Monday, August 26, 2024

ကျေးဇူးတင်လွှာ

 

 


ကျေးဇူးတင်လွှာ

ရှေးဦးစွာ အနန္တကြီးမြတ်လှသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ပါပါး (ဒေးဗစ်ရုံးမို) ရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို (အဂ်လိပ်-မြန်မာ) နှစ်ဘာသာနဲ့ ထုတ်ဝေဖို့ ဆုတောင်းခဲ့တာ ကြာပါပြီ။ အထူးသဖြင့် ပါပါး ထူထောင်ခဲ့တဲ့ MYC ရဲ့ ရွှေရတု နှစ် ၅၀ အမီ ထုတ်ဝေချင်ခဲ့တာပါ။

အံ့သြစရာကောင်းလှသော၊ ချီးမွမ်းစရာကောင်းလှသော ဘုရားရဲ့ ကောင်းမြတ်ခြင်းဟာ ပါပါးရဲ့ အသက်တာထဲမှာ (လူဟောင်းနဲ့ လူသစ်အဖြစ် အပိုင်းနှစ်ပိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

ပါပါးရဲ့အကြောင်းကို ဖတ်ရှုခြင်းအားဖြင့် စာဖတ်သူများရဲ့ နှလုံးသားထဲ ဝိညာဉ်တော်ဘုရားရဲ့ တို့ထိမှု၊ ပြောင်းလဲစေမှုကို ခံစားရပါစေလို့သာ ရည်ရွယ်ရင်း ...။

စာအုပ်ဖြစ်မြောက်လာဖို့ရန်အတွက်   အသုံးတော်ခံပေးကြသော ယခင်  Executive Editor ဖြစ်သူ   ANM မှ စာရေးသူ  Douglas Hsu ဘာသာ,ပြန်သူ ဆရာ ဆလိုင်း ထိန်ဝင်းအိ တို့နှင့်အတူ ကျေးဇူးတင်ထိုက်သူများ အားလုံးကို မိသားစုများအနေဖြင့်သော်လည်းကောင်း၊ MYC အဖွဲ့အစည်း အနေဖြင့် သော်လည်းကောင်း ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

 

Dr. ခင်ခင်မိုး

ညွှန်ကြားရေးမှူး (MYC)

ဘာသာပြန်သူရဲ့ ကျေးဇူးတင် စကား

 


ဘာသာပြန်သူရဲ့ ကျေးဇူးတင် စကား

ကျွန်တော်က ဆရာကြီး ဦးဒေးဗစ်ကို လူကိုယ်တိုင် ရင်းနှီးသိကျွမ်းခွင့် မရခဲ့ပါဘူး။ သူ့အကြောင်းရေးဖို့ စိတ်ကူးရတဲ့ စာရေးသူ Douglas Hsu နဲ့ ANM အဖွဲ့ကို ကျေးဇူးတင်ပါတယ်။

Never Say Die စာအုပ်ဖတ်ချင်လို့ MYC မှာ စုံစမ်းတဲ့အခါ ဆရာကြီးရဲ့ သမီး ဆရာမကြီး ဒေါ်ခင်ခင်မိုးက သူဖတ်ဖို့ရထားတဲ့ တအုပ်တည်းသော စာအုပ်ကို လက်ဆောင်ပေးပြီး ဒီစာအုပ်လေး ဘာသာပြန်ဖို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောပါတယ်။ အမှန်က ဖတ်ကြည့်ပြီးမှ ဘာသာပြန်ဖို့ ဆုံးဖြတ်ရမှာပါ။ ဖတ်မကြည့်ရသေးဘဲ "ဟုတ်ကဲ့" လို့ ပြောရင်း မျက်ရည်လည်မိလို့ ကိုယ့်ကိုယ်ကို အံ့ဩမိပါတယ်။

ဖတ်ကြည့်တဲ့အခါ အခန်းတိုင်းမှာ မျက်ရည်လည်ပြီး ခဏခဏ နားရတဲ့အထိ ခံစားရပါတယ်။ ဘုရားနဲ့ ထိတွေ့ပြီးတဲ့နောက် ကျန်ရှိတဲ့ နေ့ရက်ကာလတွေမှာ ဘုရားက ပစ်မထားစေချင်တဲ့ အပယ်ခံလူတွေကို ကူညီဖို့ သူတပါးကို မညာဘဲ၊ ကိုယ့်ကိုကိုယ်လည်း မညှာဘဲ ဖိဖိစီးစီး အနစ်နာခံ ကြိုးစားကူညီခဲ့တာ တွေ့ရပါတယ်။

ကျွန်တာ်တို့က လေးစားလို့ ဆရာကြီး ဦးဒေးဗစ် ရုံးမို လို့ခေါ် ပေမယ့် သူ့မိတ်ဆွေတွေ၊ ရင်းနှီးသူတွေ၊ YC နှစ်ခြင်းဘုရားကျောင်းမှာ တက်ခဲ့သူတွေက သူ့ကို ဆရာဒေးဗစ်လို့ ခေါ်ကြတယ်။ အဲဒီလို ခေါ်ရတာလည်း သဘောကျကြပုံရတယ်။ ဂုဏ်ယူပုံရတယ်။ သူတို့က လူရင်းတွကိုး။ ခေါ်ပုံကြည့်ပြီး ရင်းနှီးတဲ့ အတိုင်းအတာကို သိရပါတယ်။ အားကျမိတယ်။ ကျွန်တာ်ကတော့ ဒီစာအုပ်ဖတ်မှပဲ သူ့ကို သိပြီး၊ သူ့အကြောင်းကို ခဏခဏ တွေးမိတယ်။ လေးစားလာတယ်။ ရင်းနှီးလာတယ်။ သူက အဖေအရွယ်ဖြစ်ပေမယ့် ရင်းနှီးတဲ့သူတွေ ခေါ်သလို “ဆရာဒေးဗစ်” လို့ တခါလောက် ခေါ်ချင်လာတယ်။ အခု စာအုပ်လေး ဖတ်ပြီးတဲ့အခါ သူ့ကို ရင်းနှီးသွားကြပါစေ။ ဒီမြေမှာ ဆရာဒေးဗစ်တွေ အများကြီး ထပ်ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။

- ဆလိုင်း ထိန်ဝင်းအိ

Tuesday, October 29, 2019

NEVER SAY DIE, မာတိကာ၊ ကျေးဇူးစကား၊ နိဒါန်း




NEVER  SAY  DIE

သေစကား မပြောပါနဲ့

The Story of David Yone Mo
and the Myanmar Young Crusaders  

NEVER SAY DIE, အခန်း ၁ – လူဆိုးလေး

Never Say Die

အခန်း ၁ 
လူဆိုးလေး
The Young Rebel
(၁၉၄၄- ၁၉၆၀)

ကျောင်းအုပ်ဆရာကြီးက မျက်မှောင်ကြုတ်ရင်း ဒေါ်အဲလိဇဘက်ကို စေ့စေ့ စိုက်ကြည့်လိုက်တယ်။

ခင်ဗျားသား ရန်တွေ ဆက်ဖြစ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာ လူကြီးသားတွေနဲ့မှ ရန်ဖြစ်နေတယ်။”

ဒေါ်အဲလိဇဘက်ဟာ အလွန်ရှက့်ရွံအားငယ်သွားပြီး သူ့နံဘေးမှာ ခေါင်းငိုက်စိုက်ချထိုင်နေတဲ့ ဆယ်ကျော်သက်အရွယ် သားငယ်ဒေးဗစ်ကို ငေးကြည့်လိုက်တယ်။

ကျွန်မ တကယ်ပဲစိတ်မကောင်းပါဘူး ဆရာကြီးရယ်။ အိမ်ကျရင် သူ့အဖေကို ပြောပြပါဦးမယ်။”

ဒါက ခင်ဗျားပြောနေကျစကားပဲ ဒေါ်အဲလိဇဘက်။” ကျောင်းအုပ်ကြီးက မျက်ခုံးကို ပင့်ရင်း ဆက်ပြောတယ်။ “သူ့ပုံစံက ဘာတခုမှ မပြောင်းလဲသေးဘူး။ ဒေးဗစ်က လူတော်လေးပါ။ ဒါပေမယ့် ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်။ ဒီလိုတွေ ဆက်ဖြစ်နေရင်တော့ မတတ်နိုင်ဘူး။ ခင်ဗျားသားကို ကျောင်းထုတ်ဖို့ ပြောရတော့မှာပဲ။”

ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းမှအပြန်၊ ကျောင်းတံခါးဝကနေ ထွက်အလာ ဒေါ်အဲလိဇဘက်ဟာ လမ်းဘေးမှာ ရပ်လိုက်ပြီး ရုတ်တရက် သားဖက်ကို လှည့်ပြီး မျက်နှာချင်းဆိုင် ရပ်လိုက်တယ်။ သားကတော့ ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ဘာမှ သိပ်စိတ်အနှောင့်အယှက် မဖြစ်တဲ့ပုံပါ။

ငါစိတ်ညစ်တယ်၊ မင်းကို ငါစိတ်ပျက်လာပြီ။ မင်းဘယ်တော့ ပြောင်းလဲမလဲ? မိဘကို အရှက်ခွဲနေတာတွေ ဘယ်တော့မှ ရပ်မလဲ?”

ပြောသာပြောရပါတယ်။ သူ့သားပြောင်းလဲမယ့်ပုံ မပေါ်ဘူးဆိုတာ ဒေါ်အဲလိဇဘက် သိပါတယ်။ ဘယ်အရာကမှ သူ့သားရဲ့ ရန်ဖြစ်တတ်တဲ့အကျင့်ကို ဖျောက်မပေးနိုင်ဘူး။ အဖေက ကြိမ်လုံးနဲ့ ဆုံးမလည်းမရ၊ အမေက မျက်ရည်နဲ့ တောင်းပန်လည်းမရ။ ဘယ်တော့များမှ ဒီသားက အသိတရား ရပါတော့မလဲ?

ငယ်ငယ်ကတည်းက ဒေးဗစ်က အမြဲတမ်း ဒုက္ခပေးနေကျ။ ၁၉၄၄ ခု အောက်တိုဘာ ၅ ရက် မှာ မွေးပြီး (အိန္ဒိယသူရဲကောင်း) Sando စင်ဒို လို့ အစတုန်းက နာမည်ပေးခဲ့တယ်။ နောက်တော့ ဒါဝိဒ်ကလေးလို ဝက်ဝံနဲ့ ခြင်္သေ့ကို တစ်ယောက်တည်း ပြန်သတ်နိုင်ခဲ့တဲ့သူမျိုး ဖြစ်စေချင်လို့ အမေက ဒေးဗစ်လို့ နာမည်ပြောင်းပေးလိုက်တယ်။ ကျမ်းစာထဲက နာမည်အတိုင်းပါပဲ။ ဒေးဗစ်က သန်မာတယ်၊ အကြမ်းခံတယ်၊ အကြောက်အရွံ့ ကင်းတယ်။ ဒါပေမယ့် မကောင်းတဲ့နေရာမှာ တော်နေတယ်။ အားကစားဆို ဘောလုံး အလွန်တော်လို့ သူတို့အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်း ခေါင်းဆောင် အဖြစ် အရွေးခံရပေမယ့် သူ့အစွမ်းအစတွေ အကုန်လုံးကို ရန်ပွဲတွေမှာပဲ အသုံးချတယ်။ ငယ်ငယ်ကတည်းက တခြားကျောင်းသားဖေါ်တွေကို ရန်စ အနိုင်ယူတတ်တယ်။ ကျောင်းကရော မိဘကပါ ဘယ်လောက်ပဲ ဆုံးမ၊ ဆုံးမ၊ အပြစ်ဒဏ်ပေးပေမယ့် သူက မမှုတဲ့ပုံပါ။ ရန်ဖြစ်တိုင်းနိုင်လို့ လူက အလကားနေရင်း နာမည်ကြီးလာတယ်။ ဒါတွေ တနေ့ ပြန်ခံရမယ်လို့ သူနားလည်ခဲ့ပုံမရဘူး။ အတန်းထဲမှာ သူနဲ့ ရန်ဖြစ်ရဲသူ မရှိတော့တဲ့အခါ အတန်းကြီး ကျောင်းသားတွေကို ရန်ဆက်ရှာလာတယ်။

ဒေးဗစ်တယောက် မြန်မာပြည်ရဲ့ ထိပ်ပိုင်း လူကုံထံမိသားစုကနေ မွေးဖွားဆင်းသက်လာတာကို စဉ်းစားကြည့်ရင် သူ့အပြုအမူတွေက သိပ်အံ့အားသင့်စရာ ကောင်းနေတယ်။ သူ့အဖေ ဦးရုံးမိုဟာ ပြည်တွင်းကို ပြောင်းရွှေ့လာတဲ့ အလွန်အလုပ်ကြိုးစားတဲ့ တရုတ်မိသားစုတစုမှ ဆင်းသက်တယ်။ ကလေးဘဝကတည်းက မိဘမဲ့ဖြစ်ခဲ့ရတဲ့ ဦးရုံးမိုကို အစ်မကြီးတွေက ပြုစုစောင့်ရှောက်ရတယ်။ သူတို့မောင်ကို မြန်မာပြည်မှာရနိုင်တဲ့ အကောင်းဆုံးပညာရေးကို ပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ (အဲဒီတုန်းက မြန်မာပြည်ဟာ ဗြိတိသျှပိုင် အိန္ဒိယထဲမှာ ပါတယ်။) တစ်နိုင်ငံလုံးမှာ သူက ဓါတုဗေဒ ရွှေတံဆိပ်ဆုရတော့ လန်ဒန်မှာ အင်ဂျင်နီယာပညာလေ့လာဖို့ အလွန်ရခဲတဲ့ ပညာသင်ဆုရတယ်။ အဲဒီမှာ နောင်အခါ အိမ်ထောင်ဖက်ဖြစ်လာမယ့် အဲလိဇဘက် စိန်ပုနဲ့ တွေ့တယ်။ အဲလိဇဘက်ကလည်း အခက်အခဲတွေ အများကြီးကို ကျော်လွှားပြီးမှ လန်ဒန်မှာ သူနာပြုပညာလေ့လာဖို့ ရခဲတဲ့ ပညာသင်ဆု ရခဲ့သူဖြစ်တယ်။ သူက ကရင်မိသားစုက မွေးဖွားလာပြီး အိမ်ထောင်ကွဲနေတဲ့ မိဘနှစ်ပါးကြားမှာ ဟိုနေလိုက် ဒီနေလိုက်နဲ့ ကြီးပြင်းလာရသူပါ။ မိသားစုအခြေအနေ မပြေလည်ပေမယ့်လည်း သူနာပြုကျောင်းရဲ့ စာအတော်ဆုံးထဲမှာ အမြဲရှိနေအောင် ကြိုးစားခဲ့တော့ ပညာသင်ဆုရပြီး၊ လန်ဒန်မှာ ဘွဲ့ရတဲ့ ပထမဦးဆုံး သူနာပြုဖြစ်ပါတယ်။

နိုင်ငံခြားမှာ ပညာသင်ပြီးတဲ့အခါ ရုံးမိုနဲ့ အဲလိဇဘက်တို့ မြန်မာပြည်ပြန်လာပြီး လက်ထပ်ကြတယ်။ အဆင့်မြင့်တဲ့ ဘွဲ့လက်မှတ်တွေ ရထားတော့ အလုပ်ကောင်းကောင်းရတယ်။ ဦးရုံးမိုက မြန်မာ့မီးရထားရဲ့မင်းကြီး ဖြစ်လာတယ်။ အဲလိဇဘက်က အသစ်ဖွဲ့စည်းလိုက်တဲ့ (အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်တဲ့) ဗမာ့တပ်မတော် မှာ သူနာပြုချုပ်အဖြစ် တာဝန်ထမ်းဆောင်တယ်။ သူတို့နှစ်ယောက် မြို့တော် ရန်ကုန်မှာ အခြေချကြပြီး မကြာခင်မှာပဲ ရန်ကုန်မြို့ရဲ့ နာမည်ကြီး လူကုံထံ မိသားစုတစ်စု ဖြစ်လာတယ်။ သား ၃ ယောက်၊ သမီး ၂ ယောက်၊ ပေါင်း- ကလေး ၅ ယောက်ရှိတယ်။ သားသမီးတိုင်းကို မိဘတွေရဲ့ ထက်မြက်တဲ့ ခြေရာအတိုင်း နင်းဖို့ မျှော်လင့်ခဲ့ကြတယ်။

ဒါပေမယ့် တခြား ညီအစ်ကိုမောင်နှမတွေသာ စာကြိုးစားပြီး၊ မိဘကို ဂုဏ်တက်စေပေမယ့် ဒေးဗစ်က ပင်ကိုယ်ဉာဏ် ထက်မြက်ပါလျှက်နဲ့ ကျောင်းစာကို သိပ်စိတ်မဝင်စားဘူး။ ဖြစ်ချင်ရာဖြစ်၊ ခပ်ပေပေနေရင်း သူ့အစွမ်းအစတွေကို တလွဲအသုံးချတယ်။ အားကစားဆို ဘောလုံးကန်တယ်၊ အလေးမတယ်။ မိန်းကလေးတွေနဲ့ ပွေချင်ရှုပ်ချင်တယ်၊ ပြီးတော့ ရန်ဖြစ်တယ်။ ဆယ်ကျော်သက် အရွယ်မှာ မိဘစကား နားမထောင်တဲ့ သိုးမည်းတကောင် ပီပီပြင်ပြင် ဖြစ်လာတယ်။ မိဘက လုံးဝ လက်မြှောက်ထားရပြီ။ ဒေါ်အဲလိဇဘက်က သားလူဆိုးကို အေးဆေးတည်ငြိမ်စေချင်တဲ့ မြော်လင့်ချက်နဲ့ ကလပ်စီကယ်လ် တယောသင်တန်းတက်ခိုင်းတယ်။ ဒါပေမယ့် ဒေးဗစ်က ဂီတကို သိပ်စိတ်မဝင်စားဘူး။ Elvis Presley အဲလ်ဗစ် ပရက်စလေရဲ့ သီချင်းတွေ နိုင်ငံခြားကနေ မြန်မာပြည်ကို ရောက်လာတော့မှပဲ ဂီတကို သူ စိတ်ဝင်စားလာတော့တယ်။

Elvis-mania လို့ခေါ်တဲ့ “ပရက်စလေရောဂါ” ဟာ မြန်မာပြည်ရဲ့ လူကုံထံသားသမီးများ ကြားမှာ ၁၉၅၀ ပြည့်နှစ်များအတွင်း အတော် လွှမ်းမိုးခဲ့တယ်။ ဒေးဗစ်ကလည်း နောက်ကျ မကျန်ချင်ဘူး။ တယောကို ပစ်ချပြီး၊ ဂစ်တာကောက်ကိုင်ကာ တီးတတ်ဖို့ ကိုယ့်ဘာသာ လေ့လာသင်ယူတယ်။ မကြာခင်မှာပဲ ကျောင်းသားဖော်တွေရဲ့ အကြိုက်ဖြစ်တဲ့ ပရက်စလေရဲ့ နာမည်ကြီး သီချင်းတွေကို ဆိုနေပါတော့တယ်။ Ain’t nothing but a hound dog … ” , “Love me tender …” စတဲ့ သီချင်းစာသားတွေဟာ သူ့နှုတ်ဖျားကနေ ပျားရည်လို ချိုသာသိမ်မွေ့စွာ စီးဆင်းလာတယ်။

သူ့ရဲ့ ချိုသာတဲ့အသံနဲ့ ခပ်ကြမ်းကြမ်းစရိုက်က အသစ်ထိုးဖောက် ဝင်ရောက်လာတဲ့ ရော့ခ်ကင်ရိုး သီချင်းများနဲ့ သိပ်လိုက်ဖက်တယ်။ သီချင်းနားထောင်ဖို့ သူ့အနားမှာ လာစုနေတတ်တဲ့ သူငယ်ချင်းတွေ ကြားမှာ ဒေးဗစ် ချက်ချင်း ထင်ပေါ်လာတယ်။ ပါတီပွဲတွေမှာ တစ်ပွဲပြီးတစ်ပွဲ သီချင်းဆိုရင်း စူးရှတဲ့ မျက်ဝန်းလဲ့လဲ့ မိန်းကလေးတွေနဲ့ သာယာတတ်လာတယ်။ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ ပရက်စလေသီချင်းတွေ ဆိုဖို့ တောင်းဆိုခံရတဲ့အထိ ဖြစ်လာတယ်။

ဆယ်ကျော်သက်ရွယ်ကတည်းက ဒေးဗစ်က ဆိုးသထက်ဆိုးလာတယ်။ မိဘကွယ်ရာမှာ စီးကရက်သောက်၊ ဆေးခြောက်ရှူနဲ့ အရက်ပါသောက်တတ်လာတယ်။ မုန့်ဖိုး အလုံအလောက်ရဖို့ အမေကို ကောင်းကောင်းချွဲတတ်တော့ သုံးစရာ ပိုက်ဆံလည်း အမြဲတမ်း လျှံနေတတ်တယ်။ ဒီငွေနဲ့ပဲ စီးကရက်၊ ဆေးခြောက်နဲ့ ဘီယာတွေကို ပေါပေါသီသီ ဝယ်ပေးနိုင်တော့ သူ့အနားမှာ သူငယ်ချင်း လူပေလေးတွေ တိုးလာတယ်။ သူတို့သူငယ်ချင်းတစ်သိုက်ဟာ အမှောင်ထဲမှာ စီးကရက် လွတ်လွတ်လပ်လပ် သောက်လို့ရတဲ့ ရုပ်ရှင်ရုံကို သွားတတ်လာတယ်။ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အိပ်မယ်လို့ အကြောင်းပြပြီး၊ တကယ်က အပေါင်းအသင်းတွေနဲ့ ပါတီပွဲ ကျင်းပတတ်လာတယ်။ စားသောက်တဲ့ ကုန်ကျစရိတ်ကို အများအားဖြင့် ဒေးဗစ်ကပဲ ရှင်းလေ့ရှိတော့ လူတိုင်း သူနဲ့ ပါတီပွဲ ကျင်းပချင်ကြတယ်။

ဒါကြောင့် ဒေးဗစ်ဟာ ကျောင်းစာညံ့လာပြီး သိပ်ခက်တဲ့ အစိုးရစစ် ဆယ်တန်း မက်ထရစ် စာမေးပွဲကိုတောင် အောင်ဖို့မလွယ်တဲ့ အခြေအနေ ရောက်လာတယ်။ သူ သိပ်ဉာဏ်ကောင်းတယ် ဆိုတာ မိဘဆရာ အားလုံးသိကြပေမယ့် စာဖတ်ဖို့ သူ့ကို အမိဖမ်းရတာနဲ့ပဲ စိတ်ပျက်နေကြပြီ။

တနေ့ သင်္ချာဆရာမက “ဒေးဗစ်၊ မင်း ဆယ်တန်းအောင်အောင် လုပ်နိုင်ရင် ဒီကျောင်းကြီးရဲ့ လေးထပ်အမြင့်ကနေ ငါ ခုန်ချမယ်” လို့ စိတ်ဆိုးဆိုးနဲ့ ကဲ့ရဲ့လိုက်တယ်။

စိန်ခေါ်ရင် ဘယ်တော့မှ ငြိမ်မနေတတ်တဲ့သူဖြစ်တော့ ဒီတစ်ခါ စိန်ခေါ်တာကိုလည်း တုန့်ပြန်ဖို့ စိတ်ထက်သန်စွာ ကျောင်းစာကို ထူးထူးခြားခြားကြီး လေ့လာနေပါတော့တယ်။ အံ့ဩစရာပါပဲ။ အောင်ရုံမကဘူး။ ဂုဏ်ထူးထွက်တယ်။ အမှတ်စာရင်း စာရွက်ကိုယူပြီး သင်္ချာဆရာမကို ပြတယ်။ အမှတ်စာရင်းကို မှင်သက်စွာ ကြည့်နေမိတဲ့ ဆရာမကို ဒေးဗစ်က အောင်နိုင်တဲ့အပြုံးနဲ့ စောင့်ကြည့်နေတယ်။ ဆရာမ စာရွက်ကို ကြည့်ပြီးပြီဆိုမှ ဒေးဗစ်က လူမိုက်အပြုံးနဲ့ ယဉ်ယဉ်ကလေး ပြောလာတယ်။ “ကဲ၊ ဆရာမ စိန်ခေါ်ထားတာကို ကျွန်တော့ဘက်က တာဝန်ကျေတယ်နော်။ အခု ဆရာမဘက်က တာဝန်ကျေဖို့ပဲ လိုတော့တယ်။”

ဒီတစ်ခါတော့ မိဘတွေက သားအတွက် ဂုဏ်ယူကြရပြီ။ အမှတ်တွေကလည်း အတော်ကောင်းတော့ တက်ခွင့်ရခဲတဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာ ကျောင်းသားအဖြစ် တက္ကသိုလ် တက်ခွင့်ရတယ်။ ဒီလိုဆိုတော့ ဒေးဗစ်က ဦးရုံးမိုရဲ့ မိသားစုနာမည်ကို ဂုဏ်တက်စေပြီလို့ ထင်စရာ ဖြစ်လာတယ်။

ဒါပေမယ့် မိဘကွယ်ရာ၊ ဆရာသမားတွေနဲ့ ဝေးရာမှာ အရမ်း လွတ်လပ်သွားလို့ ဒေးဗစ်ကို ထိန်းရခက်လာတယ်။ တက္ကသိုလ်ရောက်တာနဲ့ ကျောင်းစာ လုံးဝမကြည့်တော့ဘူး။ မကောင်းတာတွေပဲ လုပ်လာတယ်။ ကျောင်းသား အိပ်ဆောင်အခန်းကို ဖဲရိုက်ခန်းအဖြစ် ပီပီပြင်ပြင် ပြောင်းလဲလိုက်တယ်။ ကျောင်းမတက်ဘူး။ ဆေးခြောက်ရှူ၊ ဖဲရိုက်၊ အရက်သောက်နဲ့ အချိန် ဖြုန်းနေတယ်။ ဒီလို မကောင်းတာတွေ လုပ်ဖို့အတွက် ဈေးဆိုင်တွေကိုသွားပြီး တခြားလူဆိုးတွေရဲ့ရန်က ကာကွယ်ပေးမယ်ဆိုပြီး “မိုက်ကြေး” တောင်းတယ်။ သွားလေရာမှာ ရန်ဖြစ်တယ်။ ရိုက်တယ်။ တခါတလေ နာမည်ကြီးချင်လို့ ရိုက်တယ်။ တခါတလေမှာတော့ ပျော်ချင်လို့ ရိုက်တယ်။

ဒါပေမယ့် အဲဒီလို သူမိုက်ခဲ့သမျှတွေဟာ ကလေးကစားသလောက်သာ ရှိတယ်ဆိုတာကို ရန်ကုန်မြို့ရဲ့ လမ်းသရဲဂိုဏ်းတွေနဲ့ တွေ့တဲ့အခါမှ သူသိလာရတယ်။ ရှေ့လာမယ့်နေ့ရက်တွေမှာ သူ့ဘဝဟာ မြန်မြန်ဆန်ဆန်ကြီး ဂျွန်းပြန် ကျဆင်းသွားတော့မယ် ဆိုတာကို ဘယ်သူမှ ကြိုတင် မရိပ်မိခဲ့ကြဘူး။

 


NEVER SAY DIE, အခန်း ၂ – လမ်းသရဲဂိုဏ်း

 
Never Say Die

အခန်း ၂
လမ်းသရဲဂိုဏ်း
The Road Devils
(၁၉၆၀- ၁၉၆၃)

ဒေးဗစ် မူးနေတုန်း၊ လမ်းသရဲဂိုဏ်း ခေါင်းဆောင်က ဓါးရှည်နှစ်ချောင်းကိုင်ပြီး စိန်ခေါ်ဖို့ ရောက်လာတယ်။

အဲဒီလူလည်း အရက်မူးနေတယ်။ “မင်းကိုယ်မင်း ဘာကောင် ထင်နေသလဲ? မင်း ဓါးတစ်ချောင်းယူ၊ ငါ ဓါးတစ်ချောင်းယူမယ်။ လာစမ်း၊ မင်း ဘာကောင်လဲဆိုတာ သိရအောင်” လို့ ကြိမ်းတယ်။ ဒေးဗစ်က မကြောက်တတ်ဘူး။ နောက်ကျောပေါ်မှာရှိတဲ့ အိတ်ကပ် သေးသေးလေး ထဲကနေ ဘရိတ်ဓါးကို ဝှစ်ကနဲ ဆွဲထုတ်လိုက်ပြီး၊ ထောက်ကနဲ နှစ်ပိုင်း ချိုးလိုက်တယ်။ စိန်ခေါ်နေတဲ့လူကို တစ်ပိုင်းပေးပြီး ခပ်မိုက်မိုက် စိုက်ကြည့်လိုက်တယ်။

ဓါးတွေကို ချထားလိုက်။ ငါတို့က ဒါပဲသုံးတယ်။” လို့ ဒေါသနဲ့ ဖြေတယ်။ ပြီးမှ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ စည်ပိုင်းတခုကို ညွှန်ပြတယ်။ “လာခဲ့၊ အဲဒီစည်ပိုင်းထဲ ခုန်ဝင်ပြီး၊ တစ်ယောက်နဲ့ တစ်ယောက် နွှာရအောင်။ မင်း ဘာကောင်လဲဆိုတာ သိရတာပေါ့။”

ရန်စတဲ့သူ လန့်ပြီး နောက်ဆုတ်သွားတယ်။ ဒေးဗစ်လည်း ရန်ကုန်မှာ သတ္တိအရှိဆုံး၊ ဘာကိုမှ ဂရုမစိုက်ဆုံး၊ လမ်းသရဲအဖြစ် နာမည် ခိုင်သထက် ခိုင်လာတယ်။ အရပ် ၅ ပေ ၉ ကိုးလက်မနဲ့ ပေါင် ၁၆၀ ရှိတဲ့သူဆိုတော့ ဗမာထဲမှာတော့ လူထွားတစ်ယောက်ပေါ့။ လေးယောက်၊ တစ်ယောက်ကို အေးအေးဆေးဆေး ယှဉ်ရဲတဲ့သူ။ ဒါက မြန်မာပြည်ရဲ့ အကြီးဆုံး အကြမ်းဆုံး လမ်းသရဲဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်မလာခင်က ဖြစ်ရပ်ပါ။

အင်္ဂလန်က လမ်းသရဲဂိုဏ်းကို အတုယူထားတဲ့ မြန်မာပြည်က လမ်းသရဲဂိုဏ်းတွေဟာ အမေရိကန်ပြည်က Hell’s Angels” ငရဲသားဂိုဏ်းတွေနဲ့ ဆင်တူတယ်။ ဆံရှည်ဂုတ်ဝဲ တယမ်းယမ်း၊ မုတ်ဆိတ်မွေး ထူပြစ်ပြစ်၊ သားရေဂျာကင်တွေ ဝတ်တယ်။ ပုဆိန်တွေ၊ ဒါးတွေသုံးတယ်။ တခြား လက်နက်တွေလည်း ဘောင်းဘီတွေထဲမှာ ဝှက်ထားတတ်တယ်။ လမ်းသရဲတွေက ဆိုင်ကယ်တွေ စီးပြီး၊ မြို့ပတ်ကာ ပြဿနာ ရှာတယ်။ အရက် အသောက် ကြမ်းတယ်။ ဖဲ အကြီးအကျယ် ရိုက်တယ်။ ရန်ပွဲတွေနဲ့ ပွဲကြမ်းကြတယ်။ ရန်ဖြစ်ရင် မောင်းချဒါးတွေ၊ သံတုတ်တွေ၊ ဆိုင်ကယ်ချိန်းကြိုးတွေ သုံးတတ်တယ်။ တက္ကသိုလ်ရောက်ပြီး မကြာခင်မှာပဲ ဒေးဗစ်ဟာ လမ်းသရဲဂိုဏ်းထဲ ရောက်သွားတယ်။ ကိုယ်တိုင်က အရက်သမား၊ ရန်များတဲ့သူဆိုတော့ သူငယ်ချင်းတွေနဲ့ ပါတီပွဲ တက်ရတာထက် လမ်းသရဲဘဝက သူ့အတွက် စိတ်ဝင်စားစရာ ပိုများတယ်။

လမ်းသရဲဖော်တွေနဲ့အတူ အရက်ဆိုင်တွေမှာ မကြာခဏ အရက် လျှောက်သောက်တယ်။ မူးလာရင် ရန်စချင်တယ်။ ဒါလည်း ကြာကြာမရှာရပါဘူး။ တခြားသူရဲ့ခွက်ထဲက ဘီယာအမြှုပ်စလေး သူ့အက်ျီပေါ်မှာ လာစင်တဲ့ အသေးအမွှားကအစ ရန်စ,ဖို့ အကြောင်း ရလာတတ်တယ်။

ဟေ့ မင်းဘာလုပ်တာလဲ?” လို့ ဒေးဗစ်က မူးမူးနဲ့ အော်မယ်။

စက္ကန့်ပိုင်းအတွင်းမှာ အရက်ဆိုင်တဆိုင်လုံး ထုကြ၊ ရိုက်ကြတော့တယ်။ ဒေးဗစ်နဲ့ သူ့ လမ်းသရဲ အပေါင်းအပါတွေက တခြားသူတွေကို ရိုက်နှက်ပြီးတဲ့ အခါမှာတော့ ပြန်ငြိမ်သွားကြပြီး၊ နဖူးက ချွေးတွေ သုတ်ကြတယ်။ ပြီးမှ ထောင်ထောင် ထောင်ထောင်နဲ့ နောက်ထပ် ရန်စဖို့ ထွက်လာကြပြန်တယ်။ ဒေးဗစ်ရဲ့ ဦးဆောင်မှုနဲ့ လမ်းသရဲတွေဟာ မကြာခင်မှာပဲ ရန်ကုန်မြို့ရဲ့လမ်းမတွေကို ကြီးစိုးလိုက်တယ်။ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အချိန်မဖြုန်းဘဲ သတ္တိရှိသလို အစွမ်းအစလည်း ရှိဖို့ ကြိုးစားခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ အမေရိကန်ပြန်ကြားရေး စာကြည့်တိုက်ကို သွားပြီး၊ Al Capone နဲ့ Lucky Luciano တို့လို အမေရိကန်မူးယစ်ရာဇာတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေ ဖတ်တယ်။ အဲဒီကနေ လူမိုက်ဂိုဏ်းကို ဦးဆောင်နည်း သင်ယူတယ်။ လမ်းသရဲဂိုဏ်းကို တမူထူးခြားအောင် လုပ်ဆောင်နိုင်စွမ်း အပြင်၊ သူ့ရဲ့အဓိက ဦးစားပေးအချက်ကတော့ ဂိုဏ်းသားတွေကို ငွေနဲ့အရက် ပုံမှန် ပေးနိုင်ဖို့ပါပဲ။

ဒီလိုဖြစ်နိုင်ဖို့ ဒေးဗစ်က ငွေညှစ်တဲ့ နေရာမှာ တော်တယ်။ ဥပမာ မြို့ထဲက တိတ်တိတ်ပုန်း ဖဲဝိုင်းတွေကို ပစ်မှတ်ထားတယ်။ ဖဲဝိုင်းမှာ ဒိုင်နဲ့ ထိုးသားတွေ စုံမယ့်အချိန်ကို မှတ်တယ်။ ပြီးရင် ပုဆိန်နဲ့ ချိန်းကြိုးတွေ ကိုင်ထားတဲ့ လမ်းသရဲဂိုဏ်းသား တစ်ဒါဇင်လောက်ကို ခေါ်သွားပြီး ဖဲဝိုင်းကို တိုက်ခိုက်တယ်။ ဖဲဝိုင်း အတိုင်ခံရမှာ ကြောက်သလို၊ လမ်းသရဲ အရိုက်ခံရမှာ ကြောက်နေတဲ့ ဖဲဒိုင်ဟာ ဘာမှ မတတ်နိုင်ဘူး။ ပြဿနာမဖြစ်အောင် ဒေးဗစ်ကို ပိုက်ဆံ ပုံပေးရတော့တယ်။

ဒေးဗစ်က အဲဒီဖဲဝိုင်းတွေဆီကို ထပ်ပြီးငွေညှစ်ဖို့ ခဏခဏသွားတယ်။ မြို့ထဲက အရက်ပုန်း ဆိုင်တွေကိုလည်း အရက် အလကားသောက်ရဖို့ ငွေညှစ်တယ်။ ဒီလိုနဲ့ လမ်းသရဲဂိုဏ်းအတွက် ပိုက်ဆံ ကောင်းကောင်းဖြည့်နိုင်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ တရားမျှတမှုအတွက် ရောဗင်ဟု Robin Hood လို လုပ်ချင်တာကို ဂိုဏ်းသားတွေက လက်ခံကြရတယ်။ ဆင်းရဲသားကို ကူညီချင်တဲ့အခါ သူ့ဟာသူ စည်းကမ်းထုတ်ပြီး ကူညီတယ်။ အထူးသဖြင့် သူဌေးတွေရဲ့ ပိုက်ဆံနဲ့ ကူညီတာပါ။ တခါတရံ ချမ်းသာတဲ့ မြေပိုင်ရှင်ရဲ့ မြေတွေကို သိမ်းယူပြီး ဆင်းရဲသားမိသားစုတွေကို ဝေပေးတယ်။ တခါတရံမှာ သူ့ကိုယ်ပိုင်ငွေနဲ့ စားစရာဝယ်ပြီး ငတ်မွတ်နေတဲ့ မိသားစုတွေကို ပေးတယ်။ အကြွေးဆပ်ပေးတယ်။ သူဌေးတစ်ယောက်က မိန်းကလေးကို ကိုယ်ဝန်ရပြီးမှ၊ ပစ်ထားတယ်လို့ သတင်းကြားရင် အဲဒီလူကို လိုက်ရှာပြီး၊ ဝါးလုံးနဲ့ ခြေထောက်နှစ်ဖက်စလုံးကို ရိုက်ချိုးကာ သင်ခန်းစာပေးတတ်တယ်။

ဒီလို ရောဗင်ဟုလို အမှန်တရားဘက်က ရပ်တည်တဲ့အတွက် ရန်ကုန်က ဆင်းရဲသားတွေ အမြင်မှာ ဒေးဗစ်ဟာ သူရဲကောင်းဖြစ်လာတယ်။ သူ့ကိုချစ်ကြတယ်။ ရဲလက်ကလွတ်ဖို့ အမြဲတမ်း ကာကွယ်ပေးကြတယ်။ အဲဒီတော့ ရဲက သူ့ကို ဘယ်တော့မှ ဆွဲမကုတ်နိုင်၊ မမိနိုင်ခဲ့ဘူး။ သူ့ဒဏ်ခံရတဲ့ သူဌေးတွေလည်း ထပ်ပြီးဒုက္ခပေးလာမှာ ကြောက်လို့ တိတ်တိတ်ပဲနေရတယ်။ လူမိုက်တစ်ယောက်က ဆင်းရဲသားတွေကို သနားတယ်ဆိုတာက နည်းနည်းထူးဆန်းသလို ရှိပါတယ်။ ဒါပေမယ့် ဘုရားသခင်က ဒေးဗစ်ရဲ့ စိတ်နှလုံးထဲမှာ အလုပ်လုပ်နေပြီ။ တနေ့ ဘုရားအတွက် အလုပ်လုပ်တဲ့အခါ ထူးကဲတဲ့ သနားစိတ်နဲ့ အလုပ်လုပ်ဖို့ ရင်ထဲမှာ အခြေတည်နေပါပြီ။

ဒေးဗစ်ရဲ့ စရိုက်ဟာ ဘာကြောင့် အဆိုး၊ အကောင်း ရောနေရသလဲ? မိဘတွေလို ထိပ်ဆုံး ရောက်ချင်တယ်။ ဒါပေမယ့် သမားရိုးကျနည်းဖြစ်တဲ့ ပညာရေးနဲ့တော့ မဟုတ်ဘူး။ ဉာဏ်ကောင်းတာလည်း သူ့ကိုယ်သူ သိတယ်။ ဒါပေမယ့် ကျောင်းစာ မလေ့လာချင်ဘူး။ “ဘွဲ့ရတွေထက် သာချင်တယ်၊ သာဖို့ အကောင်းဆုံးနည်းကလည်း လူမိုက်လုပ်တာပဲ လို့ ယူဆမိခဲ့တာ” လို့ နောက်ပိုင်းမှာ သူဝန်ခံခဲ့တယ်။

အများထင်တဲ့အတိုင်းပါပဲ ဒေးဗစ်ရဲ့ပညာရေးက အခြေအနေ ဆိုးတယ်။ ပထမနှစ် စာမေးပွဲကျတော့ အဲဒီအတန်းကိုပဲ နောက်တစ်နှစ် ဒေသကောလိပ်မှာ ထပ်ဖြေရတယ်။ စာမေးပွဲ အောင်အောင် ကြိုးစားပြီးမှ ဒုတိယနှစ် ကျောင်းသားအဖြစ် ၁၉၆၀ နှစ်မှာ တက္ကသိုလ် ပြန်နေခွင့်ရတယ်။

ဒါပေမယ့် စိတ်လှုပ်ရှားစရာ နိုင်ငံရေးအခြေအနေတွေကြောင့် ဒေးဗစ်ရဲ့ တက္ကသိုလ် ကျောင်းသားဘဝဟာ တပိုင်းတစနဲ့ ရပ်သွားတယ်။ စစ်တပ်က ၁၉၆၂ခုနှစ် မတ်လမှာ အာဏာသိမ်းလိုက်တော့ တိုင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းက ရုတ်တရက် ပြောင်းသွားတယ်။ လအနည်းငယ်အကြာမှာ ရန်ကုန်တက္ကသိုလ်က ကျောင်းသားထုကြီးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မှုတွေ ဆက်တိုက် ဖြစ်လာတယ်။ စစ်တပ်ကလည်း ဆန္ဒပြကျောင်းသားတွေကို ပစ်ခတ် ဖမ်းဆီးပြီး သတ်ပစ်တယ်။ စစ်တပ်က စ,ပစ်ချိန်မှာ ဒေးဗစ်ဟာ ဆန္ဒပြကျောင်းသားထုထဲမှာ ရှိနေတယ်။ ဒေးဗစ်က အနီးနားက မြောင်းထဲကို ခုန်ချပြီး အထိအခိုက်မရှိ လွတ်မြောက််သွားတယ်။ ဒါပေမယ့် သူ့အတန်းဖော်တွေ၊ သူငယ်ချင်းတွေ အများအပြားကတော့ အဲဒီလောက် ကံမကောင်း အကြောင်းမလှခဲ့ကြပါဘူး။

အရေးအခင်းထဲမှာ ရန်ကုန်တက္ကသိုလ် ပါဝင်ခဲ့တာကြောင့် ဒေးဗစ်လည်း ကျောင်းထွက်ခဲ့ရတယ်။ အဖေက သူ့ကို သင်္ဘောကျင်းမှာ အလုပ်သင် အင်ဂျင်နီယာအဖြစ် အလုပ်ရှာပေးတယ်။ အလုပ်ရရင် သူ့သားဘဝ တမျိုးပြောင်းမယ်လို့ မျှော်လင့်လို့ပါ။ ဒါပေမယ့် မပြောင်းလဲတဲ့အပြင် ဒေးဗစ်က လမ်းသရဲအမူအကျင့်တွေကို အလုပ်ခွင်ထဲ ယူလာတယ်။ အလုပ်ဖော်တွေကို အရက်တိုက်တယ်။ အရက်စွဲအောင်လုပ်တယ်။ လအနည်းငယ်ကြာတော့ ဒေးဗစ်ရဲ့ အထက်အရာရှိက စိတ်ဆိုးပြီး သင်္ဘောသားအဖြစ် အလုပ်လုပ်ဖို့ အလုပ်ပြောင်းခန့်လိုက်တယ်။ ဒါပေမယ့် အဲဒီမှာလည်း ဒေးဗစ်ရဲ့ အကျင့်စရိုက်က မပြောင်းလဲဘူး။ အချိန်ပြည့် အရက်သောက်ပြီး တခြား သင်္ဘောသားတွေနဲ့ ရန်ဖြစ်တဲ့အတွက် သင်္ဘောသားတွေက သူ့ကို ပင်လယ်ထဲ တွန်းချဖို့ ကြံစည်လာကြတယ်။

ဒေးဗစ်ရဲ့ မိဘတွေက သားဘဝတည်ငြိမ်ဖို့ ရှာကြံစဉ်းစားရင်း နောက်ဆုံးအလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ ရန်ကုန်မြို့ရဲ့ အမေရိကန်သံရုံးမှာ အလုပ်ရဖို့ စီစဉ်ကြတယ်။

ဒေးဗစ်၊ ဒီအလုပ်တော့ လက်မလွတ်စေနဲ့ကွယ်။ မိဘ မျက်နှာပျက်ရတာလည်း များပြီ။ ဒီတစ်ခါ ပြဿနာဖြစ်ရင်တော့ နောက်ထပ်အလုပ်ရမယ် မထင်တော့ဘူး။” လို့ အမေက သတိပေးတယ်။

ဒါပေမယ့် အမေ့စကားက သိပ်အရာမထင်ပါဘူး။ အရက်အလွန်အကျွံ ဆက်သောက်တော့ အလုပ်ထဲမှာ ပြဿနာတွေ ဆက်ဖြစ်တယ်။ တနေ့ အရက်မူးရင်း အလုပ်ဖော်တယောက်နဲ့ ရန်ဖြစ်ပြီး အဲဒီလူ သွားသုံးချောင်းကျိုးသွားတယ်။ ရလဒ်ကတော့ အမေရိကန်သံရုံးက ချက်ချင်းအရေးယူတာပါပဲ။ ဒါပေမယ့် ဒေးဗစ်က ဂရုမစိုက်ဘူး။ အလုပ်ကိုလည်း စိတ်မဝင်စားဘူး။ အဲဒီအစား သူ့ကို အဆွဲဆောင်ဆုံး အရာ သုံးမျိုးဖြစ်တဲ့ wine, wealth and women အရက်၊ ငွေနဲ့ မိန်းမကိုပဲ လိုက်ရှာဖို့၊ သူ့အစွမ်းအစတွေ အကုန်အသုံးချမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ သူ မိန်းမ သိပ်စွံတယ်ဆိုတာ မကြာခင် သူ့ကိုယ်သူ ရိပ်မိလာပါတော့တယ်။

 

NEVER SAY DIE, အခန်း ၃ – ကေသီ

Never Say Die

အခန်း ၃
ကေသီ
Kathy
(၁၉၆၃- ၁၉၇၄)

ရုပ်က ချော၊ အားကစားသမားလည်းဖြစ်၊ အသံကလည်းချိုတော့ ဒေးဗစ်ဟာ ဆယ်ကျော်သက် အရွယ်မှာ ရိုမီယို မင်းသားလေးလို ထင်ရှားလာတယ်။ အထက်တန်းကျောင်းကတည်းက မိန်းမချောလေးတွေနဲ့ သာယာနေတတ်ပြီ။ ရုပ်ရှင်နဲ့ ကပွဲတွေ သွားတိုင်း အသစ်တယောက် ထည်လဲတွဲတယ်။ စိတ်ကလည်း အသစ်ရှာဖို့ပဲ စဉ်းစားနေတယ်။

တနေ့ ပါတီပွဲတခုမှာ မိန်းကလေးနှစ်ယောက် အနားကဖြတ်သွားတဲ့အခါ မြင်မြင်ချင်း စွဲလန်းသွားတယ်။ ဖိလစ်ပိုင်ကလာတဲ့ ညီအစ်မနှစ်ယောက်လို့ သိရတယ်။ အကြီးက ကက်သလစ် မူလတန်း ကျောင်းဆရာမ။ အငယ်က ကယ်ရိုလင်း၊ နိုက်ကလပ်အဆိုတော်။ နှစ်ယောက်လုံး ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေနဲ့ အာရှရုပ်ရှင်မင်းသမီးလေးတွေ အလားပါပဲ။သူတို့နှစ်ယောက်ရဲ့ အဓိက ကွာခြားချက်က စိတ်သဘောထားပါပဲ။ ကယ်ရိုလင်းက ခပ်ရဲရဲ ခပ်သွက်သွက်။ ကေသီကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်။

ဒေးဗစ်က သူတို့အကြောင်း ပိုသိချင်တော့ ဆိုင်ကယ်နဲ့ သူတို့ကို အလည်ခေါ်တယ်။ သူတို့အရင် တခြားမိန်းကလေး အတော်များများလိုပါပဲ။ ဒီညီအစ်မနှစ်ယောက်လည်း စတိုင်ကျတဲ့ ကောင်လေးရဲ့ စိတ်လှုပ်ရှားစရာ ဆွဲဆောင်မှုတွေကြားမှာ မျောပါသွားတယ်။ ဒါပေမယ့် ဒေးဗစ်က ညီမထက် အစ်မကို ပိုသဘောကျတယ်။ သူကအေးဆေးပြီး အိမ်ထောင့်တာဝန် နိုင်နင်းမယ့်သဘောရှိတယ်။ သူနဲ့ လျှောက်လည်တယ်။ မကြာပါဘူး။ ချစ်သွားကြတယ်။ လက်ထပ်ဖို့အထိ ပြောကြတယ်

ဒါပေမယ့် ကေသီက ဒီအကြောင်းကို မိဘနဲ့တိုင်ပင်တဲ့အခါ လုံးဝ သဘောမတူကြဘူး။ “သူက သမီးထက် နှစ်နှစ်ငယ်တယ်။ ပြီးတော့ ကောင်လေးက စိတ်မငြိမ်ဘူး။ အလုပ်လည်း မရှိဘူး။ မင်းကို ဘယ်လို ရှာကျွေးမလဲ။” လို့ ကန့်ကွက်ကြတယ်။

ဒေးဗစ်ရဲ့မိဘတွေကလည်း အာရှထုံးစံအတိုင်းပါပဲ။ အသက်ကြီးတဲ့မိန်းကလေးကို မယူဖို့ ကန့်ကွက်ကြတယ်။ ဒါပေမယ့် မိဘစကားထက် ကိုယ့်စိတ်အလိုကို လိုက်ပြီး ခိုးပြေးကြတယ်။ မိဘတွေက အံ့အားသင့်ပြီး နာကျည်းစိတ်ပျက်သွားတယ်။ ကေသီ့မိဘတွေက ပိုဆိုးပါတယ်။ အဲဒီနောက် ချက်ချင်းပဲ တရားဝင်လက်ထပ်ဖို့ရန် မင်္ဂလာပွဲလေးကို ၁၉၆၃ ဇွန်လိုင် ၂၇ ရက်နေ့မှာ ကျင်းပတယ်။ နှစ်ဖက်မိဘတွေ မလာတော့ မင်္ဂလာပွဲကို ဒေးဗစ်ရဲ့အဒေါ်တွေက ဦးဆောင် လုပ်ပေးရတယ်။ သူက အသက် ၁၉ နှစ် မပြည့်သေးဘူး။ မိန်းကလေးက ၂၁ နှစ်။

ကေသီ့အနေနဲ့ ဒေးဗစ်ကိုလက်ထပ်တဲ့အတွက် မယုံကြည်နိုင်လောက်အောင် အဖိုးအခတွေ ပေးဆပ်လိုက်ရတယ်။ လက်ထပ်ပွဲအပြီးနောက်ပိုင်းမှာ သတင်းစာတစောင်ယူလာပြီး ဒေးဗစ်ကို ပြတယ်။

ကြည့်ပါဦး၊ ဖတ်ရတာ ကိုယ့်ကိုကိုယ်တောင် မယုံတော့ဘူး။” မျက်ရည်တွေဝဲကျရင်း ထောက်ပြလာတယ်။ သူ့မိဘတွေက သမီးအဖြစ်က စွန့်လွှတ်ကြောင်း၊ ကိုယ့်သဘောနဲ့ကိုယ် အိမ်ထောင်ပြုလို့ မိဘအရှက်ရကြောင်း သတင်းစာထဲမှာ ကြော်ငြာတယ်။

ကြော်ငြာဖတ်ပြီးတဲ့နောက် ဒေးဗစ်က ကေသီ့ကို သိုင်းဖက်လိုက်တယ်။ “မပူပါနဲ့ အချစ်ရယ်” လို့ မျက်ရည်တွေကို သုတ်ပေးရင်း ချက်ချင်း အာမခံတယ်။ “ကိုယ့်ကို လက်ထပ်လို့ မင်းဘာမှ စိတ်မညစ်ရဘူးလို့ ကိုယ်ဂတိပေးတယ်။ ကိုယ်အကုန် တာဝန်ယူတယ်။ စိတ်မပူပါနဲ့ကွာ။”

ပြောရတာ လွယ်ပါတယ်။ မကြာခင်မှာပဲ ဒေးဗစ်ဟာ လမ်းသရဲဖြစ်မှန်း ကေသီ သိသွားတဲ့အခါ အိမ်ထောင်သစ်ရဲ့ ပျော်ရွှင်မှုတွေလည်း ရုတ်တရက် ပျောက်ကွယ်ခဲ့ရတယ်။ လမ်းသရဲမှန်းသိရင် လက်မထပ်မှာစိုးလို့ လက်မထပ်ခင် ဒေးဗစ်က လိမ်ထားတယ်။ သိသွားတော့ လမ်းသရဲမလုပ်ဖို့ တောင်းပန်ရှာတယ်။

ဆင်းရဲတာက ကိစ္စမရှိပါဘူး။ အဲဒီငွေတွေလည်း မလိုချင်ဘူး။ လမ်းသရဲမလုပ်ပါနဲ့တော့။ ဒေးဗစ်ရယ် ကျွန်မကို သနားပါနော်။”

ဒါပေမယ့် ဒေးဗစ်က နှုတ်မရလောက်အောင် ကျွံနေခဲ့ပြီ။ အရက်နဲ့ဖဲကို စွဲနေရုံမျှမက ရန်ဖြစ်တာလည်း အကျင့်ပါနေပြီ။ အပြစ်ထဲမှာ ထောင်ချောက်မိနေခဲ့ပြီ။ အရက်ဖိုးအတွက် (သို့) ဖဲကြွေးဆပ်ဖို့အတွက် အိမ်ကပစ္စည်းတွေ ထုတ်ရောင်းတိုင်း ကေသီနဲ့ ရန်ဖြစ်နေမိပြီ။

အခြေအနေက ဆိုးသထက်ဆိုးလာတယ်။ အိမ်ထောင်ကျပြီးနောက် ဒေးဗစ်ဟာ ဟီးရိုးအင်း ဆိုတဲ့ နောက်ဆုံးပေါ် မူးယစ်ဆေးဝါးကို တိတ်တဆိတ် သုံးမိလာတယ်။ ရှူကြည့်တော့ကောင်းတယ်။ ဒါပေမယ့် ထိုးဆေးအဖြစ်သုံးလိုက်တော့ အရသာက မြင့်မြင့်မားမားပေးလာတယ်။ ဒါကို ကေသီ သိသွားတဲ့အချိန်ဟာ သိပ်နောက်ကျနေပြီ။ ဒေးဗစ် ဘိန်းဖြူစွဲနေပြီ။

ဘိန်းဖြူကို ဈေးကြီးကြီး ဝယ်သုံးရတဲ့အတွက် ပိုကြမ်းတဲ့နည်းတွေနဲ့ လုယက် တိုက်ခိုက်လာရတယ်။ အခကြေးငွေယူပြီး လူရိုက်ပေးတဲ့ ကြေးစားလူမိုက် ဖြစ်လာတယ်။ အများအားဖြင့် ဝါးလုံးနဲ့ ခြေသလုံးကို ရိုက်ချိုးပေးတတ်တယ်။ ညအချိန် သင်္ဘောဆိပ်တွေဘက်ကို သွားတတ်တယ်။ တနေ့တာ ဖမ်းမိလာတဲ့ ငါးတွေကို သင်္ဘောတွေ လှေတွေပေါ်က ချပြီးချိန်မှာ မိုက်ကြေးအဖြစ် ငါးတောင်းလေ့ရှိတယ်။ ရသမျှကို မနက်မှာ ပြန်ရောင်းလေ့ရှိတယ်။ ကျောင်းခန်းထဲမှာ ဖဲဝိုင်းထောင်ပြီး ဒိုင်ကြေး ကောက်တယ်။ အမိကျောင်းတော် ရန်ကုန်တက္ကသိုလ်ကို ပြန်လာပြီး ချမ်းသာတဲ့ ကျောင်းသားတွေကို ဘိန်းဖြူ ,ပေးတယ်။ အဲဒီကျောင်းသား အများစု ဘိန်းဖြူစွဲလာတယ်။ မိဘအိမ်က အဖိုးတန် လက်ဝတ် ရတနာတွေကိုပင် ခိုးလာပြီး အတုတွေနဲ့ အစားထိုးတယ်။ အစစ်တွေကို ရောင်းပြီး မူးယစ်ဆေး ဝယ်တယ်။

ဒေးဗစ်ရဲ့ ပေါ့ပျက်ပျက် နေပုံထိုင်ပုံဟာ ကေသီအတွက် စိတ်ညစ်စရာ ပိုပိုဖြစ်လာတယ်။ ဆယ်နှစ်တာကာလမှာ ကလေးငါးယောက် – (သားလေးယောက် သမီးတယောက်) ရတယ်။ Mark (၁၉၆၄) ၊ Kevin (၁၉၆၆) ၊ Sharon (၁၉၆၈) ၊ David Jr. (၁၉၇၀) နဲ့ Timothy (၁၉၇၃) တို့ ဖြစ်ပါတယ်။ ကလေးတွေကို ပြုစုရတဲ့ တာဝန်က ကေသီအပေါ်မှာ လုံးလုံးကျနေတယ်။ ဒေးဗစ်က အိမ်မှာ မရှိတတ်ဘူး။ အိမ်ပြန်လာချိန်ကလည်း ညဉ့်နက်တတ်တယ်။ အရက်မူးပြီး ကြမ်းတယ်။ အဖေလာသံ ကြားရင် ကလေးတွေက ကုတင်အောက်မှာ ပုန်းကြရတယ်။ အိမ်ထဲကို အော်ဟစ် ကြိမ်းမောင်းပြီး ရမ်းရမ်းကားကား ဝင်လာတယ်။ တခါတရံ ကေသီကို ရိုက်တယ်။ လက်နဲ့လည်း ရိုက်တတ်သလို ခြေထောက်နဲ့လည်း ကန်တတ်တယ်။ အငယ်ဆုံး သားကလေး Timothy ကို ကိုယ်ဝန် လွယ်ထားချိန်မှာဆိုရင် လည်ပင်းညှစ်သတ်ဖို့ ကြိုးစားဖူးတယ်။ ငါးနှစ်သမီး Sharon ရှရွန်က တံမြက်စည်း ဆွဲပြီး နောက်ကနေ ဝင်ရိုက်တယ်။ ဒေးဗစ်က နောက်လှည့်ပြီး ရိုက်တဲ့သူကို ရှာနေတုန်း ကေသီက ပြတင်းပေါက်ကနေ ခုန်ပြီး ထွက်ပြေးရတယ်။ တခါတရံမှာတော့ မတတ်နိုင်တော့ဘူး။ ကလေးတွေကို ထားခဲ့ပြီး ယောက္ခမအိမ်ဖက် ပြေးပုန်းရတယ်။

ဒေးဗစ်က မိသားစုကို ငွေကြေးတာဝန်မယူတာ အနေကြာလာတော့ ကေသီနဲ့ ကလေးတွေကို မိဘကပဲ ထောက်ပံ့ရတယ်။ သူကတော့ အပြင်မှာ အရက်သောက်နေ၊ ဘိန်းဖြူသုံးနေတယ်။ မိဘပေးတဲ့ ငွေကြေးကို ကေသီက ဒေးဗစ်မသိအောင် ဖွက်ထားရတယ်။ သူ့လက်ထဲရောက်ရင် သုံးဖြုန်းပစ်မှာကို သိနေတယ်။ ဒေးဗစ်မှာ ပိုက်ဆံမရှိရင်၊ အရက်နဲ့ မူးယစ်ဆေးဝယ်ဖို့ ငွေလိုရင် အိမ်ရဲ့ စားစရိတ်ငွေကို ကေသီဆီမှာ ရိုက်နှက်ပြီး လုယူတတ်တယ်။

ပေးစမ်း၊ အဲဒါတွေအကုန်လုံး၊ ငါ့အမေ ပေးတာတွေ” လို့ တောင်းတတ်တယ်။ ကေသီငြင်းရင် ဒေးဗစ်ရဲ့ ဒေါသမီးက ကြောက်စရာ တောက်လောင်လာတယ်။ တခါဆိုရင် ပိုက်ဆံမပေးလို့ သားလှီးဓါးနဲ့တောင် ခြိမ်းခြောက်ဖူးတယ်။

ဒေးဗစ်ရဲ့ အမေကတော့ သူ့မြေးကလေးတွေရဲ့ သနားစရာဘဝကိုကြည့်ပြီး ကြေကွဲနေတယ်။ ကလေးတွေကို ကေသီ ခွင့်ပြုချက်နဲ့ အိမ်မှာ လာနေခိုင်းတယ်။ ကျောင်းပိတ်မှပဲ အိမ်ပြန်ကြရတယ်။ ဒေးဗစ်ကတော့ ဘာမှမပြောင်းလဲဘူး။ ဘာကိုမှလည်း ဂရုမစိုက်ဘူး။

ကေသီက သူ့ယောက်ျားကို ဘယ်လိုမှ မထိန်းနိုင်တော့ဘူး။ ရန်ဖြစ်လည်း မရ၊ တောင်းပန်လည်း မရ၊ ရှင်းပြလည်း မရ၊ ငိုနေလို့လည်း မရ၊ ထားပစ်ခဲ့မယ်နော် လို့လည်း နှစ်ကိုယ်ကြား ခဏခဏ ခြိမ်းခြောက်မိတယ်။ ဒါပေမယ့် ကလေးတွေရှိနေတော့ တကယ်မလုပ်နိုင်ပါဘူး။ လူတွေအမြင်မှာတော့ ယောက်ျားအပေါ် သိပ်သစ္စာရှိတယ်လို့ မြင်ကြတယ်။

တနေ့ သူ့အဖေက ပြောတယ်။ “ကေသီ ပါပါတို့ တမိသားစုလုံး ဖိလစ်ပိုင်ကို ပြန်တော့မယ်။ မင်း ဘာဖြစ်လို့ မလိုက်ချင်သလဲ သမီးရယ်။ ဘာတခုမှ မကောင်းတဲ့ မင်းယောက်ျားကို ထားပစ်ခဲ့၊ ဟိုမှာ ဘဝအသစ် ပြန်စလိုက်စမ်းပါ သမီးရယ်”

အဖေ့စကားကြောင့် ကေသီ တုန်လှုပ်သွားတယ်။ ဟိုအရင်က အဖေ့စကား နားမထောင်ခဲ့တော့ အဖေ့ကို တခါ အရှက်ရစေခဲ့ဖူးတယ်။ အဖေ့ကို ရိုရိုသေသေ လေးလေးစားစားပဲ ပြန်ပြောပါတယ်။ Thank you, Papa” သမီးကို ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သမီး ဒေးဗစ်ကို ချစ်လို့ ယူခဲ့တာပါ။ သူနဲ့ပဲ ဆက်နေမယ်။ ပါပါတို့ အားလုံး ဖိလစ်ပိုင်ကို ပြန်ပါ။ သမီးယောက်ျားနဲ့ ကလေးတွေနဲ့ အတူ ဒီမှာ နေခဲ့ပါမယ်။”

ဒီလောက် ဆိုးဝါးတဲ့ နှစ်ကာလတွေတလျှောက်လုံး ကေသီကို စိတ်ဓါတ် တည်ကြည် ခိုင်မာစေတဲ့ အရာတခု ရှိပါတယ်။ သခင်ယေရှုခရစ်တော်အပေါ်မှာ ထားတဲ့ မရွေ့လျော့ မတိမ်းယိမ်းတဲ့ ယုံကြည်ခြင်းပါ။ ဒေးဗစ် အိမ်မှာမရှိရင် မကြာခဏလာပြီး ကူညီထောက်ပံ့တတ်တဲ့ ဒေးဗစ်ရဲ့အမေ ဒေါ်အဲလိဇဘက်နဲ့ ရင်းနှီးလာပြီးနောက်ပိုင်း Born again ခရစ်ယာန်တယောက် ဖြစ်လာတယ်။ ဒေါ်အဲလိဇဘက်လည်း အရင်က သာမန်ခရစ်ယာန် တယောက်ပါပဲ။ နောက်တော့ မြန်မာပြည်က ဧဝံဂေလိဆရာ တယောက်အားဖြင့် Born again တဖန်မွေးဖွါးတဲ့ ဘုရားသားသမီး ဖြစ်လာတယ်။ ဘုရားသခင်ထံမှ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ခံစားရတဲ့အခါ ချက်ချင်းပဲ သားသမီးတွေကို ယုံကြည်ခြင်းအကြောင်း ပြောပြတယ်။ ဒေးဗစ်ကတော့ အစကတည်းက ဘာသာရေးကို လုံးဝ စိတ်မဝင်စားဘူး။ ဒါပေမယ့် ကေသီက ယောက္ခမကြီး ပြောသမျှကို မှတ်ထားတယ်။ မကြာပါဘူး သူ့အသက်တာကို ယေရှုခရစ်တော်ထံ အပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် နေ့စဉ် ကြုံတွေ့ရသမျှအတွက် ရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ်အင်အား ရှိလာရုံမျှမက၊ လေလွင့်နေတဲ့ ယောက်ျားအတွက်လည်း မျှော်လင့်ချက် ထားလာနိုင်တယ်။

ဒေါ်အဲလိဇဘက်နဲ့ ကေသီဟာ ချက်ချင်း ရင်းနှီးလာကြတယ်။ သခင်ယေရှုကို ချစ်တဲ့စိတ်နဲ့ ဒေးဗစ်အပေါ် စိတ်မကောင်းဖြစ်တာခြင်း တူကြလို့ စိတ်နှလုံးချင်း စွဲကပ်လာတယ်။ ဒေးဗစ် အရက်မူးလာ၊ ကြမ်းလာရင် ဒေါ်အဲလိဇဘက် ရောက်လာပြီး ကေသီနဲ့အတူ ဆုတောင်းတတ်တယ်။ အရက်မူးလာ၊ ဆေးသုံးပြီး အိမ်ပြန်လာချိန်မှာ အမေနဲ့ မိန်းမ ဒူးထောက်ပြီး သူ့အတွက် ဆုတောင်းပေးနေတာကို မကြာခဏ တွေ့ရတတ်တယ်။

ဒါကို မြင်ရင် ဒေးဗစ် စိတ်တိုပြီး အော်ဟစ်ဆူပူတတ်တယ်။ “ဒီကို ဘယ်သူခေါ်လို့ လာသလဲ မာမား? ဘာမှပြောမနေနဲ့၊ ထွက်သွား။ ခင်ဗျားတို့မိန်းမတွေ ကျုပ်ကို ဘာသာရေးထဲ သွတ်သွင်းချင်နေတာ တော်လောက်ပြီ။”

ဒေါ်အဲလိဇဗက်နဲ့ ကေသီတို့ကတော့ ဒေးဗစ် တားလို့မရပါဘူး။ သူ့အတွက် ပုံမှန်မပျက် အတူ ဆုတောင်းဆဲပါပဲ။ ဒါပေမယ့် ဆုတောင်းသံတွေကို ကောင်းကင်က မကြားသလိုပဲ။ ဒေးဗစ်က ဘိန်းဖြူ စွဲသထက် စွဲလာသလို၊ သူ့ကျန်းမာရေးလည်း ဆိုးလာတယ်။ တနေ့မှာတော့ ဒေးဗစ် ဆေးထလာတဲ့ ဝေဒနာတွေ ဆိုးလွန်းလို့ ကေသီကိုယ်တိုင် အိမ်ကထွက်ပြီး၊ ဘိန်းဖြူ ဝယ်ပေးခဲ့ရတယ်။

နှစ်ပေါင်းများစွာ ဘိန်းဖြူ သုံးနေတော့ ဒေးဗစ်ရဲ့ ကိုယ်အလေးချိန်ဟာ ၁၁၅ ပေါင်အထိ လျော့ကျလာတယ်။ အားမရှိတော့သလို၊ မျက်လုံးကလည်း ရောဂါကြောင့် ဝါနေပြီ။ ရောဂါရနေပြီဆိုတာတော့ သူသိတယ်။ ကေသီက ဆရာဝန်ပြဖို့ တိုက်တွန်းနေပေမယ့် သူက ခေါင်းမာမာနဲ့ ငြင်းနေတယ်။

နောက်ဆုံးတော့ အားနည်းနေလွန်းလို့ ဆေးခန်းမပြချင်ဘဲ ပြဖို့ လက်ခံလိုက်ရတယ်။ ကေသီက အိမ်မှာ ကလေးတွေနဲ့ နေတုန်း၊ ဒေါ်အဲလိဇဗက်က သားကို ရန်ကုန်ဆေးရုံကြီးကို ခေါ်သွားရတယ်။ အဲဒီအချိန်မှာ ဒေးဗစ် သိပ်အားနည်းနေပြီ။ ပြင်ပလူနာခန်းအထိ လမ်းလျှောက်ဖို့ အားအင်မရှိသလောက် ဖြစ်နေပြီ။

ချက်ချင်းပဲ ဆရာဝန်က ဒေးဗစ်ကို ဆေးစစ်တယ်။ မေးခွန်းတွေ မေးတယ်။ ပြီးမှ သိပြီဆိုတဲ့ သဘောနဲ့ ခေါင်းငြိမ့်တယ်။ ဒါမျိုး လူနာတွေ အများကြီးတွေ့ဖူးနေပြီပဲ။ စာရွက်လေးထဲမှာ ရေးမှတ်လိုက်ပြီးတော့ သူနာပြုဆရာမကို တခုခု ခပ်တိုးတိုး ပြောလိုက်တယ်။ ဆရာမက လူနာတင်ဖို့ တွန်းလှည်းတစီး မှာလိုက်ပြီး၊ ဒေးဗစ်ကို အဲဒီအပေါ်မှာ လှဲခိုင်းလိုက်တယ်။ ဘာမှရှင်းမပြဘဲ ဒေးဗစ်ကို အခန်းထဲကနေ ထုတ်ပြီး၊ စင်္ကြတလျှောက် တွန်းထုတ်သွားကြတယ်။

အဲဒီအချိန်မှာ ဒေးဗစ်ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ တသီတသန်းကြီးပေါ်လာနေတယ်။ “ဘာဖြစ်တာပါလိမ့်? စိုးရိမ်ရသလား? ပြန်သက်သာပါဦးမလား? ငါ့ကို ဘယ်ခေါ်သွားနေတာပါလိမ့်? ပျောက်ဖို့ ဘယ်လောက်ကြာမလဲ?

သူ အရမ်းသိချင်နေပြီ။

 

NEVER SAY DIE, အခန်း ၄ – လူနာဆောင် ၂၁ မှ သေခါနီးလူ

Never Say Die

 

အခန်း ၄
လူနာဆောင် ၂၁ မှ သေခါနီးလူ
Dying in Ward 21
၁၉၇၄

ကျွန်မသားလေး ဘယ်လိုနေလဲ .. ဆရာ?” ဒေါ်အဲလိဇဘက် စိုးရိမ်တကြီး မေးလိုက်တယ်။ ဆရာဝန်ကြီးရဲ့ စိတ်ထိန်းထားတဲ့ အမူအယာကြောင့် သတင်းကောင်း မဖြစ်နိုင်ဘူးလို့ သိလိုက်ပါတယ်။

ဆရာဝန်ကြီးက ဒေါ်အဲလိဇဘက်ကို ငေးငေးငိုင်ငိုင်ကြည့်လိုက်ရင်း သက်ပြင်းရှည်ကြီးချတယ်။ “ဒေါ်အဲလိဇဘက် ပြောရမှာ စိတ်မကောင်းဘူး။ ခင်ဗျားသားက တပတ်ပဲ အသက်ရှင်တော့မယ်”

ဆရာဝန်ကြီးရဲ့ပြောစကားတွေက ဒေါ်အဲလိဇဘက်ရဲ့ နှလုံးသားကို ထရပ်ကားတစီးလိုပဲ နင်းချေသွားတယ်။ “ဘယ်လို” ကြားရတဲ့စကားကို မယုံနိုင်ဘူး။

ခင်ဗျားသားက အသည်းရောင်ရောဂါရတာ ကျွမ်းနေပြီ။ မသန့်တဲ့ ဆေးထိုးအပ်တွေကြောင့် ဖြစ်မယ်ထင်တယ်။ သူ့အသည်းက တအားကြီးနေပြီ။”

ဒေါ်အဲလိဇဘက် ဘာမှမပြောတတ်တော့ပါ။ “ဒါပေမယ့် သူ့အတွက် ဆရာ တခုခုလုပ်ပေးလို့ မရတော့ဘူးလား”

ဆေးရုံကို စောစောရောက်လာရင်တော့ တခုခုလုပ်ပေးလို့ ရမှာပေါ့။ အခုတော့ လွန်သွားပြီ။” အမေတယောက်ရဲ့မျက်ရည်ကို မြင်လိုက်ရတဲ့ ဆရာဝန်ကြီးဟာ ရိုသေစွာနဲ့ မျက်လွှာချလိုက်ရတယ်။

ဒေါ်အဲလိဇဘက်ဟာ အတော်ကြာအောင် မလှုပ်မယှက် ထိုင်နေမိတယ်။ ကြားရတဲ့စကားကို သူ့နှလုံးသားက ခံယူနိုင်စွမ်းမရှိဘူး။ ခဏကြာ ငြိမ်သက်နေပြီးမှ မျက်ရည်တွေကို သုတ်ဖယ်လိုက်တယ်။ “ဒါဆို ဆရာ ….. ကျွန်မအခု ဘာလုပ်ရမလဲ”

ဆရာဝန်ကြီးက မဖြေခင် သက်ပြင်းကြီး တချက်ချလိုက်တယ်။ “ကျွန်တော် တကယ်စိတ်မကောင်းပါဘူး ဒေါ်အဲလိဇဘက်၊ အခုအချိန်မှတော့ ဘာမှလုပ်လို့ ရမယ်မထင်တော့ဘူး။”

ဆရာဝန်ကြီးက ထွက်သွားဖို့ပြင်ရင်း မတ်တပ်ရပ်လိုက်တယ်။ ဒေါ်အဲလိဇဘက် ဟာ ချက်ချင်း စိတ်ထိန်းလိုက်ပြီး ရန်ကုန်ဆေးရုံကြီးရဲ့ လူနာဆောင်အမှတ်၂၁ ဘက်ကို ခြေဦးတည်လိုက်ပါတယ်။ အခန်းထဲဝင်လိုက်တော့ အိပ်ယာပေါ်မှာလှဲနေတဲ့ သားဒေးဗစ်ကို တွေ့တယ်။ ဖြူဖတ်ဖြူရော်နဲ့ မလှုပ်မယှက်ဖြစ်နေပြီး အသားဝါ မျက်လုံးတွေက မျက်နှာကြက်ကို ကြောင်တောင်တောင် ငေးကြည့်နေပြီ။ တသက်လုံး ဒုက္ခပေးခဲ့တဲ့ ခေါင်းမာတဲ့ သားဆိုးဆိုတဲ့ပုံ မပေါ်တော့ဘူး။

ဆရာဝန်ကြီး ဘာပြောလဲ မာမီ” ဒေးဗစ်က အားလျော့လျော့နဲ့ မေးတယ်။ “ကျွန်တော် သေတော့မယ်ထင်တယ်။ ကျွန်တော့ကိုယ်မှာ သေတော့မယ့်အတိုင်း ခံစားနေရတယ်”

ဒေါ်အဲလိဇဘက် အားယူပြုံးလိုက်ပြီး ပြန်ဖြေတယ်။ “သားနေကောင်းသွားမှာပါ။ အနားယူပြီးတော့ ဆရာဝန်ကြီးတွေ ပြောတဲ့စကား နားထောင်နော် သား။”

ဝှက်ထားဖို့ မကြိုးစားပါနဲ့ မာမီ ၊ သေချင်လည်း သေပါစေပေါ့ဗျာ။” ဒေးဗစ်ညည်းတယ်။

သေခါနီးအချိန်ထိ ဒေးဗစ်က ဟန်ဆောင်တာကို မကြိုက်တတ်ဘူး။ လူနာဆောင်အမှတ် ၂၁ ကို ဘယ်လိုလူနာမျိုးတွေကို ပို့တယ်ဆိုတာ သိတယ်။ အသည်းရောင်အသားဝါ လူနာတွေပေါ့။ သူ့အရင်က အပေါင်းအသင်းတွေလည်း ဒီအခန်းထဲမှာပဲ အသက်ချုပ်ရတယ်။ အခန်းထဲက တခြားလူနာတွေကို ကြည့်ရင်း နားလည်ပါတယ်။ သူတို့လိုပဲ သူလည်း သနားစရာ ဇာတ်သိမ်းခန်း ရောက်နေပြီ။

အသားဝါရောဂါမဟုတ်လား မာမီ” ဒေးဗစ် မျက်လုံးဖွင့်ရင်း မေးလိုက်တယ်။ “ကျွန်တော့အသည်းအကြောင်း ဆရာဝန်ကြီးပြောတာ ကြားလိုက်တယ်။ လူနာဆောင် အမှတ်၂၁ မှာ ဇာတ်သိမ်းသွားတဲ့ လူတွေလည်း ကျွန်တော်သိတယ်။ အဲဒီတော့ ကျွန်တော် ဘယ်နှစ်ရက်လောက် အသက်ရှင်ခွင့်ရမယ်လို့ ပြောသလဲ။”

သားရဲ့တည့်တိုးစကားကြောင့် ဖုံးကွယ်လို့မရတဲ့ ဒေါ်အဲလိဇဘက်ဟာ အသေတဝက် အလန့်တဝက်နဲ့ ရုတ်တရက် မျက်တောင်ခတ်လိုက်တယ်။ ဒါပေမယ့် သူ့ခံစားချက်ကို ဒေးဗစ်မသိအောင် အတတ်နိုင်ဆုံး ကြိုးစားရင်း သားလက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်ပြီး ဆူလိုက်တယ်။ “တော်ပြီ – တော်ပြီ ဆရာဝန်ကြီးက စိတ်သိပ်မလှုပ်ရှားနဲ့ ရောဂါဆိုးလာမယ်လို့ ပြောထားတယ်။ ခဏငြိမ်ငြိမ်လေး အနားယူလိုက်။ နောက် သား အားရှိတော့မှ စကားပြော။”

ပြောလက်စ စကားသံ တိတ်သွားကြတယ်။ ဒေါ်အဲလိဇဘက်မှာ ဘာမှ ပြောစရာမရှိတော့ဘူး။ မျက်လုံးမှိတ်ပြီး တိတ်တိတ်ပဲ ဆုတောင်းနေတော့တယ်။ အဲဒီအချိန်မှာ ဒေးဗစ်ကလည်း အိပ်ယာထဲ လဲနေရုံကလွဲပြီး ဘာမှမတတ်နိုင်။ အမေ့ပါးစပ်က ဘာပြောမလဲပဲ တိတ်တိတ် စောင့်ကြည့်နေရတယ်။ မြန်မာပြည်ရဲ့ အကြမ်းဆုံးလမ်းသရဲ ဂိုဏ်းခေါင်းဆောင်လို့ မာနတက်ခဲ့တဲ့လူက အခု အကြီးအကျယ် လှဲချခံနေရချိန်ပဲ။ လူနာဆောင်မှာ မလှုပ်မယှက်လှဲနေရင်း သေဖို့စောင့်နေရပြီ သူ့ကို သင်္ဂြိုဟ်ပေးမယ့် အမေရဲ့အပြုအမူတွေကို ငေးကြည့်နေရပြီ။

ဒေးဗစ် တဘက်ကို စောင်းလှည့်ကြည့်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမယ့် ဗိုက်ထဲက စူးစူးရှရှ နာလာတာကြောင့် လက်လျှော့လိုက်ရတယ်။ ငါ တကယ်သေတော့မလား မသိဘူးလို့ စိတ်ထင်လာတယ်။ မသန့်တဲ့ ဆေးထိုးအပ်တွေကြောင့် အသားဝါဖြစ်ဖူးတဲ့ သူငယ်ချင်းတွေအကြောင်း စဉ်းစားမိတယ်။ သူတို့ တယောက်မှ ရောဂါ မပျောက်ဘူး။ သူ ဘယ်ကနေ ဒီရောဂါရလာပါလိမ့်။ မသန့်တဲ့ ဆေးထိုးအပ်လည်း ငါမသုံးဖူးပါဘူး။ သုံးမိလို့လား။ ဆေးထလာပြီဆိုရင်တော့၊ အပ်မရွေးတော့ဘူးပေါ့။ ဘယ်သူ့အပ်ကြောင့် ကူးတာပါလိမ့်။ ငါ ဆေးရုံကဆင်းရင်တော့၊ ငါ့ကို ရောဂါကူးအောင်လုပ်တဲ့ကောင်ကို ရှာပြီး၊ ကောင်းကောင်း ဆုံးမရဦးမယ်။

အခန်းကို လှည့်ကြည့်လိုက်တယ်။ တခြားလူနာတွေလည်း သူ့လိုပဲ ရောဂါကိုယ်စီနဲ့ အားလျော့လျော့နဲ့ လဲနေကြတယ်။ နောက်ထပ် ဘယ်သူအရင်သေမလဲလို့ အားလုံး တွေးနေကြတယ်။ လူနာတယောက် ဆိုရင် ဝေဒနာပြင်းလွန်းလို့ ညည်းညူအော်ဟစ် နေရတယ်။ ခဏကြာတိုင်း သူနာပြုဆရာမတယောက် ဝင်လာပြီး လူနာတယောက်ကို စစ်မယ်။ နည်းနည်းပါးပါး ချရေးမယ်။ ပြီးရင် အနံ့အသက်မကောင်းတဲ့ အခန်းထဲကနေ အမြန်ဆုံးပြေးထွက်မယ်။ အဲဒါ လူနာဆောင်အမှတ်၂၁ ပါပဲ။

တဘက်ကို စောင်းလို့မရတော့ မျက်နှာကြက်ကို ငေးကြည့်ရတယ်။ ငါသေရင် ဘာဆက်ဖြစ်မလဲ။ တသက်လုံး နေချင်သလို နေခဲ့ပြီးပြီ။ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ။ ရန်ဖြစ်တိုင်းလိုလို နိုင်ခဲ့ပြီးပြီ။ မက်ထရစ်စာမေးပွဲ အောင်ပြီးပြီ။ ရန်ကုန်တက္ကသိုလ်လည်း ရောက်ပြီးပြီ။ ရသမျှအစားအသောက် အားလုံးလိုလို စားသောက်ဖူးပြီ။ သူများထက်လည်း ပိုသောက်ခဲ့ဖူးပြီ။ သူ့ခေတ်က မိန်းမချောလေးတွေနဲ့ တွဲခဲ့ဖူးပြီ။ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ အောင်အောင်မြင်မြင် အနိုင်ယူကြီးစိုးခဲ့ဖူးပြီ။ ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားပြီး ဖြစ်လည်းဖြစ်ခဲ့ပြီ။

မာမီ သွားတော့မယ် ဒေးဗစ်။” အမေ့အသံကြောင့် သူ့အတွေးတွေ လန့်ဖြန့်သွားတယ်။ “ကေသီနဲ့ ကလေးတွေကို သွားကြည့်လိုက်ဦးမယ်။ နောက်မှ မာမီ ပြန်လာမယ်။”

ဟုတ်ကဲ့၊ ကောင်းပါတယ်။” ဒေးဗစ် စကားမပီမသ ဖြေတယ်။ “နားဦးလေ၊ မာမီ ပင်ပန်းရောပေါ့။ ကျွန်တော့အတွက် မစိုးရိမ်နဲ့။ မာမီ ပြန်လာလို့ ကျွန်တော် မသေသေးရင် ပြန်တွေ့ကြတာပေါ့။”

တော်တော့” ဒေါ်အဲလိဇဘက် အော်လိုက်တယ်။ “အဲလိုမပြောရဘူး။ ဆေးရုံမှာ ကောင်းကောင်းနေ သက်သာလာလိမ့်မယ်။ မင်းရောဂါပျောက်အောင် ဘုရားသခင်ထံမှာ မာမီ ဆုတောင်းနေတယ်။”

အင်း၊ အင်း” ဒေးဗစ် ရေရွတ်တယ်။ “ကျွန်တော့လို ရောဂါတွယ်နေတဲ့ ဒီကိုယ်ခန္ဓာကြီးကို ဘုရားသခင်ကတောင် တို့ချင် ထိချင်မယ် မထင်ဘူး။”

ဒေါ်အဲလိဇဘက်က ငုံ့ပြီး ဒေးဗစ်ရဲ့ခေါင်းအုံးအောက်မှာ ပစ္စည်းတခု ထည့်လိုက်တယ်။ “မာမီ ဒီမှာ ကျမ်းစာအုပ်ထားတယ်နော်သား၊ မင်းဖတ်ချင် ဖတ်ဖို့ ထားပေးတယ်။ စိတ်သက်သာချင်ရင် ဘယ်ကျမ်းကို ဖတ်ရမလဲဆိုတော့….. ”

ထားလိုက်ပါ မာမီရာ” ဒေးဗစ် ဖြတ်ပြောတယ်။ “အရင်ကလည်းမဖတ်ဘူး။ အခုရော ဖတ်မယ်လို့ ထင်သလား၊ ဒီလို အချိန်ကြီးမှာဗျာ။”

ဒေါ်အဲလိဇဘက်က မပြန်ခင်မှာ သားရဲ့လက်ကို ဖျစ်လိုက်ရင်း သားနဖူးကို ငြင်ငြင်သာသာ နမ်းလိုက်တယ်။ အမေပြန်တာကို ကြည့်ရင်း ဒေးဗစ်တွေးလိုက်တယ်။ စိတ်မလျှော့ကြသေးပါလား။ သူတို့မေတ္တာနဲ့ ငါမထိုက်တန်ဘူးဆိုတာ ဘုရားသခင် သိပါတယ်။

ဒေးဗစ်မှာ အချိန်နဲ့အမျှ အိပ်မရတဲ့အဖြစ်က ဆိုးလာတယ်။ နာကျင်တာတွေ ပိုလာတယ်။ အားက ယဲ့ယဲ့ပဲရှိတော့တယ်။ စိတ်က ပိုပျံ့လွင့်လာတယ်။ သေခါနီး ဆိုတာ ဒါမျိုးလားလို့ စိတ်ထင်လာတယ်။ မျက်နှာကြက်ကို ငေးကြည့်ရုံကလွဲလို့ တခြားအလုပ်မရှိတော့ အကြောင်းအရာ တခုပြီးတခု ဖျတ်ကနဲ ဖျတ်ကနဲ တွေးမိတယ်။ ဒီကမ္ဘာပေါ်မှာ ငါဘာတွေ လုပ်နေပါလိမ့်။ အခု သေရတော့မယ်ဆိုတော့ လင်ယောက်ျားကောင်း၊ အဖေကောင်းတယောက် မဖြစ်ခဲ့တဲ့အတွက် အတော် ဝမ်းနည်းမိတယ်။ “နောင်ဆိုရင် ဒီထက် ပိုကောင်းအောင်နေမယ်လို့ တွေးမိတယ်။ ဒါပေမယ့် နောင်တချိန်ဆိုတာ ရှိပါဦးမလား။ တမလွန်အကြောင်းလည်း သိပ်မစဉ်းစားဖူးဘူး။ သေပြီးရင် ဘာတွေဖြစ်လာမလဲ။”

လက်မောင်း ပေး” သူနာပြုဆရာမရဲ့ စကားသံဟာ သူ့အတွေးကို လန့်ဖျပ်သွားစေတယ်။ ဆရာမက သွေးပေါင်ချိန် လာတိုင်းတာပါ။

ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်တော် သေခါနီးပြီလား” လို့ မေးလိုက်တယ်။

ဆရာမက မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ “အဲဒီလို မပြောနဲ့၊ အနားယူပါ နေကောင်းသွားလိမ့်မယ်။ ဆရာမက ပြောနေကျစကားကို ခပ်ပေါ့ပေါ့ပြောပြီး အခန်းထဲက ထွက်သွားတယ်။

သူတို့က အမှန်ပြောရမှာကို ကြောက်နေကြတယ်။ သေတယ်ဆိုတာ ကြောက်စရာလား။ ငါ့ဘဝမှာ အကြမ်းဆုံး လူမိုက်တွေနဲ့တောင် ရင်ဆိုင်ခဲ့ပြီးပြီ။ ငါ ဘယ်လိုလူဆိုတာ သူတို့သိရင် ငါ ဘာကိုမှ မကြောက်တတ်ဘူးဆိုတာ သူတို့ သိမှာပါ။

ဒါပေမယ့် သေရင်ပြီးပြီလား။ ဒီမေးခွန်းက အိပ်မပျော်တဲ့အချိန် တလျှောက်လုံး သူ့ကို ဒုက္ခပေးနေတယ်။ ဒီအကြောင်းတွေကို စိတ်မပူသင့်ဘူးလို့ သူ့ကိုယ်သူ ပြန်ပြောနေလည်းမရဘူး။ ထာဝရကာလထဲမှာ မေ့မျောနေမှာလား။ ဒါမှမဟုတ် သေပြီးရင် အသက်ဆက်ရှင်ရဦးမလား။ ဘုရားသခင်ဆိုတာ ရှိသလား။ မိဘတွေက ဘာသာမတူတော့ ဘာသာရေးအကြောင်း သိပ်မသိချင်ခဲ့ဘူး။ အဖေက ခရစ်ယာန်မဟုတ်၊ အမေကတော့ ခရစ်ယာန်။ ဘက်လည်းမလိုက်ချင်တော့ ငယ်ငယ်ကတည်းက ဘာသာရေးကို ကျောခိုင်းခဲ့တယ်။ အဲဒီတုန်းက ဘုရားသခင်၊ သေခြင်း၊ ကောင်းကင်နဲ့ငရဲ ဆိုတာတွေက လက်တွေ့မကျဘူး။ အသုံးမဝင်ဘူးလို့ ထင်ခဲ့တယ်။ ငယ်ငယ်တုန်းကပါ။ ဒါပေမယ့် အခုတော့ သေခြင်းတရားက သူ့ကို ချောင်ပိတ်မိထားပြီ။ အရင်က မတွေးခဲ့ဘူးတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သိချင်လာပြီ။

ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တယောက်တည်း မနေတတ်မထိုင်တတ် ဖြစ်လာတယ်။ အခန်းထဲကို သူနာပြုဆရာမတွေ ဝင်လိုက်ထွက်လိုက် လုပ်နေချိန်မှာ မျက်နှာကြက်က ပန်ကာတွေက တဝီဝီနဲ့ ပျင်းစရာကောင်းအောင် လည်နေတယ်။ ဒေးဗစ် မျက်လုံးမှိတ်ပြီး အိပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အိပ်မရဘူး။ ငါ ဘယ်ကလာသလဲ? ငါ ဒီလောကမှာ ဘာလုပ်နေသလဲ? ငါသေရင် ဘယ်ရောက်မလဲ? ဒီမေးခွန်းတွေက သူ့ကို ချောက်လှန့်နေတယ်။ ရှောင်လို့မရဘူး။ တခြားအကြောင်း တွေးဖို့ ကြိုးစားပေမယ့် မရဘူး။ သူ့ဝိညာဉ်က ဆောက်တည်ရာမရ ဖြစ်လာတယ်။ ငြိမ်သက်ခြင်း ကင်းမဲ့လာတယ်။ ဒီအဖြေတွေရဖို့ ငါ ဘယ်ကိုသွားရမှာပါလိမ့်။

ချက်ချင်း ခေါင်းအုံးအောက်မှာ အမေထိုးထားခဲ့တဲ့ ကျမ်းစာအုပ်ကို သတိရလိုက်တယ်။ ရှိသေးရဲ့လား မသိဘူး။ ညာလက်နဲ့ စမ်းလို့ တွေ့လိုက်တယ်။ အော- ရှိသေးတယ်ဟ။ ဆွဲထုတ်လိုက်တယ်။ ငါရှာနေတဲ့ အဖြေတွေများ ကျမ်းစာထဲမှာပါမလား။ ဘယ်နေရာမှာ ရှာရမယ်ဆိုတာတော့ သူမသိဘူး။ ဒီစာအုပ်ကလည်း စာမျက်နှာ တော်တော်များတာပဲ။ ဘယ်နေရာက စဖတ်ရမလဲ။ တွေ့ချင်ရာတွေ့ဆိုပြီး ကျမ်းစာအုပ်ကို ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်လုကာ ၂၃ တွေ့လိုက်ရတယ်။ အဲဒီကနေ စဖတ်လိုက်တယ်။

အဲဒီစာမျက်နှာမှာပါတဲ့ ကျမ်းစကားတွေဟာ သူ့ဘဝကို ပြောင်းလဲစေလိမ့်မယ်လို့ ဒေးဗစ် မရိပ်မိခဲ့ဘူး။