျောင်းမှာပဲ ဟောရတာ၊ MYC က
လမ်းပေါ်ဟောတာကို အပြစ်ပြောကြတယ်။ MYC ရဲ့ နေပုံထိုင်ပုံကို
ကြည့်ပြီး မကြာခင် နာမည်ပျက်ပြီး၊ နတ်ဆိုးတွင်း ပြန်ဖြစ်လာမယ်လို လှောင်ပြောင် နိမိတ်ဖတ်ကြတယ်။
ဒါပေမယ့်
ဆရာဒေးဗစ်က ဝေဖန်သံကို ဂရုမစိုက်အားဘူး။ သူ့လူတွေကိုပဲ ပြုစုနေရတယ်။ “ထင်ချင်ရာ
ထင်ကွာ။ သခင်ယေရှု အတူရှိနေတာပဲ။” လို့ သူ့လူတွေကို သတိပေးရတယ်။ ဒီအလုပ်ကို
ဘုရားသခင် ကောင်းချီးပေးနေတယ်ဆိုတာ မသိခင်၊ မဝေဖန်ကောင်းဘူးလို့ နောင်တ မရကြခင်တော့ ဒီလိုတွေ
ပြောမှာပဲလို့ ဆရာဒေးဗစ် နားလည်တယ်။
တကယ်တော့
အစောပိုင်းကာလတွေမှာ အပြင်လူတွေထက် ခရစ်ယာန် အချင်းချင်းရဲ့ နှောက်ယှက်မှုကို
ပိုခံရတယ်။ ဒါပေမယ့် အပြင်လူပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် MYC ကို
ပိတ်မပြစ်နိုင်ဘူးလို့ ဘုရားက စိတ်ချစေခဲ့တယ်။ စတည်ထောင်ခါစမှာ ရန်ကုန်မြို့ထဲမှာ
ဘာသာရေး ဂိုဏ်းသစ်ပေါ်နေတယ်လို့ အစိုးရ ထောက်လှမ်းရေးက သတင်းရတဲ့အတွက်
ဆရာဒေးဗစ်နဲ့ သူ့အလုပ်ကို ထောက်လှမ်းစုံစမ်းဖို့ လူတယောက်ကို လွှတ်လိုက်တယ်။
အဲဒီလူဟာ တရားဟောတာတွေ နားထောင်ရတဲ့အတွက် သူ့အပြစ်တွေကို မြင်လာပြီး၊ သခင်ယေရှုကို
သူ့ရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံသွားတယ်။ (နောက်တော့ သူဟာ MYC လက်အောက်မှာ
သင်းအုပ်ဆရာတယောက် ဖြစ်သွားပါတယ်။)
အခက်အခဲတွေကြားထဲ
ဖြတ်နေရတုန်း ၁၉၇၉ မှာ အမေရိကန်ပြည်ကို သွားဖို့ ဗီဇာရခဲ့တယ်။ အမေရိကားမှာ
အမျိုးတွေရှိတယ်။ တခါမှ သွားမတွေ့ခဲ့ဖူးဘူး။ သူ့အတွက် အဓိက အခက်အခဲဖြစ်တဲ့
လေယာဉ်လက်မှတ်ကို အမေက ဝယ်ပေးတယ်။ “မင်းအမက မင်းအတွက် Green card လျှောက်နေတယ်။
ဟိုမှာ မင်းမိသားစုနဲ့ နေလိုက်ရုံပဲ။” လို့ ဒေါ်အေးလိဇဘက်က သတင်းပေးလာတယ်။ တခါတရံ
စားရမဲ့ သောက်ရမဲ့ဖြစ်နေတဲ့ မြေးကလေးတွေအကြောင်းကို သိနေတော့ ဆရာဒေးဗစ်ရဲ့
စားဝတ်နေရေးအတွက် အမေ စိတ်ပူနေတယ်။
ဆရာဒေးဗစ်
စိတ်လှုပ်ရှားသွားတယ်။ “ဘုရားသခင်၊ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့ မိသားစုအတွက်
အခြေအနေသစ်တခု လမ်းဖွင့်ပေးနေတာလား။” လို့ စိတ်လှုပ်ရှားစွာ တွေးမိတယ်။
“အလိုတော်ကို သိခွင့်ပေးပါ၊ ကိုယ်တော်။”
အဖြေရှာရဦးမှာပေါ့။
No comments:
Post a Comment